နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေ

 

နေပြည်တော်   သြဂုတ်   ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ်  ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)


စီမံကိန်းနှင့်         ဘဏ္ဍာရေးဝန်ကြီးဌာနမှ    ဒုတိယဝန်ကြီး   ဦးမောင်မောင်ဝင်းက နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ  သက်သာ ချောင်ချိမှုအတွက် လစာမဟုတ်သည့် စရိတ်ချီးမြှင့်ငွေများ ဆောင်ရွက် ပေးသည့် အခြေအနေများကို   တင်ပြသွားမည်ဖြစ်ကြောင်း၊   နိုင်ငံ့ ဝန်ထမ်းအမြဲတမ်းများ  ဝတ်စုံစရိတ်များနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်  ဇွန်လမှစ၍  တစ်ဦးကို ၃၀၀၀၀ ကျပ်နှုန်းဖြင့် တစ်နှစ်လျှင်တစ်ကြိမ် ခံစားခွင့်ပြုပေးပါကြောင်း၊  နိုင်ငံ့ဝန်ထမ်းများ အိမ်ငှားစရိတ် ချီးမြှင့် ခြင်းနှင့် ပတ်သက်ပြီး အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်လျှင် မူရင်းလစာ၏ ၈ ရာခိုင်နှုန်း၊ အိမ်ထောင်မရှိလျှင် မူရင်းလစာ၏ ၄ ရာခိုင် နှုန်းကို ၂၀၂၂ ခုနှစ်  ဩဂုတ်လမှစပြီး ချီးမြှင့်ပေးနေကြောင်း၊ ပညာရေး ဝန်ထမ်းများအတွက်ဆိုလျှင်  ယခင်ကမရှိခဲ့သည့်  ဆရာ၊ ဆရာမများ ရရှိခဲ့သည့်ဘွဲ့အလိုက် ချီးမြှင့်ငွေများ ချီးမြှင့်ထားပါကြောင်း၊  ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ပါရဂူဘွဲ့ရသူဆိုလျှင်  ၃၀၀၀၀၊  မဟာဘွဲ့ ၂၅၀၀၀၊  ဘွဲ့လွန်ဒီပလိုမာ ၁၀၀၀၀ လစဉ်ထောက်ပံ့ပေးပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌     တာဝန်ထမ်းဆောင်နေ သည့် ဆရာ၊ ဆရာမများ၏ လစာများကိုလည်း တိုးမြှင့်ပေးပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနတွင်   တာဝန်ထမ်းဆောင်နေသည့်  ဆရာ၊ ဆရာမများ၏သင်ကြားရေး တစ်ရက်ချီးမြှင့်ငွေ နှုန်းထားများကိုလည်း တိုးမြှင့်ပေးထားကြောင်း၊  ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ပညာရေးကဲ့သို့ပင် ၂၀၂၁ ခုနှစ် ဧပြီလမှစ၍  လစဉ်ချီးမြှင့်ပေးပါကြောင်း၊ ဒီပလိုမာဘွဲ့ရရှိသူ ၁၀၀၀၀ ကျပ်၊မဟာသိပ္ပံဘွဲ့ ၂၅၀၀၀ ကျပ်၊ ပါရဂူဘွဲ့ ၃၀၀၀၀ ကျပ်နှင့် ကျန်သည့်ကိစ္စရပ်တစ်ရပ်ချင်းအတွက်လည်း အစိုးရ အဖွဲ့ကိုတင်ပြပြီး   အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်   ချီးမြှင့်ပေးပါ ကြောင်း  ဖြည့်စွက်ဖြေကြားသည်။ 


