နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Eastern Economic Forum-2022 ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ တက်ရောက်ပါဝင်ဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)၌ ကျင်းပ ပြုလုပ်သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်(The 7th Eastern Economic Forum-2022)၏ မျက်နှာစုံညီအစည်းအဝေး Plenary Session သို့ ယနေ့ညနေပိုင်းတွင် ပါဝင်တက်ရောက် ဆွေးနွေး သည်။

 


အဆိုပါ   အစည်းအဝေးသို့  ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၊ အာမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂို လီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene ၊             တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ  Mr. Li Zhanshu တို့နှင့်   အဖွဲ့ဝင်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်နှင့်အတူ  ကောင်စီတွဲဖက် အတွင်းရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊      ဦးလှမိုး၊    ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊   မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


အာရှနှင့် ဥရောပကို ချိတ်ဆက်


အစည်းအဝေး၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ကိုယ်တိုင်တက်ရောက်၍ ရုရှားအရှေ့ဖျားဒေသ၏   လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊   ရင်းနှီးမြှုပ်နှံမှုအတွက်  ယှဉ်ပြိုင် စွမ်းအား တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက် ပေးမည့်  အခြေအနေများ၊  အထူးစီးပွားရေးဇုန်များ ထူထောင်ထား၍ အာရှနှင့် ပစိဖိတ်ဒေသမှ ရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ ဆိပ်ကမ်းများကို ဆက်သွယ်ရေးနည်းပညာ အသုံးပြု  အဆင့်မြှင့်တင်၍  ကုန်စည်သင်္ဘောများ ချိတ်ဆက်သွားလာနိုင်မည့်   ဆိပ်ကမ်းကြီးတစ်ခု ပေါ်ပေါက်လာရေး ဆောင်ရွက်နေမှုအခြေအနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်း ပင်လယ်လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာရေး ဆောင် ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးပြောကြား ခဲ့သည်။ 

 


ဝယ်ယူတင်သွင်းမှုများ ပြုလုပ်လာ


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားရာတွင်  လူသားများအသက်ရှင်နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သောစွမ်းအင် (Energy) ကို    အစားအသောက်များမှ   ရရှိခြင်းဖြစ်သည့် အားလျော်စွာ  စားနပ်ရိက္ခာလုံခြုံမှုရှိရေး   (Food Security) သည်  တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိ လူသားများအားလုံးအတွက် အခြေခံအကျ ဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါ ကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security)ဆိုသည်မှာ    နိုင်ငံတစ်ခုအတွင်း   နေထိုင်ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော    စားနပ်ရိက္ခာထောက်ပံ့ပေးနိုင် ခြင်းပင်ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ်များစွာ တိုင်အောင်      အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့်အပြိုင်   နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုမှုသည်  ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် စားသုံး ကုန်များကို   နိုင်ငံတကာဈေးကွက်တွင်  ဝယ်ယူ တင်သွင်းမှုများ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေး လုံခြုံမှု (Financial Security) သည်  စားနပ်ရိက္ခာ လုံခြုံရေး (Food Security)အပေါ် လွှမ်းမိုးလာလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း။

 


ဝိုင်းဝန်းကူညီပေး


စားနပ်ရိက္ခာလုံခြုံရေး (Food Security) တွင် အဓိကကျသော  စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊      ဓာတ်မြေဩဇာများအပါအဝင် အထောက်အကူပြုပစ္စည်းများ  ရောင်းဝယ်ရာတွင် အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီး ဖြစ်လာသည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချ လျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီး များ၏    ဒေါ်လာအနိုင်ကျင့်မှုခံနေရပြီး  နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များတွင်      နိုင်ငံကြီးများအား လွန်ဆန်နိုင်ခြင်းမရှိသည်ကို    တွေ့ရှိရပါကြောင်း၊  မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး  စသည့်ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်ပါကြောင်း၊ ထို့အပြင် တိုက်ရိုက် ကုန်စည်ဖလှယ်မှုစနစ် (Barter System)ကိုလည်း   ဒေါ်လာအစားထိုး  ဆောင်ရွက် နိုင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက မိမိတို့ နိုင်ငံငယ်များအနေဖြင့်   ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အင်အားကြီး မိတ်ဆွေနိုင်ငံများကလည်း ဝိုင်းဝန်း ကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း။

 


