နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Eastern Economic Forum-2022 ရှိ Exhibition အတွင်း ခင်းကျင်းပြသထားမှုများအား လေ့လာကြည့်ရှု Rosatom State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
Eastern Economic Forum-2022 ရှိ Exhibition အတွင်း ခင်းကျင်းပြသထားမှုများအား လေ့လာကြည့်ရှု
Rosatom State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    စက်တင်ဘာ   ၆


(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022) ကို    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ   ဗလာဒီဗော့စတော့ခ်မြို့   Far Eastern Federal University(FEFU)၌ စက်တင်ဘာ ၅ ရက်တွင်  စတင်ဖွင့်လှစ်ခဲ့ပြီး  တွေ့ဆုံဆွေးနွေးမှု များ၊    နားလည်မှုစာချွန်လွှာရေးထိုးပွဲများ၊   တွေ့ဆုံ မေးမြန်းမှုများကို ဆောင်ရွက်လျက်ရှိကြပြီး ကဏ္ဍ ပေါင်းစုံအလိုက်  ပြခန်းများလည်း  ခင်းကျင်းပြသ ထားသည်။

 


ပြန်လည်မေးမြန်းဆွေးနွေး


ထိုသို့  Eastern Economic Forum-2022 ရှိ Exhibition အတွင်း  ခင်းကျင်းပြသထားသည့် ပြခန်း များအား   ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်    ရောက်ရှိ နေသည့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုလေ့လာကြသည်။

 

   ဦးစွာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် RZD Russian Railways ကုမ္ပဏီ ပြခန်းသို့    ရောက်ရှိကြရာ    ပြခန်းတာဝန်ခံများက မီးရထားလမ်းကြောင်းနည်းပညာများနှင့် ဝန်ဆောင် မှုပေးနိုင်သည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး Rus  Hydro  Hydroelectric  power  generation company  ပြခန်း၊  ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ VEB.RF Investment company ပြခန်း၊ Aeroflot Airline ပြခန်းတို့သို့ ရောက်ရှိလေ့လာခဲ့ရာ ပြခန်းများ အလိုက် တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့်   ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိ လိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

 


ဆွေးနွေး


ထို့နောက်     မွန်းလွဲပိုင်းတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ရုရှားနိုင်ငံပိုင်  အဏုမြူကော်ပို ရေးရှင်း   Rosatom   State  Corporations   ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့် အဖွဲ့ဝင်များအား FEFU Campus အတွင်း တွေ့ဆုံ၍ နျူကလီးယားစွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အတွေ့အကြုံနှင့် နည်းပညာများကို လေ့လာခွင့်ရရှိ နိုင်မည့်  အခြေအနေများနှင့်  နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ၊    နိုင်ငံသားများ၏    လူမှုဘဝစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်   ငြိမ်းချမ်းစွာအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက်      လုပ်ငန်းစဉ်များ (Road Map)    ချမှတ်ဆောင်ရွက်မည့်   အစီအစဉ် များ၊  နျူကလီးယားစွမ်းအင်ကို   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံ နှင့်   သုတေသနစမ်းသပ်ခြင်း၊   ဆေးဝါးထုတ်လုပ် ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်နိုင်မည့်     အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  Rosatom State Corporations ၏  အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ   အပြန်အလှန် ပေးအပ်ကြသည်။ 

 


လက်မှတ်ရေးထိုး


တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနတို့နှင့်  ရုရှားနိုင်ငံပိုင်  အဏုမြူ ကော်ပိုရေးရှင်း     Rosatom   State   Corporations တို့အကြား     ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ    သဘောတူညီမှု   စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို   ဆက်လက်ဆောင်ရွက် ကြရာ   Rosatom State Corporations  ၏   အမှု ဆောင်အရာရှိချုပ်      Mr.  Alexey   Evgenievich Likhachev၊       သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့က   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာ များကို  အသီးသီးလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။                  

          
သတင်းစဉ်