
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှ အဆက်)
ဆက်လက်၍ ပြည်ဖျက်မီဒီယာများ၏ သတင်းမှားထုတ်လွှင့်မှု၊ သတင်းမှန်များကို ဖုံးကွယ်မှုကြောင့် မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေ နှင့် အဖြစ်မှန်ကိုမသိဘဲ ဖြစ်နေကြသည့် နိုင်ငံတကာ ၏ လက်တွေ့အခြေအနေများကို ပြောလိုကြောင်း၊ မကြာသေးမီက နိုင်ငံတော်အဆင့် ဧည့်သည်တော် တစ်ယောက် မြန်မာနိုင်ငံကို ရောက်လာကြောင်း၊ ၎င်းတို့နိုင်ငံ၏ မီဒီယာများက ဖော်ပြချက်၊ အခြား ပြည်ဖျက်မီဒီယာများ၏ ဖော်ပြချက်အရ မြန်မာ နိုင်ငံတွင် အခြေအနေ တော်တော်ဆိုးနေပြီ၊ ရန်ကုန်၊ နေပြည်တော်ကဲ့သို့သောဒေသများတွင်ပင် လူများ မသွားရဲ၊ မလာရဲဖြစ်နေပြီ၊ ပစ်ခတ်တိုက်ခိုက်မှုများ အချိန်ပြည့်ဖြစ်နေပြီ၊ မည်သည့်နေရာမှ မလုံခြုံ တော့ဟူ၍ ထင်မိသည်ဟုပြောကြောင်း၊ ယခု ရောက်လာသည့်အခါတွင် တခြားစီဖြစ်နေကြောင်း၊ ရန်ကုန်လေဆိပ်မှ မြို့ထဲသွားသည့် အခါတွင်လည်း ပုံမှန်ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်လာသည့် အခါတွင်လည်း ပုံမှန်အတိုင်းဖြစ်သည်ကို လက်တွေ့ တွေ့ခဲ့ရကြောင်း၊ ၎င်းတို့အကြား၊ ၎င်းတို့ အထင်များ တလွဲဖြစ်နေသည်ကို နိုင်ငံတော်အကြီးအကဲကို ပြောခဲ့ပါကြောင်း။
မီဒီယာများ၏လှည့်စားမှု
မိမိတို့နိုင်ငံတွင် စာတတ်မြောက်မှုနှုန်း ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး အလယ်အလတ်အဆင့် ဖြစ်ကြောင်း၊ မိမိ ရည်ညွှန်းပြောဆိုသွားသည့် ဂျပန်နိုင်ငံသည် စာတတ်မြောက်မှုနှုန်း ရာနှုန်း ပြည့်ဖြစ်ကြောင်း၊ မိမိတို့လေ့လာထားချက်အရ ပညာရေးစစ်တမ်းများအရ အထက်တန်းပညာ ပြီးမြောက်၍ တက္ကသိုလ်အဆင့် တက်ရောက်နိုင်သူ ၅၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ယင်းကဲ့သို့သော နိုင်ငံပင်လျှင် မီဒီယာများ၏လှည့်စားမှုကို ခံနေရ သည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏လူဦးရေ သုံးပုံတစ်ပုံသည် အလယ်တန်းပညာ မရှိ/ မပြီး သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ အလယ်တန်းပညာရေးအဆင့်နှင့် အောက်သာရှိသူ သုံးပုံတစ်ပုံရှိသည့် နိုင်ငံဆိုလျှင် ဆိုဖွယ်မရှိပါ ကြောင်း၊ မိမိတို့သွားနေသည်မှာ ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်ပါကြောင်း၊ ယင်းစနစ်တွင် လူတစ်ဦးချင်း စီ၏ ပညာရည်ပြည့်ဝမှုက အရေးကြီးကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူတိုင်းပညာသင်ကြား နိုင်ရေး၊ ပညာရည်မြင့်မားရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း၊ ယင်းကို မည်သူတို့က နှောင့်ယှက်နေပါသလဲ၊ ပြည်သူလူထု ပညာရည် မြင့်မားလာမည်ကို မည်သူတို့က ကြောက်နေကြ ပါသလဲ၊ ယင်းကဲ့သို့ ဒီမိုကရေစီအမည်ခံ အာဏာ ရှင်စနစ်ထူထောင်လိုသူများ၊ ငါနှင့်မတူ ငါ့ရန်သူ ဆိုသူများက ကြောက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ၏ ပညာရေးအနာဂတ် ကို နည်းလမ်းပေါင်းစုံဖြင့် ဖျက်ဆီးနေခြင်းဖြစ် ကြောင်း။
