
နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ကောင်းကျိုးကို ရှေးရှု၍ စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင် လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်း ဆုတောင်းစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၂၃
၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်း ဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်း တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ကက်သလစ်ဆရာ တော်များ၊ ရဟန်းတော်များ၊ ကက်သလစ် သီလရှင်များ၊ ကက်သလစ် လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖ များ တက်ရောက်ကြသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် ကတ်သလစ် ဆရာတော်ကျောင်း တိုက်ခန်းမသို့ ရောက်ရှိကြရာ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော် ကြီး ကာဒီနယ် ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော် ကြီးတို့သည် ဧည့်ခန်းမဆောင်၌ သီးခြားတွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။
ထို့နောက် ဘုရားရှိခိုးကျောင်း ခန်းမတွင် ခရစ္စမတ်ဆုတောင်းပွဲ ကို ကျင်းပရာ ကက်သလစ် ဆရာတော်ကျောင်းတိုက် မိသားစု က ခရစ္စမတ် Carol သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ဂိုဏ်းချုပ်ဆရာ တော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကား မျှဝေပြောကြားရာ တွင် မင်္ဂလာရှိသော ခရစ္စမတ် အခါသမယတွင် ပျော်ရွှင်ခြင်း၊ သင့်မြတ်ခြင်းများဖြင့် ပြည့်စုံနိုင် ပါစေကြောင်း၊ မြန်မာ ပြည်သူ ပြည်သားအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိကြပြီး ခန္ဓာစိတ် ဝမ်း ငြိမ်းချမ်းကြပါစေကြောင်း၊ ငြိမ်းချမ်းသာယာ ဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝ နိုင်ကြပါစေကြောင်းဖြင့် ခရစ္စမတ် ဆုတောင်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်း ဆက်စကား ပြောကြားရာတွင် ခရစ္စမတ်နေ့ အထိမ်းအမှတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားများကို တက်ရောက် ခဲ့သည်မှာ ယခုအကြိမ်ဆိုပါက တတိယအကြိမ်ရှိပြီ ဖြစ်ပါ ကြောင်း၊ ခရစ်ယာန်ဘာသာဝင် တို့၏ အထွတ်အမြတ်ထားရာ ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်း ခြင်း၊ သာယာဝပြောခြင်း၊ ပျော်ရွှင် ချမ်းမြေ့ခြင်းတို့ဖြင့် ပြီးပြည့်စုံကြ ပါစေကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင် နှုန်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ခြောက် ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ ငါး ရာခိုင်နှုန်းကျော် ခန့်ရှိပြီး ကိန်းဂဏန်းအရ ကွဲလွဲမှု အနည်းငယ်ရှိနိုင်မည် ဖြစ်သော် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၂ နှင့် ၃၆၃ တို့တွင် ဘာသာရေးလွတ်လပ်ခွင့် နှင့် ကူညီစောင့်ရှောက်မှုတို့ အတွက် ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း၊ နိုင်ငံတော်၏ လူဦးရေ အများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာ နှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များ သည် နှစ်ပေါင်းများစွာကတည်းက ပင် အချင်းချင်း စည်းလုံးညီညွတ် စွာဖြင့် အမိနိုင်ငံတော်ကောင်းကျိုး ကို အတူတကွ ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်း၊ တပ်မတော် အနေဖြင့်လည်း နိုင်ငံတော် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း တို့ဖြင့် ပြည့်စုံစေရေးအတွက် အမျိုးသားနိုင်ငံရေး စောင့်ရှောက် မှုလုပ်ငန်းများတွင် တက်တက် ကြွကြွ ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မည်သို့မျှ ရှောင်လွှဲ၍ မရသည့် အခြေအနေ ဖြစ်ပေါ်လာသည့် အတွက် နိုင်ငံတော်၏တာဝန်များ ကို တပ်မတော်ကထမ်းဆောင်ခဲ့ ရခြင်းဖြစ်ကြောင်း၊ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်း စဉ်(၅)ရပ်ကို ချမှတ်၍ နိုင်ငံတော် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း။
မေတ္တာရပ်ခံတိုက်တွန်း
နိုင်ငံတော် အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုများအပြင် ဘာသာ ရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ကလည်း ကဏ္ဍ အသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ ငြိမ်းချမ်းလိုသည့်၊ ဖွံ့ဖြိုး တိုးတက်စေလိုသည့် စိတ်ဆန္ဒရှိ ရန် အဓိကအရေးကြီးပါကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများရေးသည် လည်း အဓိကကျသည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဦးစွာဆောင် ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်ကောင်း အောင် ဆောင်ရွက်မည်ဟူသည့် ဆန္ဒဖြင့် အသိတရား၊ သတိတရား တို့ဖြင့် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်း တစ်ခုချင်းအလိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နိုင် ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း လိုပါကြောင်း။
ဆုတောင်းစကားပြောကြား
ခရစ္စမတ်အခါသမယတွင် ခရစ် ယာန် ဘာသာဝင်များအားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း၊ နှစ်သစ်အခါသမယကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်းနှင့် သက်ဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ကောင်းကျိုး ကိုရှေးရှု၍ မေတ္တာနှလုံးသား၊ သည်းခံခွင့်လွှတ်သော စိတ်ထား များဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင် လုပ်ကိုင် ဆောင်ရွက်သွားကြစေလိုကြောင်း ဆုတောင်းစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီးတို့သည် ခရစ္စမတ်ကိတ်မုန့်ကို အတူတကွ လှီး၍ ဂုဏ်ပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ကက်သလစ် ဆရာတော်ကျောင်းတိုက်မိသားစု အား ခရစ္စမတ် အထိမ်းအမှတ် လက်ဆောင်နှင့် အလှူငွေများ ပေးအပ်ခဲ့ပြီး ရန်ကုန်ကက် သလစ်ဂိုဏ်းချုပ် သာသနာ ဂိုဏ်းချုပ် ဆရာတော်ကြီးကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ခရစ္စမတ် အထိမ်းမှတ် လက်ဆောင်များ ပြန်လည်ပေးအပ်သည်။
၎င်းနောက် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ လက်ထောက် ဆရာတော်ကြီး ဂျွန်စောယောဟန် က ခရစ္စမတ်ဆုမွန်ကောင်းစကားပြောကြား၍ ဆုတောင်းမေတ္တာ ပို့သပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်