Voice of Myanmar  သတင်းဌာနမှ  ဦးမောင်မောင်ထွန်းက အောက်ခြေလူတန်းစား၊ ပြည်သူအများစုအနေဖြင့် လုံခြုံမှုလည်းမရှိ ကြောင်း၊ စိုက်ပျိုးလုပ်ကိုင်၍ မရသည့်အထဲ အဆမတန်မြင့်တက်နေ သည့် ကုန်ဈေးနှုန်းကြောင့်  အလူးအလဲခံနေရခြင်းအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့အစီအစဉ်များလုပ်ဆောင် နေသည်ကို သိလိုကြောင်း၊    ငြိမ်းချမ်းရေးအရေးကြီးသည့်အတွက်   လက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေးညီလာခံလုပ်ရန်   စီစဉ် နေသည်ဟု သိရကြောင်း၊  မည်သည့်အဆင့်၊ မည်သည့်ရက်သတ်မှတ် ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။ 


ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမမေးခွန်းဖြစ်သည့် ကုန်ဈေးနှုန်းနှင့်ပတ်သက်သည်များကို ပြောပြီးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ငြိမ်းချမ်း ရေးကိစ္စများ ဆောင်ရွက်နေမှုများရှိကြောင်း၊ တရားဝင်တွေ့ဆုံမှုများကို  စာရင်းဇယားနှင့်ပြောခဲ့ကြောင်း၊  တွေ့ဆုံသည့်နေရာတွင် EAOs အဖွဲ့ သာမက EAOs အဖွဲ့တွင်လည်း NCA လက်မှတ်ထိုးပြီး  ၇ ဖွဲ့၊ လက်မှတ် မထိုးရသေးသည့်အဖွဲ့  ၃ ဖွဲ့တို့နှင့်တွေ့ဆုံမှုများရှိခဲ့ကြောင်း၊   လစဉ် နီးပါးခန့်ရှိကြောင်း၊ ၎င်းတို့နှင့် တွေ့ဆုံရုံသာမက နိုင်ငံရေးပါတီများ နှင့်လည်း တွေ့ဆုံမှုများရှိကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့်   Stakeholder  များနှင့် တွေ့ဆုံမှုများလည်းရှိကြောင်း၊  ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊  တချို့သောတွေ့ဆုံမှုများမှာ   တောင်းဆိုမှုများရှိ ကြောင်း၊ တချို့သောတောင်းဆိုမှုများသည်  ဒေသဖွံ့ဖြိုးရေးအတွက်  လိုလားချက်၊   ဒေသမှာရှိသည့်   လမ်းပန်းဆက်သွယ်ရေးအတွက် လိုလားချက်များ၊  စီးပွားရေးအတွက်  လိုလားချက်များကို   ချက်ချင်း ဖြည့်ဆည်းပေးနိုင်သည်များလည်းရှိကြောင်း၊ သို့သော် တချို့သော လိုလားချက်များက အခြေခံဥပဒေကိုပြင်မှ လုပ်ပေးနိုင်သည့် လိုလား ချက်များရှိကြောင်း၊ အခြေခံဥပဒေပြင်ရန်ဆိုလျှင် လွှတ်တော်ကသာ ပြင်၍ရမည်ဖြစ်ကြောင်း၊ တချို့သော EAOs အဖွဲ့များက ကဖျက်ယဖျက် လုပ်ကြောင်း၊ တချို့သော EAOs အဖွဲ့များတော့ မပါကြောင်း၊ တချို့က အခုအချိန်ဆွေးနွေးလျှင် ဘာထူးမှာလဲ၊ ဘာမှလုပ်စရာမရှိဘူး ဆိုသည့် ပုံစံမျိုးပြောကြောင်း၊ မိမိမကြာခဏပြောသကဲ့သို့  လွှတ်တော်ထဲရောက် လျှင်   တပ်မတော်သားလွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းပါကြောင်း၊ မိမိတို့  အဘယ်ကြောင့်  နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနေရသလဲ ဆိုလျှင် ထိုနိုင်ငံရေးပါတီများကသာ လွှတ်တော်အမတ်ဖြစ်နေသူများ ဖြစ်ကြောင်း၊    ယခုမှတ်ပုံတင်ထားသည့်   နိုင်ငံရေးပါတီထဲကသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ ၎င်းတို့ထဲကသာ လွှတ်တော်အမတ်များ အများစုဖြစ်မည်ဖြစ်ကြောင်း၊  ယခုကဲ့သို့   စတင်ဆွေးနွေးထားခြင်း အားဖြင့်  မိမိတို့ သဘောတူထားသည့်အချက်များ၊ ဆွေးနွေးချက်များကို တပ်မတော်အနေဖြင့်    လွှတ်တော်၌   ကန့်ကွက်စရာမရှိကြောင်း၊ တပ်မတော်က  ကန့်ကွက်စရာမရှိဘူးဆိုလျှင်   တိုင်းရင်းသားများ၏ အခွင့်အရေးတောင်းဆိုမှုကို  မည်သည့်နိုင်ငံရေးပါတီမှ  အမိုက်ခံပြီး ကန့်ကွက်မည် မဟုတ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စုစည်းနေ ခြင်းဖြစ်ကြောင်း၊ အများပါဝင်သည့် EAOs အဖွဲ့များ၊   ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များ၊    နိုင်ငံရေးပါတီများ၊   အစိုးရပါဝင်သည့် ဆောင်ရွက်မှုမျိုး၊ စုစည်းမှုမျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့က သဘောတူညီချက်များကို စုစည်းထားပြီး အသင့်ဖြစ်အောင် လုပ်ထားမည်ဖြစ်ကြောင်း၊ ထိုသို့အသင့်ဖြစ်အောင်  ဆောင်ရွက်ပေးသွားရန်ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ပေးခြင်းသည် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ ရေးနှင့်   ဒုတိယအချက်ဖြစ်သည့်    ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးကိုမူတည်ပြီး သွားနေ ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို   စဉ်ဆက်မပြတ်  ဆောင်ရွက် လျက်ရှိကြောင်း၊  မိမိအနေဖြင့် ထပ်မံပြောကြားလိုသည်မှာ နိုင်ငံတော် ဝန်ကြီးချုပ်    မကြာခဏပြောသကဲ့သို့    ငြိမ်းချမ်းရေးလိုလားသော တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများ၊  EAOs  များအတွက် နိုင်ငံတော်အစိုးရအနေဖြင့်     အမြဲတမ်းတွေ့ဆုံဆွေးနွေးရန်အတွက် တံခါးဖွင့်ထားကြောင်း၊ အမြဲတမ်းတွေ့ဆုံဆွေးနွေးရန်အတွက် ကြိုဆို လျက်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးကြပါ၊ ပါဝင်ဆွေးနွေးကြပါဟု မိမိ အနေဖြင့်ပြောလိုကြောင်းဖြင့် ဖြေကြားသည်။
People Media Agency မှ  သတင်းထောက် ဦးကျော်စိုးဦးက ပထမမေးလိုသည်မှာ လက်ရှိအကြမ်းဖက်အဖွဲ့ KIA ၊ KNU ၊ KNPP စသည့်   လက်နက်ကိုင်အဖွဲ့များသည်  NUG နှင့် ပူးပေါင်းပြီး နိုင်ငံ၏ ယန္တရားများကို ဖျက်ဆီးနေသည်မှာ နှစ်နှင့်ချီနေပြီဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရန် ရှိ/မရှိသိလိုကြောင်း၊  ဒုတိယမေးခွန်းမှာ  ယင်းအဖွဲ့များ အနေဖြင့်   ပြည်ပနိုင်ငံများနှင့်ဆက်စပ်မှုမှာ  မည်သို့ရှိသည်ကို  သိလို ကြောင်း မေးမြန်းသည်။


