
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် မတ် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကာကွယ်ရေးတို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ချိန်တွင် ရည်မှန်း ချက် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်နေရသည့် အခန်းကဏ္ဍ သည် နိုင်ငံတော်အဆင့် ဆောင်ရွက်နေရခြင်း ဖြစ်သောကြောင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် အလေးထားစဉ်းစား ဆောင်ရွက်ကြရန် လိုကြောင်း။
မိမိတို့အစိုးရသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှု များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် ကောင်းရန်အတွက် ရိုးသားစွာဖြင့် တာဝန်ထမ်းဆောင် နေခြင်းဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ခဲ့မှုများသည် သမိုင်းမှတ်တမ်းများတွင် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်များကို ထမ်းဆောင်ချိန်တွင် ရိုးသားစွာဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြရန်လိုကြောင်း။
စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီ စတင်တာဝန် ထမ်းဆောင်ချိန်တွင် နိုင်ငံရေးသဘောထားကွဲလွဲမှု များကြောင့် ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက်ခဲ့သော် လည်း နောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုနှင့် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာခြင်း ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ ရကြောင်း၊ အဆိုပါအချိန်တွင် အချို့သော EAO အဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းအခြေအနေကို အခွင့်ကောင်းယူ၍ အကြမ်းဖက်သမားများကို မီးလောင်ရာလေပင့် မြှောက်ပင့်သွေးထိုးဆောင်ရွက် ခဲ့မှုများကြောင့် မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက် လုယက်သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ရုံးဌာနအဆောက်အဦများကို မီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ ကို အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာခဲ့ ကြောင်း၊ အဆိုပါအချိန်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုများလည်း ပြင်းထန်လျက်ရှိသည့်အချိန် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရာ ကူးစက်မှု များနှင့် သေဆုံးမှုများကျဆင်းသွားခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကို ကျော်လွှား နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများသည် လည်း ၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်းတွင် လျော့နည်း သွားခဲ့ကြောင်း၊ နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်သည့်နိုင်ငံဖြစ်ပြီး စားသောက် ကုန်များ စဉ်ဆက်မပြတ် ထုတ်လုပ်မှုရှိနေသော ကြောင့် စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်သည့် အချို့သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတချို့က အစိုးရ၏အုပ်ချုပ်မှု ယန္တရားနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန် အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်မှု များကို ပြုလုပ်ခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့် ဘဏ်စနစ်များ ထိခိုက်ပြိုလဲမှုများ မဖြစ်ပေါ်စေရေး အခက်အခဲများကြားမှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်ခဲ့ကြောင်း။
နိုင်ငံ၏ဂျီဒီပီ တိုးတက်လာခဲ့
၂၀၂၀ ပြည့်နှစ် ကိုဗစ် - ၁၉ ရောဂါ စတင်ဖြစ်ပွား ချိန်မှစ၍ နိုင်ငံ့စီးပွားရေးသည် တဖြည်းဖြည်းကျဆင်း လာခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်း စီးပွားရေးအားပေးမှုနှင့် စီမံခန့်ခွဲရေးပိုင်းတို့တွင် အားနည်းခဲ့ခြင်းကြောင့် ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာ ရေးနှစ်တွင် နိုင်ငံ၏ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပေါ်နေ သည့် အခက်အခဲများကြားမှ မိမိတို့အစိုးရ တာဝန်ယူ ဆောင်ရွက်ချိန်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ မတ်လ အထိ ပထမခြောက်လပတ်ကာလတွင် နိုင်ငံ၏ ဂျီဒီပီ မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်လာခြင်းပင်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ပြီး ဆက်လက်ပြီး တိုးတက်မှုများ ရှိမည်ဟု ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများအနေ ဖြင့် ခန့်မှန်းထားကြကြောင်း။