စားနပ်ရိက္ခာရရှိနိုင်မှုတို့ ပြည့်စုံရန်လို


နိုင်ငံတစ်ခုတွင်     စားနပ်ရိက္ခာလုံခြုံရေးကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်ရာ၌ လုံလောက် သော စားနပ်ရိက္ခာပမာဏရရှိနိုင်မှု၊ ဈေးနှုန်းသင့်တင့် သော   စားနပ်ရိက္ခာရရှိနိုင်မှုနှင့်  ကျန်းမာရေးနှင့် ညီညွတ်သော စားနပ်ရိက္ခာရရှိနိုင်မှုတို့ ပြည့်စုံရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်ခုအတွင်း ကျန်းမာရေး နှင့် ညီညွတ်သော အစားအသောက်များကို သင့်တင့် သောဈေးနှုန်းဖြင့် လွယ်ကူလုံလောက်စွာ ဝယ်ယူနိုင် မည်ဆိုပါက   အဆိုပါနိုင်ငံကို စားနပ်ရိက္ခာပြည့်စုံ ကုံလုံသောနိုင်ငံအဖြစ်   မှတ်ယူနိုင်မည်ပင်ဖြစ်ပါ ကြောင်း၊ နိုင်ငံတစ်ခု၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် ပတ်သက်၍ အဓိကစိန်ခေါ်နေသည့် အချက်များမှာ လူဦးရေတိုးမြင့်လာခြင်း၊ စားနပ်ရိက္ခာလိုအပ်ချက် (Demand) မြင့်တက်လာခြင်း၊ စားနပ်ရိက္ခာဈေးနှုန်း အပြောင်းအလဲများရှိခြင်း၊ စိုက်ပျိုးသီးနှံပင် မျိုးစိတ် များ ရှားပါးလာခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်  ရေနှင့်စိုက်ပျိုးမြေ ရှားပါးလာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စားနပ်ရိက္ခာပြုန်းတီးမှု နှင့်       ဖြုန်းတီးမှုများရှိနေခြင်းတို့ပင်     ဖြစ်ပါ ကြောင်း။

 


ဝယ်လိုအားသည် သိသာစွာမြင့်တက်


ကမ္ဘာ့လူဦးရေသည် လွန်ခဲ့သည့်နှစ်များအတွင်း တိုးပွားလာခဲ့ပြီး လူသားများ သက်တမ်းကြာရှည်စွာ ရှင်သန်နေထိုင်နိုင်မှု မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိမည်ဖြစ်ပါကြောင်း၊   သုတေသီများနှင့် ပညာရှင်များကလည်း ကမ္ဘာ့လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၈ ဒသမ ၅ ဘီလီယံ၊ ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၇၃ ဘီလီယံနှင့် ၂၁၀၀ ပြည့်နှစ် တွင် ၁၀ ဒသမ ၄ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထား သည်ကို   တွေ့ရှိရပါကြောင်း၊   လူတိုင်းအတွက် စားရေးသည် နေ့စဉ်လိုအပ်ချက်ဖြစ်သဖြင့် အဓိက ကျပါကြောင်း၊ ဝတ်ရေး၊ နေရေးသည် နေ့စဉ် လိုအပ် ချက်မဟုတ်ပါကြောင်း၊ ထို့ကြောင့် စားရေးကို အဓိက ထား ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူဦးရေ တိုးမြင့်လာခြင်းနှင့်အတူ      စားနပ်ရိက္ခာလိုအပ်မှု (Demand) သည်လည်း အချိုးကျမြင့်တက်လာမည် ဖြစ်ပြီး အထူးသဖြင့် ဆန်၊ ဂျုံ အစရှိသည့် အခြေခံ စားကုန်များ၊ ဆီနှင့် ဆီထွက်သီးနှံများ၊ အသားနှင့် အသားထွက်ကုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် အသီးအနှံများ၏ ဝယ်လိုအားသည်လည်း သိသာစွာ မြင့်တက်လာမည်ဖြစ်ပါကြောင်း။

 


