နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်

 

နေပြည်တော်    ဧပြီ   ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်၊    ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊   ဝန်ကြီး   H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက် အထိ မြန်မာ-တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို      ဆွေးနွေးဆောင်ရွက်နိုင်ရေး အတွက်      တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့        အလုပ်သဘောခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး  ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ဒုတိယအကြီးအကဲ Ms. Cao Jing နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌   ပို့ဆောင် နှုတ်ဆက်ကြသည်။ 
ကိုယ်စားလှယ်အရာရှိကြီးများလိုက်ပါ
အဆိုပါ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ  အလုပ်သဘောခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်၊   ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အရာရှိကြီးများ လိုက်ပါသွားကြောင်း သိရသည်။               
သတင်းစဉ်