မြေသယံဇာတများကို အကျိုးရှိရှိ
အသုံးချနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်
ထိုသို့ နိုင်ငံ၏ ဂျီဒီပီများတိုးတက်လာခြင်းသည် မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်အတွက် စေတနာ ထား၍ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် နိုင်သည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိ ပြီးဖြစ်သဖြင့် မြေသယံဇာတများကို အကျိုးရှိရှိ အသုံးချနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင် အများစုမှာ စပါးကိုစိုက်ပျိုးကြပြီး မိုးစပါး စိုက်ဧကမှာ ၁၅ သန်းခန့်ရှိပြီး နွေစပါးစိုက်ဧကမှာ သုံးသန်းခန့်ရှိကြောင်း၊ မိုးစပါးစိုက်ဧက ၁၅ သန်းတွင် လယ် ၁၃ ဒသမ ၂ သန်းကျော်ရှိကြောင်း၊ ကျန်စိုက်ပျိုး မှုများမှာ ယာ၊ တောင်ယာ၊ အခြားမြေများဖြစ်ကြောင်း၊ ယင်း ၁၃ ဒသမ ၂ သန်းအနက် တစ်သီးသာ စိုက်သည့် မြေဧက ငါးသန်းခန့်ရှိနေကြာင်း၊ ယင်းမြေများကို သီးထပ်စိုက်ပျိုးနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ အလားတူ ပဲ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို လည်း စိုက်ပျိုးကြရန်လိုကြောင်း၊ စပါး၊ ပဲ၊ ဆီထွက် သီးနှံများနှင့် အခြားသီးနှံများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်၍ မြေကို အကျိုးရှိရှိအသုံးချကြရန်လိုကြောင်း။
စားသုံးဆီနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ စားသုံးဆီလိုအပ်ချက်များကို ပြည်ပမှ နှစ်စဉ် တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲကုန်ကျ မှု များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံ များ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး မိမိအနေဖြင့် စဉ်ဆက်မပြတ် တိုက်တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း တွင် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးပြည့်စုံမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများတွင် ပန်းတိုင်ရည်မှန်း ချက် ပြည့်မီရန်နှင့် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊ ဒုတိယအချက် နေဖြင့် မူလစိုက်ပျိုးမြေဖြစ်သော်လည်း စိုက်ပျိုးမှု မရှိသည့် မြေများကို ပြန်လည်စိုက်ပျိုး၍ စိုက်ဧက တိုးချဲ့နိုင်ပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကုန်ထုတ် လုပ်မှုသည် များစွာတိုးတက်ပြောင်းလဲသွားမည် ဖြစ်ကြောင်း။
ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများ အလေးအနက်ထား ဆောင်ရွက်
နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ နေကြာဆီ သည် မိမိတို့နိုင်ငံ၏ အဓိကစားသုံးဆီတွင် ပါဝင်ခြင်း မရှိကြောင်း၊ မူလက ပဲဆီနှင့် နှမ်းဆီကိုသာ အဓိက စားသုံးကြပြီး နောက်ပိုင်းတွင် ဈေးနှုန်းသက်သာ သည့် စားအုန်းဆီများကို စားသုံးလာကြကြောင်း၊ နေကြာဆီသုံးစွဲမှုမှာ နည်းပါးကြောင်း၊ မိမိတို့နိုင်ငံရှိ စပ်မျိုးနေကြာမှာ တစ်ဧကလျှင် အထွက်နှုန်း တင်း ၅၀ ကျော်၊ ဆီပိဿာ ၁၄၀ ခန့်အထိ ထွက်ရှိ သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ နေကြာများကို တိုးချဲ့စိုက်ပျိုးမည်ဆိုပါက နိုင်ငံ၏ စားသုံးဆီ လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ပဲ၊ နှမ်းနှင့် အခြားဆီထွက်သီးနှံများကို လည်း တိုးချဲ့စိုက်ပျိုးမည်ဆိုပါက စားသုံးဆီလိုအပ် ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိပါက နိုင်ငံခြားငွေ သုံးစွဲမှုများ နည်းပါးသွားမည်ဖြစ်သဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး အလေး အနက်ထား ဆောင်ရွက်ကြစေလိုကြောင်း။
စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လက်ရှိထွက်ရှိ နေသည့် အထွက်နှုန်းထက် ပိုမိုတိုးတက်ပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီစေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးဖြင့် စနစ်တကျ စိုက်ပျိုးဆောင်ရွက်မည် ဆိုပါက တစ်ဧကချင်းအထွက်နှုန်းများ တိုးတက် လာမည်ဖြစ်ကြောင်း၊ စပါးတစ်ဧကလျှင် ပျမ်းမျှ ငါးတင်းခန့် ပိုမိုထွက်ရှိလာမည်ဆိုပါက စိုက်ပျိုးဧက ၁၃ ဒသမ ၂ သန်းတွင် စပါးတင်း ၆၆ သန်း ပိုမိုထွက်ရှိ မည်ဖြစ်သဖြင့် တစ်တင်းလျှင် တစ်သောင်းနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ငွေကျပ် ၆၆၀ ဘီလီယံ၊ တစ်သောင်းခွဲနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ၉၉၀ ဘီလီယံရရှိမည်ဖြစ်ကြောင်း၊ ထိုသို့ စပါးတစ်ဧက လျှင် ငါးတင်းပိုမိုထွက်ရှိအောင် စိုက်ပျိုးနိုင်မည် ဆိုပါက စပါးစိုက်တောင်သူများ ဝင်ငွေပိုမိုတိုးတက် ရရှိလာမည်ဖြစ်ပြီး ဝယ်လိုအားတက်လာမည် ဖြစ်သဖြင့် နိုင်ငံအတွင်း လည်ပတ်သုံးစွဲငွေများ တိုးတက်လာပြီး တိုင်းပြည်၏ စီးပွားရေးအားသည် ယခင်ကထက် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ GDP သည်လည်း တက်လာမည် ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ဖူလုံပြီး ပြည်ပ သို့ တင်ပို့ရောင်းချနိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ လည်း ရရှိလာမည်ဖြစ်ပြီး ပြည်ပမှ နိုင်ငံခြားငွေကြေး သုံးစွဲ၍ တင်သွင်းနေရသည့် မဖြစ်မနေလိုအပ်သည့် ပစ္စည်းများကို ပိုမိုတင်သွင်းလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေရှည်ကိုကြည့်၍ သုံးသပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားလိုကြောင်း။
ဝါစိုက်ဧကများ ပြန်လည်စိုက်ပျိုးရန်လို
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တိုင်းပြည်၏ အဓိက စိုက်ပျိုးသည့် သီးနှံများအနက် ဝါသည် တစ်ခုအပါ အဝင် ဖြစ်ပြီး ၄ ဒသမ ၅ သိန်း ဧကစိုက်ပျိုးကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဧက ရှစ်သိန်းအထိ စိုက်ပျိုးခဲ့ပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုး မှု ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခင်နှစ် ဝါထွက်ရှိမှု အနေဖြင့် တစ်ဧကလျှင် ၄၃၈ ဒသမ ၅ ပိဿာနှုန်းဖြင့် စုစုပေါင်း ဝါပိဿာချိန် ၁၉၈ ဒသမ ၇ သန်း ရရှိခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံ၏ ဝါလိုအပ်ချက်သည် ပိဿာ ပေါင်း ၃၆၃ သန်းလိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် ပိဿာချိန် ထက်ဝက်နီးပါးခန့် လိုအပ်ချက်ရှိနေသည် ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် တစ်ဧက အထွက်နှုန်းကို ပိဿာ ၇၀၀ နှုန်းအထိ ထွက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ယခင်ဝါစိုက်ဧကများအတိုင်း ပြန်လည်စိုက်ပျိုးနိုင်စေရေး လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ဝါစိုက်တောင်သူ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်၍ လိုအပ် သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်ရှည်ဝါကို အဓိကထား၍ စိုက်ပျိုးကြသည်ကို တွေ့ရှိရပြီး အရည်အသွေး ပြည့်မီသည့် ချည်မျှင်ထွက်ရှိနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အရည်အသွေးပြည့်မီမှု မရှိသဖြင့် အဝတ်အထည်များ ရက်လုပ်ရန်အတွက် လိုအပ်သည့် ချည်များကို ပြည်ပမှ တင်သွင်းနေရသော ကြောင့် ဝါစိုက်ပျိုးမှုတိုးတက်စေရေး ပြုပြင်ပြောင်းလဲ မှုများ မဖြစ်မနေဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးသည့် ဒေသများအနေဖြင့် ဝါစိုက်ဧကများတိုးချဲ့နိုင်ရေးနှင့် မှန်မှန်ကန်ကန် စိုက်ပျိုးမှုရှိစေရေး၊ ဝါ အထွက်နှုန်း ကောင်းမွန်ပြည့်မီစေရေး၊ မျိုးကောင်း မျိုးသန့်များ ရရှိစေရေးတို့အတွက် စီမံပေးရန် လိုကြောင်း၊ စိုက်ပျိုးသည့် တောင်သူများ၊ အသုံးပြု သည့် လုပ်ငန်းရှင်များနှင့် အစိုးရတို့ သုံးဦးသုံးဖလှယ် ပူးပေါင်း၍ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိအောင်၊ ဝါအရည်အသွေး ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဝါလိုအပ်ချက် ပြည့်မီစေရေးအတွက် ပြည်ပနိုင်ငံများမှ နည်းစနစ်နှင့် မျိုးကောင်းမျိုးသန့် များရရှိစေရေး အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ဝါစိုက်တောင်သူများနှင့် သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများကလည်း စိတ်ပါဝင်စားစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ဂျုံများ အရည်အသွေးပြည့်မီမှုရှိရန်လို
