
မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့်
ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်
နေပြည်တော် ဧပြီ ၂၅
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင် စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ နှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား (၃၂) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ကြမည့် မြန်မာအားကစားအဖွဲ့များက မိတ်ဆက် ဂါရဝပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်( ၃၂ ) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးကို ကမ္ဘောဒီးယားနိုင်ငံ တွင် ၂၀၂၃ ခုနှစ်၊ မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပ ပြုလုပ်တော့မည်ဖြစ်သဖြင့် ရက်အနည်းငယ်သာ လိုတော့သည့်အတွက် ပြိုင်ပွဲဝင်ကြမည့် အားကစား မောင်မယ်အပေါင်းတို့သည် ရုပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ပိုင်းဆိုင်ရာအသင့်၊ အားကစားပညာရပ်ပိုင်း ဆိုင်ရာအသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသင့်၊ အစစ အရာရာပြိုင်ပွဲဝင်ကြရန် အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း။
အောင်မြင်မှုများနှင့်ပြန်လာမည်ကိုမျှော်လင့်
နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများအားလုံးက လည်း အားကစားမောင်မယ်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားကြိုးမာန်တက်၊ အောင်မြင်ရမည်၊ ဆုများဆွတ်ခူး နိုင်ရမည်ဆိုသည့် စိတ်ဓာတ်အပြည့်နှင့် “ပွဲမဝင်ခင် အပြင်က ကျင်းပ” ဆိုသည့်အတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကို မျက်ဝါးထင်ထင် တွေ့မြင်သိရှိပြီးဖြစ်သကဲ့သို့ ဆုများတစ်ပွေ့တစ်ပိုက် နှင့် အောင်မြင်မှုများနှင့်ပြန်လာမည်ကို မျှော်လင့် စောင့်စားနေကြမည်ပင် ဖြစ်ပါကြောင်း။
“လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲခံ” ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာဖြင့် အောင်စိတ်တံခွန်များ တလူလူလွှင့်ထူ ထားကြပြီဟု လည်း ယုံကြည်ထားပါကြောင်း။
ရေကုန်ရေခန်း အားထုတ်ကြိုးပမ်း
ယခုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များအဖို့ နိုင်ငံတော်အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသ နိုင်မည့် အခွင့်အလမ်းကောင်းကြီးတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ယခုအခွင့်အလမ်းကြီးကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားနိုင်ကြမည်ဟု လည်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက ယုံကြည် မျှော်လင့်နေကြသည်ကို အသိပေးမှာကြားလိုပါ ကြောင်း၊ မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက် အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် မောင်မယ်များအနေဖြင့် ရေကုန်ရေခန်း အားထုတ် ကြိုးပမ်းသွားကြမည်ဟု အလေးအနက်ယုံကြည်ပါ ကြောင်း။
အောင်မြင်မှုသမိုင်းကိုပြောင်းလဲမှတ်တမ်းတင်
ယခု (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင် ခဲ့သည့် ပြိုင်ပွဲများကထက် ဆုတံဆိပ်များပိုမိုရရှိ အောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာ အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမို ပြောင်းလဲ မှတ်တမ်းတင်သွင်းနိုင်ကြမည်ဖြစ်ပါ ကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မားဆုံးသော အိုလံပစ်အားကစား ပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲမှာပင် ကျေနပ်မနေဘဲ အာရှ အိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင် နိုင်သည်အထိ မျှော်မှန်းကြိုးပမ်းသွားကြစေလိုပါ ကြောင်း။
သတိပြုနှလုံးသွင်းထားကြရမည်
အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှု နှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုးဖြစ်ကြောင်း၊ အားကစား အောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင် နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံတကာအားကစား ပြိုင်ပွဲတစ်ရပ်ကို နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့်ဂုဏ်ဒြပ်နှင့် အခွင့် အလမ်းဖြစ်သည်ကို အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအားလုံး သတိချပ်ကြစေလိုပါ ကြောင်း၊ ထို့ပြင် အမိမြန်မာနိုင်ငံတော်နှင့် မြန်မာ လူမျိုး၏ ဂုဏ်သိက္ခာနှင့် ပတ်သက်ဆက်နွှယ်နေသည့် အတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးသည် အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင် အားလုံး၏ ပခုံးထက်တွင် ရှိနေသည်ကိုလည်း သတိပြုနှလုံးသွင်းထားကြရမည် ဖြစ်ပါကြောင်း။
အားကစားကဏ္ဍကို အားပေးမြှင့်တင်
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး ချမှတ်ဆောင်ရွက်နေသည့် ဦးတည် ချက်များထဲတွင် “နိုင်ငံ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာ ရေးစနစ် ဖြစ်ပေါ်လာစေရေး” ဆိုသည့် လူမှုရေး ဦးတည်ချက်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေး အတွက် အားကစားကဏ္ဍသည် အရေးကြီးပါကြောင်း၊ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ် ပေါ်ပေါက်လာစေမည်ဖြစ်သည့်အတွက် အားကစား ကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း။
နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်