ဆက်လက်ပြီး စတုတ္ထအချက်အနေဖြင့် ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်း များကို အခြေခံပညာအထက်တန်းကျောင်းတစ်ခုစီတွင် တွဲဖက်ဖွင့်လှစ်နိုင်မည့်ကိစ္စများကို ပြောမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေခံကျသည့် လူမှုနယ်ပယ်သည် ကျေးလက်ဒေသဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည်လည်း ကျေးလက်နေပြည်သူများသာ ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုး ရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းများ ကို လုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်း ကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး
အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံ တိုးချဲ့ဖွဲ့စည်းပေးခဲ့သကဲ့သို့ ခရိုင် ၅၀ ရှိ အခြေခံ ပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊ ၎င်းတို့အထဲမှ ထူးချွန်သူများ အနေနှင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများနှင့် တက္ကသိုလ်များကို ဆက်လက်တက်ရောက်ရန်၊ ယင်းနောက် အခြား ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ သင်ကြား သည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ပုံမှန်အတိုင်း ဆက်လက်ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင် ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုတွဲဖက်သည့် အထက်တန်းကျောင်းပေါင်း ၅၀ ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျောင်းဖွင့်လှစ်မည့်မြို့များ ရွေးချယ်ရာ တွင် ဒေသအတွင်းရှိ စိုက်ပျိုးနေသည့် မြေဧရိယာ နှင့် မွေးမြူနေသည့် တိရစ္ဆာန်ယူနစ်များဖြင့် ချိန်ထိုးဆောင်ရွက်မည်ဖြစ်ကြောင်း၊ Grade 9 တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ များအနေဖြင့် ဒေသအခြေအနေ ဦးစားပေးအလိုက် ပထမဦးစားပေးခရိုင် ၅၀၊ ဒုတိယဦးစားပေးခရိုင် ၃၀ နှင့် တတိယဦးစားပေး ခရိုင် ၂၀၊ စုစုပေါင်း ခရိုင် ၁၀၀ တွင် ဖွင့်လှစ်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် ဦးစားပေး အလိုက်ရွေးချယ်ထားသည့် ခရိုင်များတွင် တစ်ဆက် တစ်စပ်တည်း အသုံးပြုနိုင်မည့် ကျောင်းမြေနေရာ အကျယ်အဝန်းလုံလောက်မှု၊ ခရိုင်မြို့ သို့မဟုတ် သက်ဆိုင်ရာခရိုင်တွင်းရှိ မြို့နယ်တစ်ခုခု ကျောင်း များတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အနေ ဖြင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးကိစ္စ၊ နိုင်ငံတော် တည်ဆောက်ရေးတွင် အရေးကြီးသည့် စက်မှု၊ လက်မှု ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ တိုးတက်လာ ရန်အတွက် အားစိုက်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ အနာဂတ်မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကြီးပွားချမ်းသာခြင်း ကိုလိုလား၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပညာရေးနှင့်အတူ လူမှုစီးပွားဘဝတိုးတက်ရေးကို ယှဉ်တွဲသိရှိစေရန်၊ ယင်းကျောင်းသားများမှတစ်ဆင့် တောင်သူလယ်သမားများကို နည်းပညာမျှဝေပြီး ပိုမိုတိုးတက်စေရန်၊ Pilot Project အဆင့်မှ အဆင့် လိုက် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ရန်စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