အလားတူ ဂျုံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဂျုံစိုက်ဧက ၁၃၂၅၀၀ ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးသည် အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီး ဖြစ်ပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း၊ ဂျုံနှင့်ပတ်သက်၍ အထွက်နှုန်းတိုးအောင် ဆောင်ရွက် ကြရန်နှင့် အရည်အသွေးပြည့်မီသည့် ဂျုံများရရှိ အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတွင် ဂျုံနှင့်ပတ်သက်သည့် စားသောက်ကုန် ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းအများစု၌ ပြည်ပမှ တင်သွင်းသည့် ဂျုံများကိုသာ အများဆုံးအသုံးပြု ကြသည်ကိုတွေ့ရှိရပြီး ပြည်တွင်းမှ ထွက်ရှိသည့် ဂျုံများသည် အရည်အသွေးပိုင်းတွင် ပြည့်မီမှုရှိရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဂျုံစိုက်ပျိုး ထုတ်လုပ်မှုများကိုလည်း ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသား များသည် ဆန်ကိုအဓိကထား စားသုံးကြကြောင်း၊ စားသောက်မှုပုံစံကိုပြောင်းလဲ၍ ဂျုံကို နေ့စဉ်တစ်နပ် နှုန်းဖြင့် ထည့်သွင်းစားသုံးမည်ဆိုပါက မိမိတို့နိုင်ငံသား များ၏ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက် ၍ သက်ဆိုင်ရာဒေသများအနေဖြင့် စဉ်းစားသုံးသပ် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသအလိုက် မိမိတို့ ရရှိထားသည့် မြေသယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မြေကို ကောင်းမွန်မှု ရှိအောင် ပြုပြင်ခြင်း၊ ရေရရှိအောင် ဆောင်ရွက်ခြင်း တို့ဖြင့် ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထွက်ရှိနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဒေသမှ စိုက်ပျိုးရေးထုတ်ကုန် လုံလောက်မှု မရှိပါက ပြင်ပမှဝယ်ယူသုံးစွဲရမည်ဖြစ်ပြီး ဒေသတွင်း လည်ပတ်သုံးစွဲငွေများ လျော့နည်းသွားမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက် ကြစေလိုကြောင်း။
မွေးမြူရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် မွေးမြူရေးဆောင်ရွက်မှုများကို စားကျက်မြေများ တွင် လွှတ်မွေးသည့်စနစ်ဖြင့် အများဆုံးမွေးမြူကြ ကြောင်း၊ မွေးမြူရေးစနစ်တွင် လှောင်၍မွေးမြူပြီး အစာကောင်းမွန်စွာ ကျွေးမွေးသည့်စနစ်သည် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မွေးမြူရေး စနစ်ကိုလည်း ပြုပြင်ပြောင်းလဲ၍ နည်းစနစ်ကျသည့် ခေတ်မီမွေးမြူရေးစနစ်ကို ဆောင်ရွက်ကြစေလို ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက မွေးမြူရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများ တွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပြီး အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခြင်း ဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို စနစ်တကျဖြင့် အောင်မြင်အောင် စီမံ ဆောင်ရွက်နိုင်မည်ဆိုပါက အမျိုးသားရေးမျှော်မှန်း ချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ ဝင်ငွေရှိမှသာလျှင် တိုင်းပြည်သာယာဝပြောမည်ဖြစ်ပြီး ထိုသို့ ဆောင် ရွက်နိုင်ရေးအတွက် တိုင်းပြည်အတွင်း စားရေရိက္ခာ ထုတ်လုပ်မှုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံ၏ ရှိရင်းစွဲ အရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ် မှုကို မဖြစ်မနေ အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခင်နှစ်မှ စ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ခိုင်မာသည့် စီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ မဖြစ်မနေ လိုအပ်ချက်များဖြစ်သည့် လျှပ်စစ်စွမ်းအားလိုအပ် ချက်ပြည့်မီစေရေးအတွက်လည်း စီမံဆောင်ရွက် လျက်ရှိကြောင်း။
လောင်စာဆီသုံးစွဲမှုများ ထိန်းသိမ်းဆောင်ရွက်
