
နေပြည်တော် မေ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးက ယခုကဲ့သို့မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းမှာ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန် တွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်ခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်သာမက တရုတ် နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ နိုင်ငံဘက်မှ ရပ်တည်နေမှုကို ပြသခြင်းပင်ဖြစ် ကြောင်း ပြောကြားသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ယင်းနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှုများ မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေများနှင့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြား ရေးကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်