နိုင်ငံတော်အနေဖြင့် နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်း တစ်ကဏ္ဍ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုး တိုးတက်စေရေး အလေးထားစီမံဆောင်ရွက်ပေး လျက်ရှိနေပါကြောင်း၊ ထို့ကြောင့်လည်း မိမိတို့ တာဝန်မယူမီကရှိခဲ့သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနဆိုပြီး သီးခြားစီခွဲဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူငယ်များကို ငယ်ရွယ်စဉ်ကတည်း က ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်သည့်၊ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့ သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးသွား မည့် ရည်ရွယ်ချက်ပင်ဖြစ်ပါကြောင်း၊ အားကစား ထူးချွန်သည့် လူငယ်များကို ယခုကဲ့သို့ နိုင်ငံ့လက်ရွေး စင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်စေခြင်းဖြင့် အားကစားလူငယ်မောင်မယ် တို့၏ ကြိုးပမ်းမှု၊ အောင်မြင်မှုများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြင့်မားစေပြီး မိမိတို့တစ်ဦးချင်း၏ လူနေမှုဘဝများလည်း မြင့်မားလာစေမည်ဖြစ်ပါ ကြောင်း။
လစဉ် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိ
ထို့ပြင် နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် ဂုဏ်ပြု ဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများကိုလည်း အသက်(၆၀) ပြည့်မြောက်သည့်အချိန်ကစပြီး သက်ရှိထင်ရှားရှိနေ သမျှကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး (၂၃၀)ကို လစဉ် ငွေကျပ် တစ်ရာငါးဆယ့်ငါးသိန်း တစ်သောင်းတိတိ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား တွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမ အဆင့် ၃၆ ဦး၊
လူမှုထူးချွန် ဒုတိယအဆင့် ၃၉ ဦးနှင့် လူမှု ထူးချွန် တတိယအဆင့် ၆၉ ဦးတို့ကို ပေးအပ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်ပြီး စိစစ် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးကြမည့် အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူ အခွင့်အရေးများ ရရှိလာကြမည်ဖြစ်ကြောင်း။
ထို့ကြောင့် ယခု (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို ယခုအပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော် သည် မောင်တို့မယ်တို့ အားကစားအဖွဲ့အတွက် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ နိုင်ငံတော် ၏ ကိုယ်စားပြုနေသည် ဆိုသည့်ခံယူချက်ဖြင့် ပြိုင်ပွဲ တိုင်းတွင် နိုင်ငံတော်၏အောင်လံတလူလူ လွင့်ပျံ့နေ စေရေး ရေကုန်ရေခန်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင် သွားကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း။
ထိုက်တန်စွာ ဂုဏ်ပြုသွားမည်
ယခုနိုင်ငံတော်ကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင် အားကစားသမား များသည် ကောင်းမွန်သည့် ကျန်းမာကြံ့ခိုင်မှု၊ နည်းစနစ် ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင် ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု စသည့် အချက်များနှင့် ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာရှိနေပြီဟု ယုံကြည်ထားပြီး ဖြစ်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီးဖြစ်ခြင်းကြောင့် မြန်မာအားကစား အဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်း ကုန် ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုပါ ကြောင်း၊ အားကစားအောင်မြင်မှုများ အတွက်လည်း ထိုက်တန်စွာ ဂုဏ်ပြုသွားမည်ဖြစ်ပါကြောင်း။
ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးကို ယခုကဲ့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်က ကူညီအားပေးခဲ့ကြသည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအပါအဝင် အားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေး သန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်း အဖွဲ့ စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်တို့ဖြင့် အချင်းချင်း ရိုင်းပင်းကူညီသွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ဓလေ့စရိုက် အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်ယှဉ်ပြိုင်ခဲ့ကြရန်၊ အနိုင်မခံအရှုံးမပေး ကြံ့ခိုင်သည့်စိတ်ဓာတ်၊ မလျှော့သည့်ဇွဲ၊ လုံ့လတို့နှင့် ရင်ဆိုင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန်၊ နိုင်ငံ ကြီးသားစိတ်ဓာတ်နှင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသ ညီနောင်နိုင်ငံ များအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမို မြှင့်တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေး သံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင် သည့် အားကစားသူရဲကောင်း မောင်မယ်များအနေ ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံ့နေစေရေး စွမ်းဆောင်သွားကြရန်နှင့် ဆုတံဆိပ်များနှင့် ပြန်လာမည့်အားကစားအဖွဲ့ကို မျှော်လင့်စောင့်ကြိုနေမည်ဖြစ်ကြောင်း ပြောကြား သည်။
အောင်နိုင်ရေးအလံ အပ်နှင်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းတင်းတင်ပြသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လက်ရွေးစင် အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများ တွင် အသုံးပြုမည့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၃၄၁ ဦးသည် အားကစားနည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်