အရေးပါသောနေရာမှ ပါဝင်


မိမိတို့ မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင် အာရှဒေသသည် သဘာဝပထဝီဝင်အရ သမုဒ္ဒရာကြီး နှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးရာတွင် အချက် အချာကျသည့်နေရာ၌ တည်ရှိနေသည့်အားလျော်စွာ အင်ဒို- ပစိဖိတ်ဒေသကြီးတွင် အရေးပါသောနေရာမှ ပါဝင်နေလျက်ရှိပါကြောင်း၊ ထို့အတူ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ (ASEAN)၏ အဖွဲ့ဝင်နိုင်ငံများ သည်လည်း      ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အတွက် များစွာအရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက်  အခွင့်အလမ်းများစွာရှိသော  နိုင်ငံများ အဖြစ်     ရပ်တည်လျက်ရှိသည်ကို     တွေ့ရှိရမည် ဖြစ်ပါကြောင်း။

 


ပမာဏအမြောက်အမြား ထုတ်လုပ်နိုင်


အာဆီယံအဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံ ပါဝင်ပြီး လူဦးရေစုစုပေါင်း သန်း ၆၆၀ ကျော် မှီတင်း နေထိုင်လျက်ရှိပါကြောင်း၊   ၂၀၂၀  ပြည့်နှစ်အတွင်း အဓိက စားကုန်များဖြစ်သည့် ဆန်စပါး မက်ထရစ် တန်ချိန် ၁၉၁ သန်းကျော်၊ ပြောင်း မက်ထရစ်တန်ချိန် ၄၅   သန်းကျော်၊  ကြံ  မက်ထရစ်တန်ချိန်  ၁၄၄ သန်းကျော်နှင့် ပီလောပီနံ မက်ထရစ်တန်ချိန် ၇၉ သန်းကျော်       စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အခြေခံစားသောက် ကုန်များအား ပမာဏအမြောက်အမြား ထုတ်လုပ်နိုင် လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကမ္ဘာ့ စားနပ်ရိက္ခာလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင်လည်း  အာဆီယံအဖွဲ့ဝင်နိုင်ငံ များသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး အနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံ နီးပါးရှိခဲ့ရာ    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၅၀ ခန့်သာရှိပြီး အာဆီယံပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှု သည် အမေရိကန် ဒေါ်လာ ၂ ထရီလီယံကျော်သည့် အတွက်   အာဆီယံပြင်ပကုန်သွယ်မှုသည်   သိသိ သာသာ ပိုများသည်ကို တွေ့နိုင်ပါကြောင်း။ 

 


အာဆီယံဒေသကြီးတွင် အသားတင်စိုက်ပျိုးမြေ စုစုပေါင်းဟက်တာ  ၁၃၉  သန်းကျော်ရှိပြီး အဓိက ဆန်စိုက်ပျိုးသည့် နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်စိုက်ပျိုးနိုင် မှုသည်   ဟက်တာ  ၂၃  သန်းကျော်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်   ယင်းမြေအားလုံးတွင်  ဆန်စပါး စိုက်ပျိုးမှု   ရာသီမရွေးဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 


ဆက်လက်ထိန်းသိမ်းဆောင်ရွက်


မြန်မာနိုင်ငံသည်   စိုက်ပျိုးမွေးမြူရေးကဏ္ဍ အတွက် အရင်းအမြစ်ကောင်းများဖြစ်သည့် စိုက်ပျိုး မြေနှင့်  သဘာဝသစ်တောဧရိယာများ၊  သဘာဝ မြစ်ချောင်းအင်းအိုင်များ၊  ပင်လယ်ကမ်းရိုးတန်းများ ဖြင့် ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ အတွင်း စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၁၃ သန်း ကျော်ရှိပြီး ဆန်၊ ပဲနှင့် ပြောင်းကို အဓိကတင်ပို့သည့် နိုင်ငံဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်များစွာရှိသည့် အားလျော်စွာ စပါး၊ ပဲမျိုးစုံ၊ ပြောင်းအပြင် နှမ်းနှင့် ဝါသီးနှံတို့ကို အများဆုံး စိုက်ပျိုးလျက်ရှိပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံမှု (Food Security) အတွက် ရိက္ခာထုတ်လုပ်ရန်အတွက်   မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်များ ပြည့်စုံ ကောင်းမွန်ရန်လိုအပ်ပြီး    အဓိကမှာ  အပင်များ အတွက် မြေဩဇာနှင့်  ထွန်ယက် စိုက်ပျိုးရန်အတွက် ဒီဇယ်ဆီလည်း   လိုအပ်ပါကြောင်း၊  ထို့ကြောင့် မိတ်ဆွေနိုင်ငံများမှ   ကူညီဖြည့်တင်းပေးနိုင်မည် ဆိုပါက စိုက်ပျိုးထုတ်လုပ်မှုအား ယခုထက် ၂ ဆခန့် တိုးမြှင့်နိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံမှု (Food Security)အတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ကပင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံသည့်အပြင် ပိုလျှံ သော စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊    ကမ္ဘာ့နိုင်ငံများသို့  တင်ပို့ ရောင်းချလျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ သည် အခြေခံစားနပ်ရိက္ခာထုတ်လုပ်သည့် ပင်မနိုင်ငံ တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာကောင်း များကို ပိုင်ဆိုင်ထားသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အခွင့်ကြုံခိုက်ပြောကြားလိုပါကြောင်းနှင့် ဆက်လက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