NUG နှင့် PDF အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများ
ဆက်လက်ပြီး နောက်ဆုံးအချက်ဖြစ်သည့် အကြမ်းဖက် NUG နှင့် PDF အဖွဲ့အစည်းများ၏ ဒေသအချို့တွင် ဖြစ်ပွားနေသည့် လုပ်ဆောင်မှုများ ကို ပြောလိုကြောင်း၊ ပထမဦးဆုံး ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့ဆိုသည့် ထုတ်ပြန်ချက်ကို ပြောကြားလိုကြောင်း၊ NUG အဖွဲ့က စစ်ရေးအရ ကူညီပံ့ပိုးပေးမည်၊ ဩဂုတ် ၇ ရက်မှစ၍ လှိုင်း သုံးလှိုင်းနှင့်လုပ်မည် စသဖြင့် ပြောကြကြောင်း၊ တရားဥပဒေစိုးမိုးရေးကို တစ်ဖက်တစ်လမ်းက တာဝန်ထမ်းဆောင်နေသည့် တရားရုံးမှ ဝန်ထမ်း များနှင့် အခြားဝန်ထမ်းများကို ပစ်မှတ်ထားခြင်းဖြစ် ကြောင်း၊ ခေတ်စကားနှင့်ပြောရလျှင် “ဘာဖြစ်ချင် နေတာလဲ” ဟု မေးရမည်ဖြစ်ကြောင်း၊ လက်နက် မကိုင်ထားသည့် အရပ်သားပစ်မှတ်များကို ဒလန်ဟု စွပ်စွဲပြီးသတ်၊ သတင်းပေးဟု စွပ်စွဲပြီးသတ်၊ ၎င်းတို့ကို မထောက်ခံလည်းသတ်၊ ကြားနေလည်း သတ်၊ ဝန်ထမ်းလည်းသတ်၊ ကိုးကွယ်ရာ ရဟန်း သံဃာပါမချန် သတ်နေသည်မှာ တော်လှန်ရေး ဆိုသည်လားဟု မေးလိုကြောင်း၊ ယခုလည်း သတိ ထားမိအောင် ပြောလိုကြောင်း၊ ဘာလုပ်မည်၊ ညာလုပ်မည်၊ မနက်ဖြန်ချမည်၊ သန်ဘက်ခါလုပ်မည် ဟု လွှင့်ပါကြောင်း၊ လွှင့်ပြီးပါက နောက်က ကပ်ပါ လာသည်မှာ အလှူခံခြင်းဖြစ်ကြောင်း၊ အလှူခံ၍ ငွေရသွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းခြင်း ခံလိုက်ရသည်ဟုဆိုကာ မြို့ပြကို စွန့်ခွာသွားပြီ ဖြစ်ကြောင်းကို ဝမ်းနည်းစွာ အသိပေးပါသည် ဆိုသည်ဟု ပြောလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ နာမည်ကြီး အစီအစဉ်တစ်ခုထဲက ကဲ့သို့ ‘‘မီးလေးခဏမှိတ်ထားပါ ပြန်လာပါမယ်”၊ ယခုလည်း မီးလေးခဏမှိတ်ထားပါ၊ နောက်ထပ် ခေါင်းစဉ်တစ်ခုဖြင့် ဖလားအသစ်တစ်လုံးကိုင်ပြီး ပြန်လာပါမည်ဆိုသည့် သဘောသာဖြစ်ကြောင်း။
ဆက်လက်ပြီး NUG အဖွဲ့အကြောင်းကို ပြောလို ကြောင်း၊ ၎င်းတို့ အသုံးအနှုန်းအရ သမ္မတဆိုသူများ၊ ဝန်ကြီးဆိုသူများပြောနေသည့် ပြည်သူတင်သည့် အစိုးရမှာ ကိုယ်စားပြုမှု မည်မျှရှိသည်၊ NUG ကို ဖွဲ့စည်းပေးလိုက်သည့် CRPH တွင် ပါတီမည်မျှပါ သည် ၊ ကိုယ်စားလှယ်ဆိုသူ ဘယ်နှယောက်ပါသည် စသဖြင့် ပြောကြကြောင်း၊ ပါသည့်ကိုယ်စားလှယ် များသည် မည်သည့်အချိန်က ကိုယ်စားလှယ် ဖြစ်ခဲ့ သည်၊ မည်သည့်ဒေသကို ကိုယ်စားပြုသည်ကို တွေးကြည့်စေလိုကြောင်း၊ ပြည်သူတစ်ရပ်လုံးက ထောက်ခံသည်ဆိုပါက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ မည်မျှက ထောက်ခံနေသည်၊ ပေါင်းနေ သည်၊ အကယ်၍ ပေါင်းနေသည်ဆိုပါက ၎င်းတို့ အမိန့်ပေးသည်ကို ပေါင်းနေသည်ဆိုသည့် တိုင်းရင်း သားလက်နက်ကိုင်များက လက်ခံပါသလား ဆိုသည်ကို သတိပြု စဉ်းစားစေလိုပါကြောင်း၊ သက်တမ်းရှည်နေပြီဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO အဖွဲ့များ မဆိုထားနှင့် မကြာမီကမှ ပေါ်လာသည့် PDF အမည်ခံ အကြမ်း ဖက်ခေါင်းဆောင်တစ်ဦး မီဒီယာများနှင့် တွေ့ဆုံ ပြောဆိုထားသည်ကို မီဒီယာများ သိပြီးဖြစ်မည် ဖြစ်ကြောင်း ပြောကြား၍ ၎င်း၏ပြောစကား Video File ကို ဖွင့်လှစ်ပြသသည်။
