
နေပြည်တော် ဒီဇင်ဘာ ၁၇
၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ Jeng Phang နော်တောင်၊ ဦးစိုင်း လုံးဆိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် ပြပွဲ၌ ရောင်းချရန် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများနှင့်ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယနေ့ ပြုလုပ်သည့် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တွင် ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ ကို ပြသသွားမည်ဖြစ်ပြီး ပုလဲအတွဲများကို ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲများကို ၂၀ ရက်မှ ၂၂ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း အသီးသီးရောင်းချပေးသွားမည်ပြီး ပုလဲအတွဲများ နှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်