နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

ဆိုက်ခေါင်   အောက်တိုဘာ   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်  ဦးအောင်ဇော်အေး၊  ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ် ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  ဆီဆိုင်မြို့နယ်  ဆိုက်ခေါင်နယ်စပ်ဒေသ  တိုင်းရင်းသား ဖွံ့ဖြိုးရေးလူငယ်သင်တန်းကျောင်း စုပေါင်းခန်းမ၌ ဆီဆိုင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။


ဖြေရှင်းဆောင်ရွက်ပေးသွားမည်


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က ဒေသ၏ လူမှုစီးပွားလိုအပ်ချက်များကို ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်နေပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘ ပြည်သူများ၊ လူမှုအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊  ယနေ့တွေ့ဆုံပွဲတွင်  ဆီဆိုင် မြို့နယ်အတွင်းရှိ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြ ချက်များကို မှတ်သား၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် ဆန်းဦးက ဒေသဆိုင်ရာအချက်အလက်နှင့် လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကိုတင်ပြပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများက   ဒေသလိုအပ်ချက်များကို   တင်ပြဆွေးနွေးကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်   ဦးအောင်ဇော်အေးက   ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိဂုံးချုပ်စကားပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌတို့က  ဆီဆိုင် မြို့နယ်  ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များအား ချီးမြှင့်ငွေများကိုပေးအပ်ရာ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိ သူများက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဆီဆိုင်မြို့ ဇဝနကျောင်းတိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော်အား   သွားရောက်ဖူးမြော်ကြည်ညို၍    လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာရှိ ကန့်တန် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်၊   ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ကျောင်းအကျိုးတော်ဆောင်နှင့် နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ အထိမ်း အမှတ် သစ်ပင်စိုက်ပျိုးပေးကြသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ကျွန်းတောင် - ကျောက်တလုံးကြီး - နောင်ယာဆိုင်း - ဆိုက်ခေါင် - ပွန်ချောင်း - မောက်မယ်လမ်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်က လမ်းလုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်က  လိုအပ်သည်များ   ဖြည့်စွက်မှာကြား၍  လမ်းများ ကျောက်ခင်းနေမှုကို ကြည့်ရှုသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ကျောက်တလုံးကြီးမြို့နယ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဦးအောင်ခမ်းထီ အား  သွားရောက်တွေ့ဆုံ၍  ကျန်းမာရေးအခြေအနေ ကို  မေးမြန်းကာ  ပုံတူပန်းချီကားချပ်၊  ဆေးဝါးနှင့် စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။                

သတင်းစဉ်