နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်တွင်းထွက်ကုန်များကို ပြည်ပသို့ ကုန်ကြမ်းများ တင်ပို့ခြင်းထက် ကုန်ချောတင်ပို့ခြင်းများကိုသာ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဇွန်   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၂) ကို  ယနေ့   မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက်ရောက် အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊  ဦးသိန်းညွန့်၊  ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊  ဦးမောင်းဟာ၊   ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊   ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

 


ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေး 
ဆွေးနွေးပွဲများ ဖိတ်ခေါ်ဆောင်ရွက်နေမှု


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှင့်    ပတ်သက်၍      ဆွေးနွေးပြောကြားရာတွင် “ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး    ပြီးခဲ့တဲ့  ဧပြီလ ၂၂ ရက်နေ့က ကျွန်တော် ထာဝရငြိမ်းချမ်း ရေးကို အထောက်အကူရနိုင်ဖို့အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။ အဲဒီတော့ အဲဒီကြားထဲ မှာပဲ   လက်မှတ်မထိုးရသေးတဲ့    အဖွဲ့ထဲမှာရော၊ လက်မှတ်ထိုးပြီးသား အဖွဲ့ထဲမှာရော  အစည်းအဝေး ကို   အကြောင်းအမျိုးမျိုးကြောင့်   မတက်ဘူးလို့ သဘောထားထုတ်ပြန်ထားတဲ့အဖွဲ့ရှိတယ်။  ဘာမှ မပြောဘဲ ငြိမ်နေတဲ့အဖွဲ့လည်း ရှိတယ်။ အဲဒီအဖွဲ့တွေ ထဲမှာလည်း   တချို့ကလည်း   လာချင်ကြတယ်။ တကယ်ဆွေးနွေးတဲ့အခါကျတော့ သူတို့ထင်သလို၊ ထင်ထားသလို မဟုတ်ဘူး။ မဟုတ်တဲ့ အခါကျတော့ ဒါဆိုရင်တော့ သူတို့သွားပြီးတော့ ဆွေးနွေးလိုက်ရင် အကျိုးရှိမယ်ဆိုတဲ့  အမြင်မျိုးပေါ်လာတဲ့  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း    ရှိပါ တယ်။ အချို့ကလည်း ရှေ့က  ဆွေးနွေးသွားတဲ့အဖွဲ့ တွေကို  အရိပ်အခြည်ကြည့်ပြီးတော့မှ။   ဘာမှ မပြောဘဲနဲ့ ငြိမ်နေတဲ့အဖွဲ့တွေပေါ့။ သူတို့ကလည်း ရှင်းရှင်း ပြောရရင်တော့  လာချင်တဲ့   သဘောတော့ ရှိတယ်။  တစ်ဖွဲ့ဆိုရင်   ကျွန်တော့်ကိုကြားထဲမှာ ဆက်သွယ်ပါတယ်။ ကျွန်တော်တို့လည်း     ကျွန်တော် တို့   အချင်းချင်းတိုင်ပင်ပြီးတော့   တစ်နေ့ကပဲ ကြေညာချက်  တစ်စောင်ထပ်ပြီး  ထုတ်ပေးလိုက်ပါ တယ်။   လာနိုင်အောင်လို့ပါ။   တကယ်တော့  ကျွန်တော်တို့ကတော့     ငြိမ်းချမ်းရေးဖိတ်ခေါ်တယ် ဆိုတာ တိုင်းပြည်က  ကျွန်တော်တို့သွားနေတဲ့   နိုင်ငံ ရေးရည်မှန်းချက် နှစ်ချက်ရှိပါတယ်။ တစ်ချက်က တော့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာကျင့်သုံးရေးပါ။

 

