
ကနောင်
မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများပြန်လည်ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ယူမှုခရီး ငါးလတာကာလ ဖြတ်သန်းခဲ့ပြီဖြစ်ပါတယ်။ ယခင်လများနည်းတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများအပါအဝင် အစိုးရတစ်ရပ်လုံးက ပြည်သူအတွက်၊ နိုင်ငံအတွက် ဖော်ဆောင်မှုများမှာ များပြားလွန်းလှပါတယ်။ ပြည်တွင်းတည်ငြိမ် အေးချမ်းမှုရှိအောင်၊ တိုးတက်ဖွံ့ဖြိုးအောင် အားသွန်ကြိုးပမ်းရချိန်၊ တစ်ဖက်နိုင်ငံတကာမျက်နှာစာမှာလည်း နိုင်ငံနဲ့ အုပ်ချုပ်သူအစိုးရ၊ နိုင်ငံသားတို့ရဲ့ ရပ်တည်ချက်၊ မျှော်မှန်းချက်၊ ဆောင်ရွက်ချက်များကို ကမ္ဘာကသိမြင်အောင် ကြိုးပမ်းအားထုတ်ကြရတာကို မြင်တွေ့ရပါတယ်။
ဇွန်လ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ကျင်းပခဲ့တဲ့ (၉) ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီညီလာခံက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် အမှန်တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးဖို့ လုံလောက်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာအပေါ်ထားရှိတဲ့ သဘောထား၊ ရပ်တည် ချက်နဲ့ မိမိတို့နိုင်ငံအတွက် အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကမ္ဘာ့နိုင်ငံများ သိရှိနားလည်စေရန်အတွက် ဖော်ထုတ်ပြသခဲ့တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညီလာခံတွင် “The Asia-Pacific Region in the Context of Global Politics” ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကိုရောက်ရှိစဉ် ဇွန်လ ၂၁ ရက်မှာ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)က ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်ကို ရတနာစိန်ဖူးတော်၊ ငှက် မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာမင်္ဂလာ၊ သဒ္ဓမ္မဇောတိကသိမ်တော်မြတ်အား ရေစက် သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို တက်ရောက်ပူဇော် ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးတို့ ဇွန်လ ၂၁ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့နဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းနိုင်စေဖို့ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu က ဇွန်လ ၂၂ ရက် ညနေပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပြီး ခင်မင်ရင်းနှီးစွာနဲ့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာကိုလည်း တွေ့ရ ပါတယ်။
ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ချီးမြှင့်ခံရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေက ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာရှိတဲ့ Rosoboronexport ကုမ္ပဏီနဲ့ OSTANKINO တာဝါကိုလည်း ဇွန်လ ၂၂ ရက်က သွားရောက်လေ့လာခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို ဇွန်လ ၂၄ ရက် ညနေပိုင်းက အဆိုပါတက္ကသိုလ်မှာ ပေးအပ်ချီးမြှင့်ခဲ့ပါ တယ်။
ထို့အတူ ရုရှားနိုင်ငံ Russia 24 သတင်းဌာနနဲ့ RIA သတင်းဌာနတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံဖြေကြားပေးခဲ့ပါတယ်။ မေးမြန်းမှုတွေမှာ ရုရှား-မြန်မာ စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေ၊ လက်ရှိမြန်မာ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာများ ပါဝင်ခဲ့ပါတယ်။
ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်များက Republic of the Tatarstan ၊ Kazan မြို့တော်ကိုရောက်ရှိခဲ့စဉ် သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့တဲ့အပြင် ဆေးကုသရေးဆိုင်ရာအထောက်အကူပြုဆေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများ၊ ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံဖြစ်တဲ့ JSC “Zelenodolsk Plant named after A.M.Gorky”၊ ထရပ်ကား၊ ဘတ်စ်ကားနဲ့ ဒီဇယ် အင်ဂျင်တွေထုတ်လုပ်တဲ့ KAMAZ Holding ကုမ္ပဏီ၊ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံနဲ့ Kazan Higher Tank Red Banner Command School တို့ကိုသွားရောက်လေ့လာခဲ့ပြီး ရိုးရာ နွေရာသီပွဲတော်ကိုလည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ က Novosibirsk မြို့ကို ဇွန်လ ၂၆ ရက်က ရောက်ရှိခဲ့ပြီး ပြည်နယ် Academic Opera and Ballet Theatre၊ Higher Military Command School နဲ့ Russian Academy of Science (Siberian Branch) တို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
