နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် 
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ကြည့်ရှု ၊ လိုအပ်သည်များ လမ်းညွှန်မှာကြား

 

နေပြည်တော်    မေ   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၅ ရက် ညနေပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့   သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။                                                                                                   

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်     အဖွဲ့ဝင်များသည် ညောင်ဦးလေဆိပ်သို့ ရောက်ရှိကြရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးအောင်၊  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်   ကိုကိုဦးနှင့် တာဝန်ရှိသူများက    ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများ ဖြစ်ပေါ်လျက် ရှိသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


စူဠာမဏိဂူဘုရားကြီး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့ပြီး ရေဝပ်မှုများ ဖြစ်ပေါ်လျက်ရှိသည့်  နရပတိစည်သူ မင်း   တည်ထားခဲ့သော   စူဠာမဏိဂူဘုရားကြီးသို့ ရောက်ရှိကြပြီး      ရေစုပ်ထုတ်ရေးလုပ်ငန်းနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုဝန်ထမ်းအဖွဲ့များအား     ကြည့်ရှုအားပေးရာ သာသနာရေးနှင့်        ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ကျော်ဦးလွင်တို့က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားစေတီများ ရေဝင်၊ ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ရေစုပ်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   ဘုရားစေတီများ၏ ပရိဝုဏ်များအတွင်း မြေညှိခြင်း နှင့်     မြေဖို့ခြင်းများကို    ဆောင်ရွက်သွားရန်နှင့် နောင်တွင် ယခုကဲ့သို့ ရေဝင်ရောက်မှုများ မဖြစ်စေ ရေး    ရေထွက်ပေါက်များကိုလည်း     စနစ်တကျ တွက်ချက်ထည့်သွင်း       တည်ဆောက်သွားရန် လိုကြောင်း၊    ဘုရားကြီး၏    အတွင်းအပြင်အား ထိန်းသိမ်းရာတွင် သမိုင်းဝင်တန်ဖိုးကြီး အမွေအနှစ် ဖြစ်သည့်အတွက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန် လိုကြောင်းနှင့်  ရှေးဟောင်းလက်ရာ  နံရံဆေးရေး ပန်းချီများ ရေရှည်တည်တံ့စေရေးအတွက် မှန်ဖြင့် ကာရံနိုင်ရေး     ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့ပြီး  စူဠာမဏိဘုရားကြီးအား   ဖူးမြော် ကြည်ညိုသည်။  

 


ယနေ့နံနက်ပိုင်းတွင်လည်း       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိ     အာနန္ဒာဘုရား၊   ထီးလိုမင်းလိုဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးတို့သို့  သွားရောက် ၍    သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့မှုနှင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှုသည်။ 

 


အာနန္ဒာဘုရား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အာနန္ဒာ ဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကာ ဘုရားကြီး အတွင်း သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကြောင့် ရေဝင်၊ ရေဝပ်ခဲ့သည့်အခြေအနေများကို  ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်း ကပင် အရည်အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့ အောင် ထိန်းသိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင် ရေဝင်၊ ရေဝပ်မှုများ မရှိစေရေးနှင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေး လိုအပ်သည့်ပြုပြင် ဆောင်ရွက်မှုများကို  တာဝန်ရှိသူများက   ကြိုတင် စိစစ် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အာနန္ဒာဘုရား၏မြောက်ဘက်   မဟာရံတံတိုင်းနှင့် ကပ်လျက်တွင်ရှိသည့်     အာနန္ဒာအုတ်ကျောင်း ထိန်းသိမ်းထားရှိမှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့်    ကျောင်းမုခ်ဦး    ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အာနန္ဒာ အုတ်ကျောင်းသည်    အောက်ထပ်နံရံအပြည့်တွင် ကုန်းဘောင်ခေတ်နံရံဆေးရေးပန်းချီများ   အပြည့် ပါရှိသော   တန်ဖိုးမဖြတ်နိုင်သည့်    ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ အမြောက်အမြားပါရှိသည့် အတွက်     ကြည့်ရှုလေ့လာသူများနှင့်   သဘာဝ ဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေး စနစ်တကျ တွက်ချက်မွမ်းမံဆောင်ရွက်ရန် လိုကြောင်း၊        လက်ရှိ         ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးပါက အများပြည်သူများ နံရံဆေးရေး ပန်းချီများကို    လေ့လာရာတွင်    အဆင်ပြေစေရေး တိုက်ရိုက်မဟုတ်သော   မီးအလင်းပေးမှုကို ဆောင် ရွက်ပေးရန်လိုကြောင်း၊   အာနန္ဒာအုတ်ကျောင်း သည်လည်း   တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ   အမြောက်အမြားပါရှိသည့် အတွက် အုတ်ကျောင်းကြီးတစ်ခုလုံးကို ခြုံငုံနိုင်သည့် အမိုးပါ အဆောက်အဦတစ်ခု တည်ဆောက်ကာရံနိုင် ရေး ပညာရှင်များနှင့်  ဆွေးနွေးတိုင်ပင်ဆောင်ရွက် သွားရန်လိုကြောင်း မှာကြားပြီး  အုတ်ကျောင်းအား လှည့်လည်ကြည့်ရှုသည်။     

