
နေပြည်တော် မေ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြရာတွင် စီမံကိန်းဆိုင်ရာအချက် အလက်များ၊ စီမံကိန်းရည်ရွယ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်မှုများကို ငွေကုန် ကြေးကျအနည်းဆုံးဖြင့် စက်ပစ္စည်းများ ဆုံးရှုံးမှုမရှိ စေရန် ဦးစားပေးဆောင်ရွက်လျက်ရှိမှု များကိုလည်း ကောင်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)၏ လုပ်ငန်းဆောင်ရွက်နေ မှုများ၊ သံရည်ကျိုအလုပ်ရုံ Melt Shop-1 ဆိုင်ရာ အချက်အလက်များ၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း စက်ရုံ စီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် စက်ရုံပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်ရာတွင် ပြင်ဆင် ထိန်းသိမ်းဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်မှစ၍ သံရည်ကျိုလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရ သည့် အခက်အခဲများနှင့် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် သံနှင့်သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ် တန်ချိန် ၂ သန်းခန့်ရှိပြီး ပြည်ပငွေများစွာ သုံးစွဲနေရကြောင်း၊ ထို့ကြောင့် ယခင် အစိုးရ လက်ထက်က ရပ်တန့်ခဲ့သည့် စက်ရုံအား ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ရေအားလျှပ်စစ် ထုတ်လုပ်နိုင် မည့်နေရာများကို မြေပြင်ကွင်းဆင်း သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လည်း စဉ်းစားဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံ အနေဖြင့် လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ Melt Shop-1 ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး စီမံကိန်း တစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့် လိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သံနှင့်သံမဏိ လိုအပ်ချက်ကို ယခုစက်ရုံနှင့် ပင်းပက်စက်ရုံတို့မှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်ရေး လုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ် ကောင်းများရရှိရေးအတွက်လည်း ဆောင်ရွက်သွား ရန်နှင့် မွေးထုတ်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ နောင် အနာဂတ်တွင် စက်ရုံသို့ ပို့ဆောင်မည့်ကုန်ကြမ်း များ၊ စက်ရုံမှထွက်ရှိလာသည့် သံနှင့် သံမဏိပစ္စည်း များကို လျှပ်စစ်ရထားအသုံးပြု၍ သယ်ယူပို့ဆောင် ဖြန့်ဖြူးနိုင်ရေးအတွက်လည်း ရေရှည်ကိုမျှော်တွေး၍ တွက်ချက်ဆောင်ရွက်ထားရှိရန် လိုကြောင်းဖြင့် မှာကြားပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ် နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
စက်ခလုတ်နှိပ်၍ စတင်လည်ပတ်
ထို့နောက် သံမဏိစက်ရုံအတွင်း သံရည်ကျို အလုပ်ရုံ Melt Shop-1 သို့ ရောက်ရှိပြီး အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၊ Melt Shop-1 ပြန်လည် စတင်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က Melt Shop-1 သံရည်ကျိုခြင်းနှင့် လေးထောင့် သံမဏိတုံး Billet ထုတ်လုပ်ခြင်းလုပ်ငန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လျှပ်စစ်သံရည်ကျိုဌာနရှိ သံရည်ကျို လုပ်ငန်းအား စက်ခလုတ်နှိပ်၍ စတင်လည်ပတ်စေ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များ သည် Melt Shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာန၌ သံရည်ကျို လုပ်ငန်းများဆောင်ရွက်နေမှု၊ စဉ်ဆက် မပြတ်သံရည်ကျိုပုံလောင်းဌာနမှ ၉ မီတာအရှည်ရှိ သံမဏိလေးထောင့်တုံး(Steel Billet)များ ထုတ်လုပ် နေမှုကို တစ်ခုချင်း အသေးစိတ်ကြည့်ရှုစစ်ဆေးရာ ဌာနအလိုက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ Melt Shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာနမှ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် ထုတ်လုပ်ခဲ့သည့် သံမဏိလေးထောင့်တုံး Billet ပေါ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး စက်ရုံဝန်ထမ်း များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ စက်ရုံ မှ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်း များကို ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ပပညာရှင်များ အား သစ်သီးခြင်းကို ပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် Melt Shop-2 သို့ ရောက်ရှိပြီး စက်ပစ္စည်းများ တပ်ဆင်နေမှု အခြေအနေများကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် စတင်ထုတ် လုပ်ခဲ့သည့် သံမဏိပြားများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ဝန်ထမ်းစားရိပ်သာ ၌ စက်ရုံဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ပြီး ဝန်ထမ်းများကို သံမဏိ ထုတ်လုပ်မှုများ တိုးတက်စေရေး အားပေးစကား ပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိ စက်ရုံ (မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ် ဆားခါးကျေးရွာအနီးတွင်တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် စတင်စာချုပ် ချုပ်ဆိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် Malt Shop-2 အလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကို စတင်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော်ရောက်ရှိနေပြီဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ စီမံကိန်းရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃၉၃၂ ဒသမ ၈၈၂ သန်းရှိပြီဖြစ်ပြီး စီမံကိန်းပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း၊ ထိုသို့ စီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ပေးဆပ်ခဲ့ရကြောင်း၊ သံမဏိထုတ်လုပ်မှု လုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးလိုအပ်ချက် ပင်ဖြစ်ပြီး သံနှင့်သံမဏိထုတ်လုပ်ရေးစီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှ သံနှင့်သံမဏိတင်သွင်း နေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်ပဈေးနှုန်း ထက် သက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သော ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတာဝန်ယူသည့်အချိန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်အရ သံမဏိစက်ရုံစီမံကိန်းများကို ပြန်လည်စိစစ်၍ လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် စက်ရုံစီမံကိန်း များအား စနစ်တကျဖြင့် အပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း ဖြင့် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Phase-1 (Melt Shop-1) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး Phase-1 အပြည့်အဝ လုပ်ငန်းလည်ပတ်ချိန်တွင် Phase-2 (Melt Shop-2) အား လုပ်ငန်းလည်ပတ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခု လုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်လိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိ လုပ်ငန်း ပြန်လည်နိုးကြားလာစေရေးနှင့် မြန်မာ့ စက်မှုလုပ်ငန်း ယခုထက်ပိုမိုတိုးတက်လာစေရေး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)မှ အဓိက အင်အားစု တစ်ခုအဖြစ် အားဖြည့်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်