နေပြည်တော် အောက်တိုဘာ ၁
နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ အမျိုးသမီးရေးရာနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစား ရဲအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျဆုံးခဲ့ကြသောရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသောအားဖြင့် (၁)မိနစ်ငြိမ်သက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူ များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြ သော ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြု သောအားဖြင့် (၁)မိနစ်ငြိမ်သက်ကြသည်။
၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဟု ပြင်ဆင်သတ်မှတ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ တော်လှန်ရေး ကောင်စီခေတ် ၁၉၆၄ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်နေ့တွင် “ပြည်သူ့ ရဲတပ်ဖွဲ့” ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲ့နေ့အဖြစ်လည်း စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့” ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ နှစ် (၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
တို့တာဝန်အရေး(၃)ပါးကို ဦးထိပ် ပန်ဆင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေးတို့ကို အလေးထားဆက်လက် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးကိုလည်း ပြည်သူနှင့်အတူ လက်တွဲပြီး ဆောင်ရွက်ရန် အလေးထားမှာကြားလိုကြောင်း။
ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၆)ရပ်ကို
အကောင်အထည်ဖော်ဆောင်ရွက်ရမည်
ထို့ပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ် တားဆီးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်နှင့် ပြစ်မှုများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများ စုံစမ်း ဖော်ထုတ် တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် လုပ်ငန်းတာဝန်(၆)ရပ်ကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တားဆီးနှိမ်နင်းရာတွင် သတင်းလက်ဦးမှု ရယူဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်း ငါးနိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices-BLOs) ကွန်ရက်စနစ်တည်ထောင်ပြီး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အပြန်အလှန် မျှဝေဖလှယ်နိုင်ရေးအတွက် BLO အစည်းအဝေးများကိုလည်း အခါအားလျော်စွာ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၄၄၃၃ ဦးတို့ကိုလည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ပြည်နှင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အထူးစစ်ဆင်ရေး “Operation 39/24 (2024)” ကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အနေဖြင့် အမှုပေါင်း ၃၈၃၂ မှု၊ တရားခံ ၅၂၈၆ ဦး စုစုပေါင်း တန်ဖိုး ငွေကျပ်ဘီလီယံ ၇၅၀ ကျော်ရှိသည့် မူးယစ် ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု များကို ထိရောက်စွာ အရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ သစ်ကို ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ် လအထိ လူကုန်ကူးမှု ၂၇ မှုမှ တရားခံ ကျား ၃၀ ဦး၊ မ ၆၆ ဦး စုစုပေါင်း ၉၆ ဦး အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ကျား ၅ ဦး၊ မ ၄၄ ဦး စုစုပေါင်း ၄၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ဒေသတွင်း လူကုန်ကူး မှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေး စီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL)တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ထိရောက် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
တပ်ဖွဲ့ဝင်များ၏တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိ အမှတ်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့် ပေးလျက်ရှိကြောင်း၊ မိမိကျရာ ကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွား ခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူလေးစား အသိအမှတ်ပြု သည်ကို ပြောကြားလိုကြောင်း။
စွမ်းရည်သတ္တိနှင့်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့ရာတွင် ရဲသူရတံဆိပ် ၁၀ ဦး၊ ရဲဗလတံဆိပ် ၁၃၂ ဦး၊ ရဲကျော်သူတံဆိပ် နှစ်ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) တစ်ဦး၊ ရဲမှုထမ်း ကောင်းတံဆိပ် ၃၈၉ ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၇၈၆ ဦး၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင် တံဆိပ် ၂၇၆၅ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၆၇ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၅၇ ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ် ၅၆၄၂ ဦး စုစုပေါင်း ၉၈၅၁ ဦးကို ချီးမြှင့်ပေးခဲ့ကြောင်း။
ပြည်ထောင်စုတစ်ဝန်းလုံးတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှုမရှိအောင် ကြိုတင်ကာကွယ်ရေး၊ ပြစ်မှုကျူးလွန်ပါကလည်း တရားခံများကို ချက်ချင်းစုံစမ်း ဖော်ထုတ်ဖမ်းဆီးပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ် ကျခံနိုင်ရေးတို့ကို တရားဥပဒေနှင့် အညီ စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သစ္စာ၊ သမာဓိ၊ သတ္တိ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူက အထင်ကြီးလေးစားပြီး ဂုဏ်ယူအားကိုးရသည့် စွမ်းရည်ရှိသည့် ရဲတပ်ဖွဲ့ဖြစ်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းထမ်းဆောင်သွားကြရန် အထူးတိုက်တွန်း မှာကြားလိုကြောင်း။
ပြည်သူကလေးစားအားကိုးသည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေးကြိုးပမ်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝ ရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်များနှင့် တည်ဆောက်ရာတွင် အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေး၊ စွမ်းရည်ပြည့်ဝရေးနှင့် တာဝန်ကျေပွန်ရေး စသည်များကို စဉ်ဆက်မပြတ် ဆက်လက်ခံယူ လေ့ကျင့်ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုနှင့် ကျေပွန်စွာ ထမ်းဆောင်ရင်း ဂုဏ်သိက္ခာမြင့်မားပြီး ပြည်သူက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရည်မှန်းချက် တာဝန်(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၆)ရပ်တို့ကို အောင်မြင်အောင် ကြိုးစားအကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် နှစ် (၆၀) ပြည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် လေးဦးကိုလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စွမ်းရည် သတ္တိဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် သုံးဦးကို လည်းကောင်း၊ ကောင်စီဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူတပ်ဖွဲ့ဝင် နှစ်ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူတပ်ဖွဲ့ဝင်တစ်ဦးကို လည်းကောင်း ဂုဏ်ထူး ဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရုပ်လုံးရုပ်ကြွများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာဆိုင်ရာပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးရေးစက်များနှင့် ပြခန်းများ အတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်