 


ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားရှိပြီး လုပ်ကွက် ၈ ကွက်မှာ သဘာဝဓာတ်ငွေ့များ တွေ့ရှိတူးဖော်ပြီး ပြည်တွင်း၊ ပြည်ပ တင်ပို့ ရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိတွင်လည်း ဘင်္ဂလားပင်လယ်အော်အတွင်း၌ သဘာဝဓာတ်ငွေ့ ၂  ထရီလီယံကုဗပေကျော်   တွေ့ရှိခဲ့ပြီး   မကြာမီ စီးပွားဖြစ်ထုတ်ယူနိုင်တော့မည်     ဖြစ်ပါကြောင်း၊ အလားတူ ထိုထက်ပိုမိုကြီးမားသည့် ဓာတ်ငွေ့သိုက် တစ်ခုကို တူးဖော်နိုင်မည့် အလားအလာများလည်း တွေ့ရှိပါကြောင်း၊ ထို့ကြောင့် နောင်လာမည့် ၃ နှစ် အတွင်း    မြန်မာနိုင်ငံတွင်  သဘာဝဓာတ်ငွေ့ကို အခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်  စိတ်ပါဝင်စားသူများကို    ဖိတ်ခေါ်အပ် ပါကြောင်းဖြင့် ပြောကြားလိုပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ရှာဖွေဖော်ထုတ်ခြင်း မပြုရသေး သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များစွာ ကျန်ရှိ နေပါသေးကြောင်း၊ အလားတူ ကြေးနီ၊ သံ၊ ခဲမဖြူ စသည့် သတ္တုများလည်း ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ နိုင်သည့် ထုတ်လုပ်မှုလုပ်ငန်းများရှိပါကြောင်း။

 


မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ     တင်ပို့လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့် အခြားသော   ရေနံထွက်ကုန်ပစ္စည်းများကို  ရုရှား နိုင်ငံမှ တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုကို ယခုထက် ပိုမိုတိုးမြှင့်နိုင်မည်ဆိုပါက မိမိတို့ နှစ်နိုင်ငံအတွက်   အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာ စေမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်  ယခုဖိုရမ်သို့ တက်ရောက်လာကြသည့်    စီးပွားရေးလုပ်ငန်းရှင် များအား မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၊ သတ္တု ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး အခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု ကဏ္ဍ၊   စွမ်းအင်ကဏ္ဍ၊  ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နှင့်      အခြားအခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ရော်ဘာ အခြေခံ   စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊  ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ် ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဘဏ္ဍာရေးလုပ်ငန်း ကဏ္ဍများ၊ အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်းနှင့် အခြား  ပြည်ပ ကုန်သွယ်ရေးအတွက်ကိုလည်း အခွင့်အလမ်းများစွာ ပေးအပ်နိုင်စွမ်းရှိသည်ကို  ပြောကြားလိုပါကြောင်း။ 

 