ရေနံနှင့် ပတ်သက်၍ သယံဇာတများစွာရှိပြီး ဖြစ်သဖြင့် စည်းကမ်းစနစ်တကျမရှိဘဲ တူးဖော် ထုတ်လုပ်နေမှုများကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လောင်စာဆီနှင့် ပတ်သက်၍ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀၀ ကျော်ဖိုးခန့် ဝယ်ယူ တင်သွင်းရလျက်ရှိသဖြင့် လောင်စာဆီသုံးစွဲမှုများ ကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သံမဏိလုပ်ငန်းနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် သံရိုင်းများထွက်ရှိပြီး သံမဏိစက်ရုံအကြီး နှစ်ရုံသာရှိ ကြောင်း၊ နှစ်စဉ် သံမဏိတန်ချိန် သုံးသန်းခန့် လိုအပ် ချက်ရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် သံမဏိ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆောင်ရွက်နိုင်သဖြင့် အလေးထားအားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ သံရိုင်းထုတ်လုပ်သည့် အဆင့်မှ သံမဏိထုတ်လုပ်သည့်အဆင့်ထိ ဆောင် ရွက်နိုင်ရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သံမဏိအပြင် ဘိလပ်မြေထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆက်စပ် လုပ်ငန်းဖြစ်သည့် ကျောက်မီးသွေးထုတ်လုပ်မှု လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြစေ လိုကြောင်း။
သစ်ပင်စိုက်ပျိုးခြင်းများ စနစ်တကျ ဆောင်ရွက်
ထို့ပြင် ရွှေတူးဖော်ခြင်း၊ သစ်ထုတ်လုပ်ခြင်း အစရှိသည့် နိုင်ငံတော်၏ မြေပေါ် မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် သတ်မှတ် စည်းမျဉ်း စည်းကမ်း နည်းဥပဒေများနှင့်အညီသာ ထုတ်ယူသုံးစွဲစေရေး၊ တရားမဝင်ထုတ်ယူသုံးစွဲမှု များမရှိစေရေး ထိထိရောက်ရောက် ထိန်းသိမ်း ကြပ်မတ်ကြစေလိုကြောင်း၊ ထုတ်ယူသုံးစွဲရာတွင် လည်း မလိုလားအပ်ဘဲ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ဆောင်ရွက်စေလိုပြီး အကျိုးရှိရှိ အသုံးချ စေလိုကြောင်း၊ သစ်ပင်သစ်တောများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်လည်း သစ်ပင်စိုက်ပျိုးခြင်းများ နှင့် စနစ်တကျ ထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်၍ စီးပွားရေးဦးတည်ချက် အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် အခြား ဦးတည်ချက်များကိုပါ အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေး မောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် လည်ပတ် ဆောင်ရွက်ရပြီး ၎င်းမောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံး ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှ သာ နိုင်ငံရေးနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌ များက စိုက်ပျိုးမွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက် နေမှု၊ အခွန်အကောက်ငွေများ ကောက်ခံရရှိမှု၊ သစ်တောများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်စွမ်းအင်သုံး မော်တော် ယာဉ်များ စတင်အသုံးပြုလျက်ရှိမှု၊ အားသွင်း စတေရှင်များ တည်ဆောက်ပြီးစီးမှုနှင့် တိုးချဲ့ တည်ဆောက်နေမှု၊ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးပေးနေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် လျက်ရှိမှု၊ ဒေသတစ်ခု ထွက်ကုန်တစ်ခု(One Region One Product) ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိမှု၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေး စိုက်ပျိုးထုတ်လုပ် နေမှုအခြေအနေ၊ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ရရှိမှု၊ ကိုဗစ်− ၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ တက္ကသိုလ်ကောလိပ်များ ဖွင့်လှစ် သင်ကြားပေးနေမှုနှင့် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးရန် လိုအပ်သည့်ကဏ္ဍများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ များအလိုက် ပြန်လည်ရှင်းလင်းပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုင်းဒေသကြီး နှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းများအနေဖြင့် နိုင်ငံတော်မှ ထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အကျိုးရှိရှိအသုံးပြုကြရန်လိုကြောင်း၊ အဆိုပါ ငွေများကို အမှန်တကယ် ရင်းနှီးမြှုပ်နှံသူများလက်သို့ ရောက်ရှိ စေရေး စနစ်တကျဆောင်ရွက်ရန်နှင့် ထုတ်ပေးထား သည့်ငွေများ မပျောက်ပျက်စေရေးနှင့် သတ်မှတ် ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ် စေရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
