
နေပြည်တော် အောက်တိုဘာ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ် ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Iskander Azizov သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်လျက် ရှိမှုအခြေအနေများ၊ မြန်မာ - ရုရှားနှစ်နိုင်ငံအကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ် များ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ပညာသင်ကြား မှုဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ မြှင့်တင်မှုကိစ္စရပ်များ နှင့် အခြားကဏ္ဍပေါင်းစုံ၌ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံ အကြား နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်လျက်ရှိမှုနှင့် ခိုင်မာကောင်းမွန်သည့် ဆက်ဆံရေးရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းပျံသန်းမှုများ ဆောင်ရွက် လျက်ရှိသကဲ့သို့ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွား မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှု အခြေအနေများ၊ တပ်မတော် အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်