နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားမြို့၌ လီဆူတိုင်းရင်းသားများနှင့် တွေ့ဆုံ

 

မြစ်ကြီးနား    ဇန်နဝါရီ    ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jang Phang  နော်တောင်၊  ဦးမောင်းဟာ၊   ဦးစိုင်းလုံးဆိုင်၊   ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့သည် မြန်မာနိုင်ငံ  လီဆူစာပေနှင့်  ယဉ်ကျေးမှုဗဟို ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ယနေ့နံနက် ပိုင်းတွင် ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ရှိ လီဆူရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီရုံး လီဆူရိုးရာကွင်း၌ တွေ့ဆုံသည်။

 


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် Jang Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်    ဦးစောထွန်းအောင်မြင့်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ     လီဆူစာပေနှင့်     ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးအားဖူရီလီမီက  ကျေးဇူးတင်စကားနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွက်  လိုအပ်ချက်များကို တင်ပြကာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံ လီဆူရိုးရာ “ဇာဇော်”အား  ပေးအပ်သည်။

 


ထို့နောက် လီဆူတိုင်းရင်းသား၊ တိုင်းရင်းသူလေးများက လီဆူရိုးရာ ကွာချဲအကဖြင့်  ကပြဖျော်ဖြေကြရာ   ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ် သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကူးတံတား အမှတ်(၂) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြစ်ကြီးနား တက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ တက္ကသိုလ်စာကြည့်တိုက်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရေကူးပြေးလမ်း  ၁၀ လမ်းပါ   (၅၀ မီတာ၊  ၂၅ မီတာ)   ရေကူးကန် တည်ဆောက်နေမှု၊ ရေကူးကန်အတွင်း ပွဲကြည့်စင်၊ အမိုး၊ ဒိုင်းများ ထည့်သွင်းတည်ဆောက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။ 

သတင်းစဉ်