ဒုတိယကတော့   ဒီမိုကရေစီနဲ့   ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး။ ဒါ နိုင်ငံ ရေး   ရည်မှန်းချက်နှစ်ခု။   မျှော်မှန်းချက်နှစ်ခုပါ။ ဒီအပေါ်မှာ ကျွန်တော်တို့ တပ်မတော်က ခိုင်ခိုင်မာမာ ရပ်တည်ထားတဲ့အတွက်ကြောင့် ဒီအပေါ်မှာ အခြေခံ ပြီးတော့   မည်သည့်သဘောထားကွဲလွဲတဲ့    အဖွဲ့ အစည်းမဆို ဆွေးနွေးလို့ရပါတယ်။ အထူးသဖြင့်  လက်နက်ကိုင်   တိုက်ခိုက်နေတဲ့အဖွဲ့တွေကိုတော့။ ဒီသဘောထားကြောင့်    ကျွန်တော်တို့က   ဒါတွေ လည်း ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။
“နောက်တစ်ခါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့   ပြည်ထောင်စုပေါ့လေ။  ဒီမိုကရေစီနဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးနှစ်ခု     ပေါင်းစပ်ထားတဲ့ ပြည်ထောင်စုကို   ကျွန်တော်တို့   သွားကြမယ်။ ဒီမိုကရေစီမှာလည်း တူညီတဲ့ ဒီမိုကရေစီအခွင့်အရေး ပေးရမှာ။ ဥပဒေအရပဲ ကျွန်တော်တို့  ပေးကြရတာ။ ဆိုလိုတာကတော့။ တူညီတဲ့ ဒီမိုကရေစီအခွင့်အရေး ပေးထားတယ်။ ဒီလိုပဲ ဖက်ဒရယ်လို့  ပြောလို့ရှိရင် လည်း။ အုပ်ချုပ်ရေးနဲ့  ပတ်သက်တဲ့   လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တာကို မျှဝေခံစားပြီးတော့ ခွင့်ပြုပေးတာပါ။ ခရိုင်အဆင့်ဆိုရင် ဘယ်လိုလုပ်မယ်။ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်ဆို ဘယ်လိုလုပ်မယ်။ ဒါမှမဟုတ် လို့ရှိရင်လည်း     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆို ဘာလုပ်မလဲ။   ပြည်ထောင်စုဆို   ဘာလုပ်မလဲ။ ကြွင်းကျန်အာဏာရပ်တွေဆို   ပြည်ထောင်စုက ဘယ်လိုကျင့်သုံးမလဲ    စသည်ဖြင့်    ဒါတွေကို ကျွန်တော်တို့က   ခွဲဝေသတ်မှတ်ပေးတာ။   ဒါကို မျှအောင်လုပ်ပေးရတာပါ။ ဒါ ဖက်ဒရယ်စနစ်ပါပဲ။ အကြမ်းဖျင်းပြောရလို့ရှိရင်။   ဒါပေမယ့်   ဖက်ဒရယ် စနစ်ဆိုသော်လည်းပဲ ကမ္ဘာမှာရှိတဲ့ ဖက်ဒရယ်နိုင်ငံ တွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံနဲ့ မတူကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကိုပဲ  ကျွန်တော် တို့ သွားမယ်။ အားလုံးကတော့ တူညီတဲ့အခွင့်အရေး ရ ရမယ်၊ ကျွန်တော် ဒီလိုခံယူပြီးတော့ ပြောခဲ့ရခြင်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

 


အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ထိန်းသိမ်းဆောင်ရွက်ခဲ့မှု


အကြမ်းဖက်တိုက်ခိုက်မှုများနှင့်  ပတ်သက်၍ ၂၀၂၁ ခုနှစ် မတ် ၃ ရက်မှ စတင်ဖြစ်ပေါ်ခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏    အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း   ၁၁၀၀  ကျော်ရှိခဲ့ကြောင်း၊    အဆိုပါ အကြမ်းဖက်သမားများကို   အရေးယူဆောင်ရွက် ခဲ့မှုအနေဖြင့် ဇွန် ၁၅ ရက်အထိ ဖြစ်စဉ်ပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ ပစ္စတို ၃၀၁ လက်၊ မောင်းပြန်လက်နက်မျိုးစုံ ၇၀၇ လက်၊ တူမီးသေနတ် ၆၇၂ လက်၊ လက်လုပ်သေနတ် ၁၈၇၀ ၊ လက်လုပ် စိန်ပြောင်းမျိုးစုံ ၆၅၃ လက် စုစုပေါင်း လက်နက်မျိုးစုံ ၄၂၀၃ လက်ရရှိခဲ့ကြောင်း၊ အဆိုပါလက်နက်များမှ မောင်းပြန်   လက်နက်အများစုသည်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ထံမှ ဖြစ်သည်ကို တွေ့ရှိရပြီး အချို့လက်နက်များမှာ ပြည်ပနိုင်ငံများမှ တင်သွင်းထားခြင်းဖြစ်သည်ကို   တွေ့ရှိရကြောင်း၊ အကြမ်းဖက်မှုများကို  နှိမ်နင်းဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊   အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများမှ   ဝန်ထမ်းများနှင့်   တာဝန်သိ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုများ  လည်းရှိခဲ့သဖြင့် ထိုက်သင့်သည့် ခံစားခွင့်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