ထို့အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရုရှားနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလ အတွင်းမှာ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲကို တက်ရောက်ခဲ့ပြီး ရုရှားရေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးများပါမကျန် တိုးတက်စေရန်ကြိုးပမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကို ကားလမ်းဆက်စပ်သွားလာနိုင်ဖို့ အရေးပါတဲ့ သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်ကို ဇွန်လ ၁ ရက်က ဖွင့်လှစ် ပေးခဲ့တဲ့အပြင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများနဲ့ တွေ့ဆုံ ပြီး စစ်တောင်းစက္ကူစက် ပြန်လည်လည်ပတ်နိုင်ရေး၊ မော်လမြိုင် လေယာဉ်ကွင်းနဲ့ ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အကောင်အထည်ဖော်ရေးများကို ညှိနှိုင်းပေးခဲ့တဲ့အပြင် နယ်မြေခံတပ်မတော်သားများနဲ့တွေ့ဆုံခြင်း၊ တပ်မတော်ဆေးရုံ တွေကို ထောက်ပံ့လှူဒါန်းခြင်းတွေ၊ ပေါင်မြို့ ပဒုမ္မာဆပ်ပြာစက်ရုံစစ်ဆေးခြင်းတွေနဲ့ မွန်ပြည်နယ် မင်းရွာအနီးက အားကစားဥယျာဉ် တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အများပြည်သူအဆင်ပြေချောမွေ့ စွာလာရောက်နိုင်စေရေးအတွက်ပါ လမ်းညွှန်မှာကြားခဲ့တာကို မြင်တွေ့ရပါတယ်။
ဇွန်လ ၅ ရက်မှာကျရောက်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေ အရ သဘာဝဘေးအန္တရာယ်များ တွေ့ကြုံခံစားရမှု လျော့ပါးစေရေး နဲ့ ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေ ရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၂/၂၀၂၁)၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၈/၂၀၂၁)၊ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေး (၉/၂၀၂၁)တွေကို တက်ရောက်ခဲ့ပြီး နိုင်ငံရေးအခြေအနေ အရပ်ရပ်အပေါ် သုံးသပ်ဆွေးနွေးခဲ့တာ၊နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီး အပေါ် ဆွေးနွေးညှိနှိုင်းအဖြေရှာခဲ့တာတွေကို မြင်တွေ့ရပါတယ်။ ဥပမာ - နိုင်ငံရဲ့ ဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်နိုင်ဖို့၊ ကျေးလက်ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ အလေးပေးဆောင်ရွက်ကြဖို့နဲ့ အခွန်အခများလျှော့ချနိုင်ဖို့ စတဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို ချမှတ်ပေးခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး (၁/၂၀၂၁)၊ နိုင်ငံ အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၊ အမျိုးသားမြေအသုံးချမှု ကောင်စီ ပထမအကြိမ်အစည်းအဝေး၊ မြန်မာ အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအစည်းအဝေး(၁/၂၀၂၁)၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးများ အပြင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထနှင့် ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို တက်ရောက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများနဲ့အတူ ညှိနှိုင်းအဖြေရှာပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာရေးရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ Mr.Peter Maurer ဦးဆောင်တဲ့ကိုယ်စားလှယ် အဖွဲ့၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ကို လက်ခံတွေ့ဆုံခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးရရှိရေးအတွက် အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
