နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု စုပေါင်းသွေးလှူဒါန်းပွဲအား ကြည့်ရှုအားပေး

 

နေပြည်တော်  စက်တင်ဘာ  ၂၈


၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့်(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီးနှင့် ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။


ဂုဏ်ပြုသွေးလှူဒါန်းခြင်းများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံတို့၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း စုစုပေါင်း ၂၄၈ ဦးတို့က  တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည်။


အဆိုပါ ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည့်  သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်  ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊  အကျဉ်းဦးစီးဌာနနှင့်  မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့်  ၎င်းတို့၏ဇနီးများ၊ နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးစကား ပြောကြားကာ (အပေါ်ပုံ)သွေးလှူရှင်များအား အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 
အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၂၄၈ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး စက်တင်ဘာ ၂၉ ရက်တွင် လည်း နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ရဲတပ်ဖွဲ့ဝင် ၁၇၃ ဦးတို့က   ဆက်လက်သွေးလှူဒါန်းကြမည်ဖြစ်ရာ    စုစုပေါင်း သွေးလှူဒါန်းမှု ၄၂၁ ဦးရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်