 


ထီးလိုမင်းလို ဘုရားကြီး


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ထီးလိုမင်းလိုဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအတွင်း၊ အပြင် နှင့် အထက်ပစ္စယာတို့၌ သဘာဝဘေးအန္တရာယ်ကြောင့်   ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူ များ၏    တင်ပြချက်များအပေါ်    ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများသည် ရှေးဟောင်းသမိုင်းဝင်လက်ရာများဖြစ်ပြီး   တန်ဖိုး မဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို        အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ခေတ်က ဘုရား၊ စေတီ၊ ပုထိုးများ တည်ဆောက်ရာတွင် အသုံးပြုသည့် ကော်ရည်ကို ဥသျှစ်သီး၊ တင်လဲရည်၊ ထုံး၊ အုတ်နီ မှုန့်၊ သဲ တို့ကို ရောစပ်အသုံးပြုသည်ဟု သိရှိရပြီး တာဝန်ရှိသူများအနေဖြင့် ၎င်းကော်ရည် ဖော်စပ်မှုကို ယခင်ခေတ်      နည်းလမ်းများအတိုင်း    အချိုးအစား အမျိုးမျိုးဖြင့်      သုတေသနပြု      ရောစပ်ခြင်း၊ ဓာတ်ခွဲခြင်းများဖြင့် ဖော်ဆောင်စမ်းသပ်ဆောင်ရွက် ရန်လိုကြောင်း၊          စမ်းသပ်မှုအောင်မြင်ပါက  ရှေးဟောင်းဘုရားစေတီပုထိုးများကို    ပြုပြင်ရာ၌ ထိရောက်စွာ        အသုံးပြုနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။

 


ရွှေစည်းခုံစေတီတော်မြတ်ကြီး


ဆက်လက်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည် အနော်ရထာမင်းကြီးနှင့် ကျန်စစ်မင်းကြီး တို့ တည်ထားခဲ့သည့် ရွှေစည်းခုံစေတီတော်မြတ်ကြီး သို့ ရောက်ရှိကြပြီး သဘာဝဘေးဒဏ်ကြောင့် ရေဝင်၊ ရေဝပ်ခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ စေတီတော်မြတ်ကြီး     ရေရှည်တည်တံ့ခိုင်မြဲရေး အတွက်    လိုအပ်သည့်   မွမ်းမံထိန်းသိမ်းမှုများကို ဆောင်ရွက်သွားရန်  လိုအပ်သည်များကို  မှာကြားသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်မြတ် ကြီးရှိ ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိကျောက်စာကို ကြည့်ရှုပြီး ကျောက်စာများသည် အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင်     အမွေအနှစ်များဖြစ်သည့် အတွက် ယခုထက် ပိုမိုအဆင့်မြင့်စွာ ထိန်းသိမ်းထားရှိရန်လိုအပ်ကြောင်း၊  ကျောက်စာများကို   မြန်မာ ဘာသာနှင့်    အင်္ဂလိပ်ဘာသာတို့သို့    ပြန်ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်များကို    ပြည်တွင်း၊   ပြည်ပ ဘုရားဖူးများ    အလွယ်တကူလေ့လာသိရှိနိုင်ရေး Tablet များဖြင့် ပြသထားရှိရန်လိုကြောင်း မှာကြား သည်။

 


ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အာနန္ဒာဘုရား၊ ထီးလိုမင်းလို ဘုရားကြီး နှင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးတို့သို့ သွားရောက် ၍   သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့မှုနှင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားစဉ် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

 


မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင်    ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း   သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့်   ရွှေစည်းခုံ စေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိ ဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလို ဘုရား၊   လေးမျက်နှာဘုရား၊   ဆင်ပေါင်းအုတ် ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး  ရှေးဟောင်းဘုရား/ အဆောက်အအုံ   ရှစ်ခုတို့တွင်   ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ရှေးလက်ရာမပျက် အမြန်ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 
     

သတင်းစဉ်