နေပြည်တော် ဇန်နဝါရီ ၁၈
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဘွဲ့ခံ ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်း ချီးမြှင့် အပ်နှင်းခဲ့သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စား သော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံရယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူ မည့် ကာယကံရှင်မိသားစုဝင်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်း ပေးလျက်ရှိသည်။
ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများသည် စည်သူဘွဲ့ရရှိသူ ဗိုလ်မှူးကြီး(ငြိမ်း) လဖိုင်ခွန်နော် (ကိုယ်စား) သမီးဖြစ်သူ ဒေါ်လဖိုင်နန်ဒွဲ ကို မြစ်ကြီးနားမြို့ရှိ ၎င်း၏မိသားစုနေအိမ်သို့ သွားရောက်၍ ဂုဏ်ထူး ဆောင်တံဆိပ်နှင့် ဘွဲ့လက်မှတ်ကို လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



