နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော်  မတ်  ၁၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ  ရုရှားဖက်ဒေရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု  ရန်ပုံငွေအဖွဲ့မှ  ညွှန်ကြားရေးမှူး SHATIROV   Alexander Sergeevich  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့တွေ့ဆုံစဉ်   မြန်မာနိုင်ငံမှ  တွင်းထွက်နှင့် သဘာဝသယံဇာတပစ္စည်းများကို      တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် သဘာဝ သယံဇာတများ         ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့်         စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု    မြှင့်တင်ရေးဆိုင်ရာ   ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများ ကို နည်းပညာအသုံးပြု၍ အဆင့်မြင့်ပရိဘောဂပစ္စည်း များ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နိုင်မှုနှင့် စက္ကူပျော့ဖတ်များ      ထုတ်လုပ်နိုင်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံ    တိုက်ရိုက်လေကြောင်း   ပို့ဆောင်ရေး လုပ်ငန်းများနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏   သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင် ရေးအတွက်    ရုရှားနိုင်ငံအနေဖြင့်   သုတေသနပြု ဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊   မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်    နှစ်နိုင်ငံ    ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ   ဆက်လက်တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍   ရင်းနှီးပွင့်လင်းစွာ ဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ 

 


လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု  ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးတို့သည်  အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေး မှူး   ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊   ရင်းနှီးမြှုပ်နှံမှု နှင့်       နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဒေါက်တာ    ကံဇော်တို့ တက်ရောက်ကြပြီး       ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု        ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး    SHATIROV   Alexander Sergeevich နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ    တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။                                            

သတင်းစဉ်