တရားဥပဒေစိုးမိုးရေးအရ အကြမ်းဖက်သမား များနှင့်   ဆက်စပ်လျက်ရှိသူများကို   အရေးယူ ဆောင်ရွက်မှုများ   ပြုလုပ်လျက်ရှိကြောင်း၊   မိမိ တာဝန်ယူချိန်နောက်ပိုင်းတွင် ပြစ်ဒဏ်ကျခံနေရသူ များကို   လွတ်ငြိမ်းချမ်းသာခွင့်များ    အကြိမ်ကြိမ် ပေးခဲ့ကြောင်း၊ သို့သော် အချို့သူများသည် အကြမ်း ဖက်မှုနှင့်   ဖောက်ခွဲဖျက်ဆီးမှုများတွင်    ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခြင်း၊   အားပေးကူညီခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့်    ဖမ်းဆီးထိန်းသိမ်း၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊      ထို့ပြင် အချို့သော  အကြမ်းဖက်လုပ်ရပ်များကို လွန်လွန် ကျူးကျူး ဆောင်ရွက်ခဲ့သူများအား ထိရောက်သော ပြစ်ဒဏ်များ   ချမှတ်ခဲ့ပြီး     ဆက်လက်၍လည်း ထိရောက်သောပြစ်ဒဏ်များ   ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 


စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မှု


စီးပွားရေးနှင့်ပတ်သက်၍   မိမိတာဝန်ယူချိန် ကာလအတွင်း   ကြပ်ကြပ်မတ်မတ်ဖြင့်   ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင်  ကုန်သွယ်ရေးလိုငွေများ  ရှိခဲ့ ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများတွင် မိမိတို့နိုင်ငံ၏ သဘောသဘာဝအရ အစိုးရမှပါဝင်ဆောင်ရွက်လျက် ရှိသည့်   အခန်းကဏ္ဍများ၊   လုပ်ငန်းများရှိသကဲ့သို့ ပုဂ္ဂလိကမှ   ဆောင်ရွက်လျက်ရှိသည့်    ကုန်ထုတ် လုပ်ငန်းများလည်းရှိကြောင်း၊   အဆိုပါကာလများ အတွင်း   အစိုးရအနေဖြင့်    ကုန်သွယ်မှုပိုငွေများ ဖြစ်ပေါ်သော်လည်း  ပုဂ္ဂလိကအနေဖြင့် ကုန်သွယ်မှု လိုငွေများဖြစ်ပေါ်ခဲ့သည်ကို     တွေ့ရှိရကြောင်း၊ အဆိုပါငွေကြေးများမှာအစိုးရမှ ရရှိသည့်ငွေကြေး များနှင့်   အခြားသော   အကြောင်းအမျိုးမျိုးကြောင့် ရရှိသည့်     ငွေကြေးများဖြစ်သဖြင့်      သတိထား ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတာဝန်ယူ ဆောင်ရွက်ချိန်တွင်    ကုန်သွယ်မှုနှင့်ပတ်သက်၍ အချို့သော မလိုအပ်သည့်ပစ္စည်းများ တင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ပြီး လိုအပ်သည့် ကုန်ပစ္စည်း များကိုသာ  တင်သွင်းစေခဲ့ကြောင်း၊   ၂၀၂၁   ခုနှစ် ဖေဖော်ဝါရီမှစ၍ ၂၀၂၂ ခုနှစ်မေလအထိ ကုန်သွယ် မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၁၄၀ သန်းဖြစ်ပေါ်ခဲ့ ကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ပြန်လည်ပေးဆပ်ရန်အတွက် ချေးငွေများရှိနေသေး ကြောင်း၊  နိုင်ငံအတွက်     ဝင်ငွေများရရှိအောင် ဆောင်ရွက်ရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်   ပုဂ္ဂလိကပို့ကုန်များ     မြှင့်တင်ပေးနိုင်ရန် အတွက်   ပုဂ္ဂလိကပို့ကုန်လုပ်ငန်းများ     တိုးမြှင့် ဆောင်ရွက်နိုင်ရေး    မိမိတို့အနေဖြင့်    ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊      မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်လာစေရန် အားပေး ကြောင်း၊  ပြည်တွင်းထွက်ကုန်များကို  ပြည်ပသို့ ကုန်ကြမ်းများ တင်ပို့ခြင်းထက်  ကုန်ချောတင်ပို့ ခြင်းများကိုသာ ဆောင်ရွက်လျက်ရှိကြောင်း။