ဇွန်လ ၅ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့ပြီး တရုတ် - အာဆီယံ ဆက်ဆံရေး နှစ် ၃၀ ပြည့်အခမ်းအနားနှင့် တရုတ် - မြန်မာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix ရုပ်သံမီဒီယာက တွေ့ဆုံမေးမြန်းခဲ့ရာမှာလည်း လက်ရှိ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ အနာဂတ်နိုင်ငံ လူမှု စီးပွားမျှော်မှန်းချက်တွေကို ဖြေကြားခဲ့တာကိုလည်း မြင်တွေ့ရပါ တယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဇွန်လ ၇ ရက်မှာ ကျင်းပခဲ့တဲ့ မိတ်ဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ် အာဆီယံ - တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ် ကို အစည်းအဝေးများမှာ တင်ပြဆွေးနွေးခဲ့တဲ့အပြင် တရုတ်နှင့် အာဆီယံဆိုင်ရာ နိုင်ငံတော်အဆင့်တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ပါတယ်။ ထူးခြားမှုအနေနဲ့ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းများ အနက် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ရှစ်သန်းကျော် တန်ဖိုး ရှိ လူမှုစီးပွားဘဝများအတွက် စီမံကိန်း ၂၂ ခုကို အကောင်အထည်ဖော် နိုင်ဖို့ သဘောတူညီချက်များ ချမှတ်နိုင်ခဲ့ပါတယ်။
ဇွန်လအတွင်း ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက (၁၅) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ၊ ရှစ်ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာရပ်ဝန်းနဲ့ ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများရဲ့ အဆင့်မြင့်ညီလာခံကို ဇွန်လ ၂၄ ရက်က ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါ တယ်။ ထို့အတူ (၁၁) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့အစည်းအဝေး ကို မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ဦးဆောင်ပြီး ဇွန် ၃၀ ရက်က ကျင်းပခဲ့ပါတယ်။
အာဆီယံ - ရုရှားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်က ကျင်းပခဲ့ရာမှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အာဆီယံကဏ္ဍအလိုက် အဖွဲ့အစည်းများနဲ့ ဆက်စပ်အဖွဲ့အစည်းများ အကြား ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအဖြစ် (အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများအစည်းအဝေး)ကို အလှည့်ကျ ဥက္ကဋ္ဌအနေနဲ့ ဒုတိယရှေ့နေချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ပြီး ပူးပေါင်းဆွေးနွေးခဲ့တာတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ် စွန့်ခွာသွားခဲ့သူ ၇၂ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုတဲ့ ကိစ္စရပ်ကို ဇွန်လ ၁၁ ရက်ကကျင်းပတဲ့ နိုင်ငံသားစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တာဝန်ရှိသူများက ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လအတွင်း သတင်းထုတ်ပြန်ချက် သုံးစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၁၃ ရက် ရက်စွဲနဲ့ သတင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံအရေးနဲ့ စပ်လျဉ်းပြီး ဇွန်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန် ခဲ့တဲ့ သတင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်တဲ့ တန်ပြန်သတင်းထုတ်ပြန်ချက် ဖြစ်ပါ တယ်။ ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး ကြေညာချက်မှာ ပါဝင်တဲ့ အတည်ပြုမရတဲ့သတင်းရင်းမြစ်တွေကနေ ထွက်ပေါ်လာတဲ့ ဘက်လိုက်မှုရှိတဲ့ သတင်းမှားတွေကို အခြေခံပြီး မြန်မာ့ပြည်တွင်း နိုင်ငံရေးကိစ္စရပ်တွေအပေါ် ထည့်သွင်းဖော်ပြတာကို ပြင်းပြင်း ထန်ထန် ပြန်လည်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ တတိယသတင်း ထုတ်ပြန်ချက်ကို ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံသို့ လီချင်စတိန်းနိုင်ငံက တင်သွင်းတဲ့ The Situ-ation in Myanmar အဆို မူကြမ်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား အတွက် ဆက်လက်ဆောင်ရွက်သွားမယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်စေတဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုတွေကို လက်သင့်မခံကြောင်းကို ဖော်ပြပါရှိခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)