နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ဩဝါဒါစရိယ၊ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညို ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ တင်ပြလျှောက်ထား

 

နေပြည်တော်    ဒီဇင်ဘာ    ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊  ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးမောင်မောင်အုန်း၊ ဦးကိုကို၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင်      ရန်ကုန်တိုင်းဒေသကြီး    အင်းစိန်မြို့နယ်ရှိ  အင်းစိန်ရွာမ  ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍      အင်းစိန်ရွာမ ဆရာတော်ကြီးအား   ဖူးမြော်ကြည်ညိုကာ      စာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များနှင့် စာသင်သားသံဃာတော်များအတွက်  တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။

 


ဖူးမြော်ကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  အဖွဲ့ဝင်များသည်   နိုင်ငံတော်ဩဝါဒါစရိယ၊  ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ အင်းစိန်ရွာမဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တိလောကာဘိဝံသအား ဖူးမြော်ကြည်ညိုကြသည်။ 

 


ဦးစွာတင်ပြလျှောက်ထား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က    အင်းစိန်ရွာမဆရာတော်ကြီးထံ     နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်       ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး   တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒါများ၊ သာသနာတော် ထုံး၊   ရုပ်ပွားဆင်းတုတော်ထုံး၊    မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိသည့် အခြေအနေ၊ ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးလာ မိဘပြည်သူများဖူးမြော်ရာ၌ ပိဋကတ် သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော်ကြည်ညို ပူဇော်နိုင်ရေး၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွား ရေး၊ ခေတ်အဆက်ဆက် မှတ်တမ်းကျန်ရှိစေရေးတို့အတွက် ပိဋကတ် သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင်ကျောက်တော် များ၌ ထွင်းထုပူဇော်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စိုက်ထူနိုင်ရေးအတွက် လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အဆိုပါ ပိဋကတ် သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်ကာ ပါဠိဘာသာနှင့် Romanize Language ယှဉ်တွဲ၍   စာအုပ်ရိုက်နှိပ်ထုတ်ဝေပြီး   နိုင်ငံတကာရှိ ဗုဒ္ဓတက္ကသိုလ်များ၊ စာသင်တိုက်များ၊ ကျောင်းတော်ကြီးများသို့ အခမဲ့ ဖြန့်ချိပေးသွားမည့်အခြေအနေ၊ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများ တွင်လည်း ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဦးစွာတင်ပြလျှောက်ထားသည်။

 


တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်


ဆက်လက်၍ ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍   မေးမြန်းလျှောက်ထားပြီး   ဆေးစစ်မှုများနှင့် ကြိုတင် ကာကွယ်စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း များကို အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူလူထုတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှု များကြောင့်   ကူးစက်မှုရာခိုင်နှုန်းကို   အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့သည့် အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယခုနှစ်အပြီးတွင် ဆေးထိုးနှံရန်လိုအပ်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံပြီးစီးနိုင်ရေး  ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ တင်ပြလျှောက်ထားသည်။ 

 


ပြန်လည်မြွက်ကြား


တင်ပြလျှောက်ထားမှုများအပေါ်    ဆရာတော်ဘုရားကြီးက တိုင်းပြည်နှင့်လူမျိုး    ဖွံ့ဖြိုးတိုးတက်ရေး၊   ဘာသာသာသနာတော် ထွန်းကားပြန့်ပွားရေးများကို    လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်မိကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာတော်ကို ယခုထက်ပိုမို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေကြောင်းနှင့် အခြားလိုအပ်သည်များကို ပြန်လည် မြွက်ကြားသည်။

 


ဆက်ကပ်လှူဒါန်း


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်သည်   အင်းစိန်ရွာမဆရာတော်ကြီးထံသို့   တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့်  ပရိက္ခရာ(၈)ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်တော် အိတ် ၁၀၀၊ ဆီ ပိဿာ ၁၀၀၊ ဆား ၁ အိတ်၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများက   ဆရာတော်ကြီးထံသို့   လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 


ရေစက်သွန်းချ    အမျှပေးဝေ


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းစိန်ရွာမဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ    အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။                                                      

သတင်းစဉ်