 


ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ဆောင်ရွက်နေမှု


ဘဏ်လုပ်ငန်းများနှင့်   ပတ်သက်၍   မိမိတို့ တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေးအရ ဆူပူမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်  ဘဏ်လုပ်ငန်းများ  တုံ့ဆိုင်း သွားခဲ့ကြောင်း၊ စိုးရိမ်ပူပန်မှုများကြောင့် အပ်ငွေများ ပြန်လည်ထုတ်ယူခြင်း၊ စီးပွားရေးအရ တိုက်ခိုက်ရန်  အတွက် ဘဏ်များရှိ ပိုက်ဆံများကို ထုတ်ယူခြင်းနှင့် ငွေကြေးထုတ်ယူခြင်းများကို သတ်မှတ်စည်းကမ်း များအတိုင်း ဆောင်ရွက်မှုမပြုခြင်းများ  ဖြစ်ပေါ်ခဲ့ သဖြင့်   ဘဏ်များ   ပြိုလဲမှုမရှိစေရေး   ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ယခု ဇန်နဝါရီလ မှစ၍ ဘဏ်လုပ်ငန်းများ ပုံမှန်အခြေအနေနီးပါး ပြန်လည်လည်ပတ်နိုင်ပြီဟု    ဆိုနိုင်သော်လည်း အချို့သောဘဏ်များ ပြန်လည်ဖွင့်လှစ်ရန်အတွက် ဝန်ထမ်း အခက်အခဲများကြောင့်    ဖွင့်လှစ်နိုင်မှု အားနည်းနေသည်ကို    တွေ့ရှိရကြောင်း၊   ဘဏ် လုပ်ငန်းများ    ပုံမှန်ပြန်လည်    လည်ပတ်နိုင်ရေး    ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

 


ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိမှု


မိမိတို့အနေဖြင့် မဖြစ်မနေဆောင်ရွက်ရသည်မှာ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးပင်ဖြစ်ကြောင်း၊    ပညာသင်ကြားနိုင်ရေး အတွက် ၂၀၂၁ ခုနှစ်တွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုများကြောင့် ပြန်လည်ပိတ်ထားခဲ့ရမှုများလည်းရှိကြောင်း၊ ယခုနှစ် တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ များ တိုးတက်လာခဲ့ပြီး ယခုအချိန်အထိ ၆ ဒသမ ၇ သန်းခန့် ကျောင်းအပ်နှံပြီး ၆ ဒသမ ၃ သန်းခန့် ကျောင်းတက်ရောက်လျက်ရှိသဖြင့် ၉၄ ဒသမ ၁ ရာခိုင်နှုန်း    တက်ရောက်ပညာသင်ကြားလျက်ရှိ ကြောင်း၊  အချို့သောမိဘများမှာ  ပညာရေးအားပေးမှု အားနည်းသည်ကို   တွေ့ရှိရကြောင်း၊    တန်းစဉ် ကူးပြောင်းမှုအနေဖြင့်    ကျောင်းနေသူများအနက် သူငယ်တန်းမှ  စတုတ္ထတန်းအထိ   ပညာသင်ကြား သူမှာ ၆၀ ရာခိုင်နှုန်းခန့်သာရှိပြီး အလယ်တန်းပညာ ပြီးဆုံးသူမှာ  ၅၀  ရာခိုင်နှုန်းခန့်သာ   ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများကို သက်ဆိုင်ရာဘွဲ့ များအလိုက်   ခံစားခွင့်များ   ပေးလျက်ရှိသကဲ့သို့ ကျောင်းအုပ်ချုပ်ရေးတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်များ အားလုံးကို လစာ၏ ၁၀ ရာခိုင်နှုန်းကို  လစဉ်ခံစား ခွင့်ပေးထားကြောင်း၊ အလားတူ  အခြားတက္ကသိုလ် ကျောင်းများကိုလည်း ခံစားခွင့်များပေးထားကြောင်း၊ ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ယခင်နှစ်ထက် အရေအတွက် ပိုမိုများပြားစွာ ပညာ သင်ကြားလျက်ရှိသဖြင့်   နိုင်ငံအတွက်ကောင်းမွန် သည့် လက္ခဏာတစ်ခုပင်ဖြစ်ကြောင်း။

 


ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ဆေးများ ထိုးနှံပေးမှု


ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ ယခုလအတွင်း ရောဂါတွေ့ရှိမှုမှာ ပျမ်းမျှအားဖြင့် ၀ ဒသမ ၁၄ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရကြောင်း၊ စတင်ဖြစ်ပွားချိန်မှ ယခုလ ၁၅ ရက်အထိ ကိုဗစ် - ၁၉ ရောဂါတွေ့ရှိမှုမှာ ၆၁၃၄၆၄ ဦး၊ သေဆုံးသူ ၁၉၄၃၄ ဦးဖြစ်ပြီး ယခုလအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမရှိကြောင်း၊ စတင်ဖြစ်ပွားချိန်မှ ယနေ့ အထိ ပိုးတွေ့မှုရာခိုင်နှုန်းမှာ ပျမ်းမျှအားဖြင့် ၀ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိကြောင်း၊ ကမ္ဘာပေါ်တွင် အချို့ နိုင်ငံများ၌   ယနေ့အချိန်အထိ   ဖြစ်ပွားလျက်ရှိပြီး လက်ရှိအချိန်အထိ ၅၉၂ သန်းခန့်နှင့် သေဆုံးမှုအနေ ဖြင့် ၆ သန်း ၃ သိန်း ကျော်ရှိပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ကူးစက်မှုနှုန်းများစွာနည်းပါးပြီး ထိုသို့ နည်းပါးရခြင်းမှာ   ပြည်သူများ၏   ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊   နိုင်ငံ့ဝန်ထမ်းများနှင့်   အငြိမ်းစား ဝန်ထမ်းများ၏ အားကျိုးမာန်တက်  ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုများကြောင့်ဖြစ်ကြောင်း၊   သို့သော် မိမိတို့အနေဖြင့်   အချို့သော  ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရန် လိုအပ်နေသေး သည့်အတွက်   အချို့စည်းကမ်းများကို  ဆက်လက် ထားရှိခဲ့ကြောင်း၊ ကူးစက်မှုများ ထပ်မံကျဆင်းသွားပါ က စည်းကမ်းချက်များကို ထပ်မံလျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့်ပတ်သက်၍ ဝယ်ယူ မှုနှင့် လှူဒါန်းမှုများမှ ကာကွယ်ဆေးစုစုပေါင်း ၇၈ ဒသမ ၂ သန်းရှိပြီး ထိုးနှံပြီးစီးမှု အနေဖြင့် ၆၄ သန်း ထိုးနှံပြီးဖြစ်ကြောင်း၊  ကာကွယ်ဆေးများ   ထပ်မံ ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး   ထိုးနှံရန်  ကျန်ရှိ သည့်    ဒေသများတွင်    ထပ်မံထိုးနှံနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းအလိုက် တာဝန်ရှိသူများအနေဖြင့်လည်း တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း။

 


အားကစားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်လျက်ရှိမှု


(၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင်  ဆုရရှိခဲ့သူများကို   ထိုက်တန်စွာဖြင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အဆိုပါ ဆုရရှိခဲ့ သူများထဲမှ   ရွှေတံဆိပ်ရရှိသူများအား   မော်တော် ယာဉ်များ   အထူးကိစ္စဖြင့်  ဝယ်ယူခွင့်ကို   ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း၊  ရွှေတံဆိပ်ရရှိပါက   မိမိတို့ နိုင်ငံ၏အလံကို   အခြားနိုင်ငံအလံများ၏အပေါ်မှ လွှင့်တင်နိုင်ပြီး    နိုင်ငံ့ဂုဏ်ကို    မြှင့်တင်နိုင်မည် ဖြစ်သဖြင့်  ရွှေတံဆိပ်ရရှိအောင်  စွမ်းဆောင်ခဲ့သူ များကို ယခုကဲ့သို့   အထူးအခွင့်အလမ်းများပေးခြင်း ဖြစ်ကြောင်း၊ နောင်လာမည့်   (၃၂)   ကြိမ်မြောက် အရှေ့တောင်အာရှ    အားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရရှိနိုင်ရေး၊ အားကစားသမားများ အနေဖြင့် အစွမ်းကုန် လေ့ကျင့်အားထုတ် ကြိုးပမ်း လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အားကစားပြိုင်ပွဲ များတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ကြိုးစား အားထုတ်နိုင်စေရေးအတွက်     မိမိတို့အနေဖြင့် အားကစားကဏ္ဍကို   အားပေးဆောင်ရွက်နေခြင်း ပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်လျက် ရှိသည့်အပြင်    စိန်ရတုလွတ်လပ်ရေးနေ့    အထိမ်း အမှတ် အားကစားပြိုင်ပွဲများကိုလည်း နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ  အားကစားပြိုင်ပွဲများမှ  ထွက်ရှိ လာသည့်   စံချိန်ကောင်းမွန်သည့်    အားကစား သမားများကို    ရွေးချယ်၍    နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် အားဖြည့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 


စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်မှု


မိမိတို့နိုင်ငံတွင်     အများဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းမှာ  စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်ငန်းသည်   အဓိကကျ ကြောင်း၊  အခြားလုပ်ငန်းများမှာ   ရင်းနှီးမြှုပ်နှံငွေ၊ လျှပ်စစ်ဓာတ်အားနှင့်   လူသားအရင်းအမြစ်များ အပါအဝင် အခြားအရင်းအမြစ်များ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ဧကပေါင်း ၃၃ သန်းခန့်ရှိပြီး သီးထပ်စိုက်ဧက ၁၁ ဒသမ ၇ သန်း၊  သီးညှပ်စိုက်ဧက ၃၄ သန်းကျော်   ရှိသဖြင့်   စုစုပေါင်း   စိုက်ဧက ၄၈  သန်းကျော်ရှိကြောင်း၊ စိုက်ဧကများအားလုံးတွင် သီးထပ်စိုက်ပျိုးမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးထွက်ကုန်များ   ပိုမိုတိုးတက်လာမည့် အပြင်   အလုပ်အကိုင်   အခွင့်အလမ်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း။

 


သန်းခေါင်စာရင်းအရ   မိမိတို့နိုင်ငံတွင်    နိုင်ငံ့ လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ ဖြစ်ကြပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင် ဆောင်ရွက်၍  ၎င်းတို့၏လုပ်အားများကို  အသုံးချနိုင် ရန်လိုကြောင်း၊ ရှိပြီးမြေများပေါ်တွင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အကျိုးရှိရှိ   ဆောင်ရွက်နိုင်မည် ဆိုပါက     စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့  တင်ပို့ရောင်းချနိုင် မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မြေများ လုံလောက်စွာရှိကြောင်း၊ ရှိပြီးစိုက်ဧကများ တိုးချဲ့ခြင်းထက်  အထွက်နှုန်းများ  တိုးတက်အောင် ဆောင်ရွက်နိုင်ပါက နိုင်ငံအတွက်များစွာအကျိုးရှိ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်း  စသည်တို့သည်  အဓိကကျကြောင်း၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်များရရှိအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို    တွေ့ရှိရပြီး ဆက်လက်သုတေသနပြုလုပ်ရန်အတွက် မိမိအနေ ဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း။

 


မွေးမြူရေးနှင့်ပတ်သက်၍     မိမိတို့နိုင်ငံတွင် နွားအကောင်ရေ ၁၀ သန်းကျော်ခန့်ရှိပြီး အခြား ကျွဲ၊ ဝက်၊   ကြက်များလည်း    အရေအတွက်များစွာ ရှိကြောင်း၊  အဆိုပါ   မွေးမြူရေးလုပ်ငန်းများကို အကျိုးရှိရှိ   အသုံးချရန်လိုကြောင်း၊   မွေးမြူရေး လုပ်ငန်းများမှ  ထွက်ရှိသည့်  စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးအတွက်  လိုအပ်သည့်   ဇီဝမြေဩဇာများ ရရှိရေး   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ    ဆောင်ရွက်ရန်အတွက်  Skill Labor များနှင့် ပညာရှင်များလည်း  လိုအပ် ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် သင်တန်းကျောင်းများနှင့် တက္ကသိုလ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများ အသုံးပြုခြင်း ထက် ခေတ်မီနည်းစနစ်များ ပြောင်းလဲအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို     အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ 

 