လိုအပ်သည်များ ဖြည့်စွက်မှာကြား
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ကို ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံရှိ တိုင်းရင်းသားဒေသ များအလိုက် မိမိတို့ရိုးရာယဉ်ကျေးမှုများ၊ ဂီတနှင့် ဝတ်စားဆင်ယင်မှုများကို ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ တိုင်းရင်းသားဘာသာစကားနှင့် ပတ်သက်၍လည်း ဥပဒေအရခွင့်ပြုပေးထားကြောင်း၊ မြန်မာစကားကို နားမလည်ခြင်းကြောင့် စာပေ သင်ကြားမှုတွင် အခက်အခဲဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့နိုင်ငံရှိ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာပေနှင့် မြန်မာစကားကို မဖြစ်မနေသင်ကြား တတ်မြောက်ထားမှသာ ပညာသင်ကြားမှုနှင့် အလုပ် အကိုင်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများရှိ ကျောင်းသား ကျောင်းသူကလေးငယ်များ မြန်မာ စာပေကိုသင်ကြားမှု အဆင်ပြေစေရေးအတွက် မြန်မာဘာသာရပ်ကို သင်ကြားပေးသည့် ဆရာ ဆရာမများအနေဖြင့် အမှန်တကယ် တတ်မြောက် အောင် သင်ကြားပေးရန်လိုကြောင်း။
ပညာရည်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်
ပညာသင်ကြားရေးနှင့်ပတ်သက်၍ ၂၀၂၀-၂၀၂၁ ခုနှစ်ပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော် ကျောင်း အပ်နှံသူ ကျောင်းသားဦးရေမှာ ယခင် ကိုဗစ် - ၁၉ မဖြစ်ပွားမီအချိန်ကထက် လျော့နည်းနေသည်ကို တွေ့ရှိရသဖြင့် ပညာရည်မြှင့်တင်မှုကို ထိခိုက်စေနိုင် ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများ လည်း လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ အချို့သောနေရာဒေသများတွင် လုံခြုံမှုအရ ပညာ သင်ကြားမှုကို ထိခိုက်သည်မှန်သော်လည်း အချို့ သော ဒေသများတွင် တည်ငြိမ်အေးချမ်းသော်လည်း ကျောင်းတက်ရောက်မှုရာခိုင်နှုန်းများ ကျဆင်း လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားရေး အတွက် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ နွေရာသီ ကျောင်းပိတ်ရက်သို့ ရောက်ရှိနေပြီဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား ကျောင်းသူ များ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်ရန် အတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် အခြားကလေးငယ်များအတွက် အကျိုးဖြစ်ထွန်းစေမည့် နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ယခင်ပညာသင်နှစ်က သင်ကြားခဲ့ရသည့် သင်ခန်းစာများကို ပြန်လည် လေ့လာဖတ်မှတ်မှုများကို ဆောင်ရွက်ပေးကြစေလို ကြောင်း၊ မိမိတို့ပတ်ဝန်းကျင်ရှိ ကလေးငယ်များ အနာဂတ်လှပစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။
မကြာမီကာလတွင် မြန်မာ့ရိုးရာသင်္ကြန်ကာလ သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလ တွင် ပျော်ပွဲရွှင်ပွဲများကို စည်းကမ်းတကျ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မထိခိုက်စေဘဲ ကျင်းပဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ရိုးရာသင်္ကြန်ပွဲတော် ကို စည်ကားသိုက်မြိုက်စွာဖြင့် အန္တရာယ်ကင်းစွာ ကျင်းပနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် အလေးထားဆောင်ရွက်ကြစေ လိုကြောင်း။
လိုင်စင်မဲ့မော်တော်ယာဉ်များ
ပပျောက်စေရေး စီမံချက်ချဆောင်ရွက်
မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းမှုနှင့် ပတ်သက်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ပပျောက် စေရေး နိုင်ငံတော်အနေဖြင့် စီမံချက်ချ၍ ဆောင်ရွက် လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသည့် မော်တော်ယာဉ် များကိုလည်း ဖျက်ဆီးဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရား မဝင်တင်သွင်းမှု၊ ရောင်းချမှုနှင့် စီးနင်းမှုများ မဖြစ် စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် စီးနင်းခြင်းများ ကြောင့် နိုင်ငံတော်၏ အခွန်ငွေများကို ထိခိုက်စေ သကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အဆိုပါလိုင်စင်မဲ့ယာဉ်များကို အသုံးပြုခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု လုပ်ငန်းစဉ်များကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ ယာဉ်နံပါတ်ပြားများကိုလည်း ပုံစံသစ်လဲလှယ် တပ်ဆင်အသုံးပြုရေး ကြပ်မတ်ရန်လိုကြောင်း။