ယခုကျင်းပပြုလုပ်သည့် Eastern Economic Forum-2022 ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များသည်လည်း   ယူရေးရှားဒေသတွင်း မိတ်ဖက်နိုင်ငံများအကြား   ဆက်ဆံရေးအား  ပိုမို ကောင်းမွန်လာစေရန် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဒေသတွင်းနိုင်ငံများအကြားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်နိုင်ငံများ   ပြုလုပ်ခြင်းဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံဆက်သွယ်ဆောင်ရွက်မှု လုပ်ငန်းယန္တရားများရှိလာမည်ဖြစ်ကာ  နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်   အရှေ့ပိုင်းဒေသအား အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကိုလည်း တွန်းလှန် နိုင်မည် ဖြစ်ပါကြောင်း၊ အာရှဒေသတွင်းနိုင်ငံများ အကြား  ကောင်းမွန်ခိုင်မာသော  ဆက်ဆံရေးအား တည်ထောင်နိုင်ခြင်းဖြင့် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ဆက်သွယ်သော နိုင်ငံတကာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု (International North South Transport Corridor-INSTC)ကို ဖော်ဆောင်နိုင်မည် ဖြစ်ရာ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သည့် ကုန်သွယ် မှု၊ ရင်းနှီးမြှုပ်နှံမှုတို့ ထွန်းကားလာမည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအရ တည်ငြိမ်မှုရှိရေး ကိုလည်း ပို၍ခိုင်မာအားကောင်းလာစေမည် ဖြစ်ပါ ကြောင်း၊  အာရှဒေသတွင်း  အင်အားတောင့်တင်း ခိုင်မာသည့် တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အာဆီယံ၊ BIMSTEC အဖွဲ့တို့အနေဖြင့် ရုရှားနိုင်ငံနှင့် ခိုင်မာ သော ဆက်ဆံရေးအား ထူထောင်ခြင်းအားဖြင့် မိမိတို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအား    ပံ့ပိုးပေးရာရောက်မည်ဟု ယုံကြည်ပါကြောင်း။

 


ဦးဆောင်နိုင်သည့် အနေအထားတွင်ရှိနေ


မျက်မှောက်ကာလတွင် အာရှ-ပစိဖိတ်ဒေသ သည်  စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်လာလျက် ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် သင့်တော်သော ဒေသတစ်ခုဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အာဆီယံ အဖွဲ့သည်လည်း အာရှ-ပစိဖိတ်ဒေသတွင်း၌ အချက် အချာကျစွာ တည်ရှိနေသည့်အားလျော်စွာ ဒေသ တွင်း  သံတမန်ဆက်ဆံရေးနှင့်   စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ဦးဆောင်နိုင်သည့် အနေ အထားတွင် ရှိနေပါကြောင်း၊ ထို့အပြင် အာဆီယံသည် မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ ၏ အားပြိုင်မှုအကြားတွင်ရှိနေပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍများတွင် အဓိကအခန်းကဏ္ဍ၌ ရှိနေ သည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများ သည်လည်း   အရှေ့တောင်အာရှဒေသမှတစ်ဆင့် ဖြတ်သန်းဆောင်ရွက်ရလျက်ရှိသဖြင့် အာဆီယံ၏ ဗဟိုချက်မကျမှု (ASEAN Centrality)ကို အထင် အရှား မြင်တွေ့နိုင်ပါကြောင်း။ 

 


မိမိသတိပြုမိသည့် အချက်အနေဖြင့် အာဆီယံ ဒေသမှ      ရုရှားနိုင်ငံအလယ်ပိုင်းသို့   အနီးဆုံး ကုန်းလမ်းကြောင်း   ၁   ခုနှင့်  အာဆီယံဒေသမှ တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် အလယ် အာရှဒေသတို့ကို    ဖြတ်သန်းပြီး  ရုရှားနိုင်ငံသို့ ဆက်သွယ်ရေးလမ်းကြောင်း ၁ ခု မဖြစ်မနေ လိုအပ် ပါကြောင်း၊ တရုတ်နိုင်ငံမှ ဆောင်ရွက်နေသည့် Belt and Road Initiative(BRI) နှင့် ပေါင်းစပ်ဆောင်ရွက် နိုင်ပါကြောင်း၊   အာဆီယံအဖွဲ့၏  အဖွဲ့ဝင်နိုင်ငံ ဖြစ်သော   မိမိတို့မြန်မာနိုင်ငံသည်   ပထဝီဝင်မြေ အနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အနောက်ဥရောပ နိုင်ငံများနှင့် အာရှအရှေ့ပိုင်းဒေသများသို့ ကူးလူး ဆက်သွယ်ရာတွင်လည်းကောင်း  အဓိကကျသော နေရာတွင် တည်ရှိနေပါကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက်   အဆင်ပြေချောမွေ့စေရေး လိုအပ်သည့် ဥပဒေများပြဋ္ဌာန်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ မည်ဆိုပါက ထုတ်ကုန်များကို ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချရာတွင်        လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး  အကျိုးအမြတ်များစွာ ရရှိစေမည်ဖြစ်သည့်အပြင်   ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံရေး   (Food   Security)  အတွက်  များစွာ အထောက်အကူပြုစေမည်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရေး  ဖိတ်ကြားပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။ 