ဗမာလူမျိုးအချင်းချင်းသတ်တာကို လက်ခုပ်တီးပြီး အားပေးနေ


ဗိုလ်ချုပ်ဇော်မင်းထွန်းက KIA ၊ KNU ၊ KNPP၊ CNF အဖွဲ့များထဲတွင်  NCA လက်မှတ်ရေးထိုးပြီးသည့်   အဖွဲ့နှစ်ဖွဲ့ပါဝင်ကြောင်း၊  KIA နှင့် KNPP အဖွဲ့တို့မှာ လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း၊ KNU အဖွဲ့ ထဲတွင်လည်း အမျိုးမျိုးကွဲပြားနေသည်များရှိကြောင်း၊ တချို့လည်း အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်များရှိကြောင်း၊ တချို့လည်း အစိုးရကိုဆန့်ကျင်ပြီး  လက်တွေ့လုပ်နေသည်များလည်းရှိကြောင်း၊   KNU နယ်မြေတွင် KNU နှင့်မသက်ဆိုင်သော    သီးခြားအဖွဲ့များလည်း ထွက်ပေါ်နေသည်ကို   တွေ့ရကြောင်း၊  ပြည်ပစွက်ဖက်မှုများရှိသည် ကိုလည်း တွေ့ရကြောင်း၊ Free Burma Ranger ကဲ့သို့ အဖွဲ့များလည်း တွေ့ရကြောင်း၊ ကျန်သည့် ပြည်ပစွက်ဖက်မှုများလည်း တွေ့ရမည်ဖြစ် ကြောင်း၊ NUG၊ PDF အကြမ်းဖက်များကို အားပေးသည့် အဖွဲ့များ လည်းတွေ့ရကြောင်း၊ KIA နှင့်ပတ်သက်ပြီးပြောရမည်ဆိုပါက တချို့ သော KIA ခေါင်းဆောင်များ၏ အန္တရာယ်များသည့် ပြောကြားချက်များ ကိုလည်း တွေ့ရကြောင်း၊   မြန်မာပြည်သူလူထုတစ်ရပ်လုံးလည်း သိကြမည်ဖြစ်ကြောင်း၊ KIA ခေါင်းဆောင်တစ်ဦး ပြောကြားထားတာရှိ ကြောင်း၊ စစ်ကိုင်းနှင့်အနီးဆုံးနေရာရှိ ၎င်းတို့တပ်မဟာတစ်ခု၏ လက်နက်တိုက်ဖွင့်ပေးလိုက်ခြင်းကြောင့် စစ်ကိုင်းတိုင်းသည် မီးဟုန်းဟုန်း တောက်နေကြောင်း၊ KIA အနေဖြင့်  ၎င်းတို့၏  လက်နက်အားလုံး ပေးလိုက်ပါက မြန်မာပြည်တစ်ခုလုံး ဒုက္ခရောက်သွားမည်ဟု  ပြောခဲ့ ကြောင်း၊  ထိုပြောစကားအပေါ်ထောက်ခံသူများ၊ ဝမ်းသာသူများလည်း ရှိကြောင်း၊  ထိုပြောစကားကို  ထောက်ခံနေသည့်  ဗမာများလည်းရှိ ကြောင်း၊ မိမိအနေဖြင့် ထိုထောက်ခံသည့် ဗမာများကို အံ့ဩမိကြောင်း၊ ခေါင်းထဲတွင် နက်နက်နဲနဲစဉ်းစားကြည့်စေလိုကြောင်း၊ ယခုသတင်းစာ ရှင်းလင်းပွဲသို့  တက်ရောက်လာသည့် မီဒီယာတချို့လည်းပါကြောင်း၊ ဗမာလူမျိုးအချင်းချင်းသတ်တာကို အားပေးအားမြှောက် လက်ခုပ်တီး နေသည်ကို ရောယောင်ပြီး လက်ခုပ်တီးပြီး  အားပေးနေကြကြောင်း၊ ပြန်လည်ဆင်ခြင်စေလိုကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းပြု/ မပြုသည် ၎င်းတို့၏ လုပ်ဆောင် ချက်အပေါ်တွင် မူတည်မည်ဖြစ်ကြောင်း၊  အစိုးရအနေဖြင့်  NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အမြဲဖိတ်ခေါ်လျက်ရှိကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် အတိုင်းအတာတစ်ခုအထိသာရှိမည် ဖြစ်ကြောင်း၊ ယင်းတို့၏ လုပ်ဆောင်မှုပေါ်တွင် များစွာမူတည်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ 


(ဆက်လက်ဖော်ပြပါမည်)