အုပ်ချုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေ ရေးအတွက် ခရိုင်များကို တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါတိုးချဲ့ခဲ့သည့် ခရိုင်များရှိ ဌာနဆိုင်ရာများ အလိုက် လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင် ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုပ်သား ရှားပါးမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်သားလိုအပ်မှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်မည့် ခေတ်မီစက်ကိရိယာများကို အသုံးပြုဆောင်ရွက်နိုင် ရန်လိုကြောင်း၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ရှိ သည့်သီးနှံများကို စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများမှ ထွက်ရှိသည့် သီးနှံထွက်ကုန်များ ကို ပြည်ပသို့ကုန်ကြမ်းတင်ပို့ခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ တင်ပို့နိုင်မည် ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ပြောင်းသီးနှံမှ စားသောက်ကုန်များကိုသာမက တိရစ္ဆာန်အစာများကိုလည်း ထုတ်လုပ်နိုင်သဖြင့် ပြည်တွင်း၌ လိုအပ်ချက်ရှိသကဲ့သို့ ပြည်ပဈေးကွက် ရရှိသဖြင့် ပြောင်းစိုက်ပျိုးမှုကို အားပေးဆောင်ရွက် ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကို တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီး မတည်ငွေများ ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ ထုတ်ပေးထားသည့် ရင်းနှီးမတည်ငွေများကို တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် အကျိုးဖြစ်ထွန်းနိုင်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အဆိုပါထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများသည် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့ အစည်းတစ်ခုတည်း၏ အကျိုးအတွက် ထုတ်ပေး ထားခြင်းမဟုတ်ဘဲ အများကောင်းစားရေး၊ တိုင်းပြည် ကောင်းစားရေးအတွက်ဖြစ်ကြောင်း။
အချို့ဒေသများရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စိုက်ပျိုးရေလိုအပ်ချက်ရှိခြင်းကြောင့် အောင်မြင် အောင် စိုက်ပျိုးရန်အတွက် အခက်အခဲရှိကြောင်း၊ အဆိုပါစိုက်ပျိုးရေလိုအပ်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အသုံးပြု၍ နေရောင်ခြည် စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက် မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလာမည်ဖြစ်၍ ဒေသအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို ချွေတာ
မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် မြို့ကွက် များ စနစ်တကျရှိစေရေးအတွက် တာဝန်ရှိသူများ အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို ချွေတာရန် လိုကြောင်း၊ အလားတူ စက်သုံးဆီသုံးစွဲမှုများကို လျှော့ချဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ် ကားတင်သွင်းမှုနှင့် ပတ်သက်၍ အခွန်ငွေများကို လျှော့ချပြီး တင်သွင်းခွင့်ပေးထားကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်း များကို ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြင့် အောင်မြင်မှုရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသ အလိုက် ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွက် တိုင်းဒေသကြီး တစ်ခုလျှင် ငွေကျပ် ၁၀ ဘီလီယံစီကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ အတွက် တိုင်းဒေသကြီးတစ်ခုလျှင် ငွေကျပ် ၈ ဘီလီယံစီကိုလည်းကောင်း ပေးအပ်ရာ ဝန်ကြီးချုပ် များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်