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လာမည့် နှစ်နှစ် သုံးနှစ်အတွင်း တိုးတက်ကောင်းမွန်လာမည်ဆိုပါက လာမည့် ငါးနှစ်တာကာလခန့်အတွင်း  မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ် ကြောင်း၊   စိုက်ပျိုးရေးလုပ်ငန်းများ   အောင်မြင် ဖြစ်ထွန်းစေရေးအတွက်      ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး    ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျောက်မီးသွေးအသုံးပြု၍   ဓာတ်မြေ ဩဇာထုတ်လုပ်ပြီး ယင်းမှစွန့်ပစ်အပူဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သဖြင့်    ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝ ဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်သွား မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ် ကြောင်း၊ ရေသုံးစွဲမှု နှင့်ပတ်သက်၍ သဘာဝရေချိုကို အကျိုးရှိစွာ   အသုံးချရန်လိုကြောင်း၊    မြန်မာနိုင်ငံ အထက်ပိုင်းအညာဒေသများတွင်     မိုးနည်းပြီး ရေရှားပါးမှုများဖြစ်ပေါ်သည့် ဒေသများ ရှိသကဲ့သို့ မိုးများသည့်      အရပ်ဒေသများဖြစ်သည့်   ရခိုင်၊ တနင်္သာရီတို့တွင် ရေချိုရှားပါးမှုများ  ဖြစ်ပေါ်လျက် ရှိကြောင်း၊  ရေချိုရှားပါးမှုလျှော့ချနိုင်ရေး   မိုးရေ လှောင်ကန်များ ပြုလုပ်၍ ဆောင်ရွက်ကြရန် လိုအပ် သကဲ့သို့ သဘာဝရေအရင်းအမြစ်များကို အကျိုးရှိ စွာဖြင့် အသုံးချရန်လိုကြောင်း၊  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို  စနစ်တကျဖြင့်    ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

 


ထို့နောက်     ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဦးမောင်းဟာနှင့်  စောဒန်နီယယ်တို့က   သာသနာ့ နွယ်ဝင် ရဟန်းသံဃာများ၊   ကိုရင်နှင့်   သီလရှင်များ အကြမ်းဖက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးနိုင် ရေးအတွက်   ဥပဒေပြဋ္ဌာန်းနိုင်ရေး၊   မြို့ပြနှင့် ကျေးလက် ဒေသများတွင် ဆရာဝန်လိုအပ်ချက်ကို အထောက်အကူပြုနိုင်ရေးအတွက်  ကျန်းမာရေးမှူး များ ဖြည့်တင်းခန့်ထားပေးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းထားသော တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ ပါတီနိုင်ငံရေး ကင်းရှင်းစေရေး၊  ကမ္ဘောဒီးယားနိုင်ငံတွင်  ကျင်းပ သွားမည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း      ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာ  နိုင်ငံတကာ  အားကစားအဖွဲ့များနှင့် လိုအပ်သည့် ကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ အားကစားအဖွဲ့ချုပ်များ ပြန်လည်စိစစ် ဖွဲ့စည်းဆောင်ရွက်ရေး၊    စာသင်ကျောင်းများတွင် လူငယ်အသိပညာမြှင့်တင်ရေး    ဆွေးနွေးပွဲများ စဉ်ဆက်မပြတ်   ဆောင်ရွက်ရေး၊   တရားဝင်ဖွဲ့စည်း ထူထောင်ထားသော နိုင်ငံရေးပါတီများ ရပ်တည်နိုင် ရေးအတွက်  လိုအပ်နေသည့်  အခက်အခဲများကို သက်ဆိုင်ရာက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးရေး၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ကန်တော်ကြီး ရေသွယ်ယူရရှိရေးအတွက်   လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ မင်းတပ်ဒေသမှ ပင်စင်စားများ  အငြိမ်းစားလစာ   ထုတ်ယူနိုင်ရေး အတွက် ကာလသတ်မှတ်ချက်များကို ဖြေလျှော့ပေး ရေး၊ ကျောင်းသားများ လုံခြုံအေးချမ်းစွာ  စာသင် ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာခဲ့ရသည့်  အခြေခံအလုပ် သမားများ  နိုင်ငံကူး  Passport   ပြုလုပ်ရာတွင် မြန်မြန်ဆန်ဆန်ရရှိစေရေး၊     ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် ဆွေးနွေးညှိနှိုင်းနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

 