 


ဖြည့်စွက်ဆွေးနွေး


ဆက်လက်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဆွေးနွေးမှု နှင့်  ပတ်သက်၍  အခမ်းအနားမှူးက သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြား ခဲ့ပြီး     ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ   မစ္စတာ ဗလာဒီမာပူတင်ကလည်း        ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

 


ပါဝင်ဆွေးနွေး


ထို့နောက် အာမေးနီးယားနိုင်ငံဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ   Mr.  Li  Zhanshu  တို့က  သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက်         ဆွေးနွေးပြောကြားခဲ့ကြပြီး   အရှေ့ဖျားဒေသ၏   ဖွံ့ဖြိုးတိုးတက်မှုနှင့်  အာရှ-ပစိဖိတ်ဒေသနိုင်ငံများ၏   ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ အခမ်း အနားမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့က အကြောင်းအရာများ  သဘောထားအမြင်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi၊ မလေးရှား နိုင်ငံ ဝန်ကြီးချုပ် H.E. Ismail Sabri Yaakob နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh တို့ကလည်း Video Message များပေးပို့၍ ပါဝင် ဆွေးနွေးခဲ့ကြသည်။

 


ထို့နောက် လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ အခမ်းအနား မှူး၏ သိရှိလိုသည့်  မေးမြန်းမှုများကို ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတက    အကြောင်းအရာတစ်ခုချင်းစီ အလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်၊  အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယား နိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene ၊     တရုတ်ပြည်သူ့သမ္မတနိုင်ငံ  အမျိုးသား ပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ   Mr.  Li  Zhanshu တို့သည် ရင်းရင်းနှီးနှီး   နှုတ်ဆက်ကြပြီး  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 


(၇) ကြိမ်မြောက် ကျင်းပခြင်းဖြစ်


ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ        မစ္စတာ ဗလာဒီမာပူတင်သည် ရုရှားအရှေ့ဖျား၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာရှ-ပစိဖိတ်ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုကို   မြှင့်တင်ရန်ရည်ရွယ်ပြီး အရှေ့ဖျားစီးပွားရေးဖိုရမ်အား ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ   ယခုအကြိမ်သည်  (၇) ကြိမ် မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ရုရှား အရှေ့ဖျား ဒေသသည် ယူရေးရှားနိုင်ငံများ၏  အရှေ့အစွန်ဆုံး ဒေသဖြစ်ပြီး အာရှနိုင်ငံများ၊ အာရှ-ပစိဖိတ်နိုင်ငံ များနှင့် ချိတ်ဆက်ရာ၌ ဗဟိုချက်အဖြစ် အသုံးချ၍ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှသည် ကမ္ဘာ့စီးပွားရေးပေါင်းစည်းနိုင်မှုအထိ   ဦးတည် ဆောင်ရွက်သွားရန်ရည်ရွယ်ကာ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ အစပြုဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့စီးပွား ရေး မဟာဗျူဟာတစ်ခုလည်းဖြစ်ကြောင်း၊ ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပခြင်းဖြစ်သည့်အားလျော်စွာ နိုင်ငံအသီးသီးမှ ပါဝင်တက်ရောက်သူများ ရောဂါအန္တရာယ်ကင်းရှင်း စေရေးအတွက်      ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လာရောက်ရာတွင်လည်းကောင်း၊   ဖိုရမ်ကျင်းပရာ နေရာနှင့် အရေးကြီးဆွေးနွေးပွဲများသို့ တက်ရောက် ရာတွင်လည်းကောင်း   ကျန်းမာရေးဆေးစစ်မှုများ ဆောင်ရွက်ခဲ့ရပြီး ဖိုရမ်ကျင်းပနေစဉ်အတွင်း WHO မှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေးကန့်သတ်ချက်များနှင့်အညီ  ကျင်းပ  ခဲ့ခြင်းဖြစ်ကြောင်းနှင့်   နိုင်ငံပေါင်း  ၉၀  ကျော်မှ  ကိုယ်စားလှယ်များ၊   သံအရာရှိများ၊   စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့်  မီဒီယာများတက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။          

သတင်းစဉ်