ဆွေးနွေးတင်ပြချက်များနှင့်         စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သာသနာ့နွယ်ဝင်များအား အကြမ်း ဖက် သတ်ဖြတ်သူများကို ထိရောက်သည့် ပြစ်ဒဏ် များချမှတ်နိုင်ရန်    အထူးတရားရုံးများဖွဲ့စည်း၍ အမြင့်ဆုံး   ပြစ်ဒဏ်ပေးရေး   ဆောင်ရွက်လျက်ရှိ ကြောင်း၊   နိုင်ငံရေးပါတီများနှင့်   ပတ်သက်၍ ရွေးကောက်ပွဲဥပဒေနှင့်  နိုင်ငံရေးပါတီများ  မှတ်ပုံ တင်ခြင်းဥပဒေများတွင် သင့်လျော်သလို ပြင်ဆင်ပြီး မှသာ   အဆိုပါ   ဥပဒေသတ်မှတ်ချက်များအတိုင်း စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနှင့်ပတ်သက်၍    မြို့ပြ နှင့်ကျေးလက်    ဆရာဝန်လိုအပ်ချက်များအတွက် လက်ထောက်ကျန်းမာရေးမှူးများ ဖြည့်တင်းနိုင်ရေး နှင့်  လူ့စွမ်းအားအရင်းအမြစ်   ပြည့်မီရေးအတွက် စီမံချက်ချ       ဆောင်ရွက်လျက်ရှိကြောင်း၊     ကမ္ဘော ဒီးယားနိုင်ငံတွင်ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင်    မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် များ ပြန်လည်ဖွဲ့စည်းရေးအတွက် လည်း သက်ဆိုင်ရာဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင်   လူငယ် အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲများ  ဆောင်ရွက် နိုင်ရေး   ကျောင်းဖွင့်ရာသီ   နောက်ပိုင်းတွင်   စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 


ရေနှင့်ပတ်သက်၍ ရေရှားပါးသည့်ဒေသများ တွင်   မိုးရေစုဆောင်း၍ အသုံးပြုသည့်  နည်းလမ်း၊ မြေအောက်ရေ ထိန်းသိမ်းသိုလှောင်အသုံးပြုသည့် နည်းလမ်းများ ကြံဆဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်တွေမြို့ ကန်တော်ကြီး ရေရရှိရေးနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများ Passport ရရှိရန် ကြန့်ကြာနေ ရခြင်းသည် ယခုကာလတွင် ပြည်ပထွက်ခွာမှုများပြား နေသည့်အတွက်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံသားများ တတ်နိုင်သမျှ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်နိုင်ရန် အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့   ဖော်ဆောင်ပေးခြင်း ဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊    ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက်  ပါဝင်သင့်   ပါဝင်ထိုက်သူများ ကို ဖိတ်ခေါ်ဆွေးနွေးသွားရန်လိုကြောင်း  ပြန်လည် ဆွေးနွေးပြောကြားသည်။   

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်   နိုင်ငံ၏လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ခရိုင်အဆင့်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး   သက်ဆိုင်ရာ   ဝန်ကြီးဌာနများနှင့် ဆွေးနွေးနေကြောင်း၊  အဆိုပါ ကျောင်းများမှ ထူးချွန် စွာအောင်မြင်သူများကို   စိုက်ပျိုး၊   မွေးမြူရေးနှင့် နည်းပညာ သိပ္ပံကျောင်း၊ ယင်းမှတစ်ဆင့် ကောလိပ် နှင့်   တက္ကသိုလ်တို့သို့     ဝင်ခွင့်စာမေးပွဲဖြေဆို၍ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊   သို့မှသာ    စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်  လူသားအရင်း အမြစ်များ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။ 

 


ရေလုံလောက်စွာရရှိရေးနှင့်စပ်လျဉ်း၍ လိုအပ် ချက်ရှိသည့်   ဒေသများတွင်   နိုင်ငံတော်အပိုင်းက တတ်နိုင်သမျှ   စီမံဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ မြို့အလိုက်၊  ရပ်ကွက်အလိုက်၊   နေအိမ် အလိုက်လည်း မိုးရေခံရေကန်၊ ရေစုကန်၊ ရေလှောင် ကန်များ တည်ဆောက်သုံးစွဲရန် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စုဆောင်းထားသည့် ရေများကိုလည်း အလေအလွင့်မဖြစ်စေရန်    ချွေတာသုံးစွဲကြရန် လိုကြောင်း။

 


ပညာရေးနှင့်ပတ်သက်ပြီး     စိန်ခေါ်မှုများစွာ ရှိကြောင်း၊   ဒီမိုကရေစီစနစ်တွင်   ပညာရေးသည် အရေးပါသည့်ကဏ္ဍမှ  ပါဝင်ကြောင်း၊   ကျောင်းနေ အရွယ် ကလေးတိုင်း KG +9 အဆင့် တတ်မြောက်ရန် လိုကြောင်း၊  ပညာသင်ယူမှု   အခွင့်အလမ်းများရရှိ အောင် ဖန်တီးပေးရန်လိုကြောင်း၊ ယင်းမှ  အသက် မွေးဝမ်းကျောင်းပညာရေးစနစ်သို့      ဆက်လက် ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်     တာဝန်ရှိသူများအနေဖြင့် တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်