အကြမ်းဖက်မှုများကို ဦးဆောင်လုပ်နေ
ယင်းခေါင်းဆောင်ဆိုသူသည် စစ်ကိုင်းတိုင်း အတွင်းတွင် အကြမ်းဖက်မှုများကို ဦးဆောင်လုပ်နေ သူဖြစ်ကြောင်း၊ ခရီးသည်တင်ကားများကို ပစ်မှတ် ထားပြီး ဆောင်ရွက်နေသူများ၏ ခေါင်းဆောင်ဖြစ်ပါ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသတွင် ခိုအောင်း လှုပ်ရှားနေသည့် PDF များသည် ၎င်းတို့ကိုယ်၎င်းတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု သုံးနှုန်းပါကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု သုံးနေသူများသည် လမ်းပိတ်ဆို့မှုများကို ပြုလုပ်ပါကြောင်း ပြောကြား ၍ ၎င်းတို့ လမ်းပိတ်ဆို့နေသည့်ပုံများကို ပြသသည်။ လမ်းများသုံးလျှင် တာဝန်မယူဟု ခြိမ်းခြောက်ထား ကြောင်း၊ ဒေသခံပြည်သူလူထုအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် မည်မျှအထိ ထိခိုက်နစ်နာသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း။
ဆက်လက်၍ ကယားပြည်နယ်အတွင်းက ကြေညာချက်ထုတ်ပြန်ထားသည်ကို ပြောကြားလို ကြောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဩဂုတ် ၉ ရက် တွင် KNDF အမည်ခံပြီး ဒီမော့ဆိုမြို့နယ်က ရွာသူ၊ ရွာသားများ ရွာများထဲမှ ထွက်ရန်၊ တောထဲရောက် နေသည့် ရွာသူ၊ ရွာသားများကို ရွာထဲပြန်မဝင်ရန်၊ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးများကို ရွာထဲတွင် မနေစေလိုသူ၊ တောထဲနေစေလိုသူက မည်သူ ဆိုသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အဖြေသည် အလှူခံရန်အတွက်သာဖြစ်ကြောင်း၊ တိုင်းရင်းသားများ ဒုက္ခရောက်နေအောင် စီစဉ်ပြီး လျှင် တယောသံလေးနှင့် Documentary ရိုက်၊ ဓာတ်ပုံရိုက်ပြီး အလှူခံမည်၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြီး အလှူခံမည်၊ ပြည်သူကိုပြပြီး ကျည်ဖိုးတောင်းခြင်း မျိုး လာမည်ဖြစ်ကြောင်း၊ မိမိပြောခဲ့သည့်ပုံစံအတိုင်း Documentary ရိုက်သည်ဖြစ်စေ၊ ဓာတ်ပုံရိုက်သည် ဖြစ်စေ၊ နောက်ဆုံး မြန်မာတိုင်းရင်းသားနှင့် ရုပ်ရည်ဆင်တူသည့် ပြည်ပနိုင်ငံက ဒုက္ခသည်ပုံပဲ ရရ ၎င်းတို့ဝမ်းသာကြကြောင်း၊ မြန်မာနိုင်ငံ၌ ယခု ကဲ့သို့ ဒုက္ခရောက်နေသည်ဟုပြောပြီး နိုင်ငံခြား တိုင်းပြည်တွင် မျက်ရည်ကျပြ၊ သနားပြပြီး အလှူခံ သည်ကို တွေ့ရကြောင်း၊ ၎င်းကို ခွက်ခေါက်နည်း အဆင့်(၁)ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ခွက်ခေါက်နည်းပေါင်းများစွာထဲမှ အဆင့်လွန် ခွက်ခေါက်နည်းမှာ အချင်းချင်းခွက်စောင်းခုတ် ခြင်းဖြစ်ကြောင်း၊ အလှူငွေမည်မျှရသည်၊ မည်မျှ လှူသည်၊ မည်သည်ကိုလှူသည်ဟု ပြောရန်မလို သည့်အတွက် အချင်းချင်းထချနေသည်ကို တွေ့ရ ကြောင်း၊ အားလုံးက သတိထားဆင်ခြင်ကြရန် ပြောကြားသည်။
သင်္ဃန်းကျွန်းလဝကရုံးဖြစ်စဉ်
ထပ်မံဖြည့်စွက် ပြောကြားလိုသည်မှာ သင်္ဃန်း ကျွန်းဖြစ်စဉ် ဖြစ်ပါကြောင်း၊ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် သင်္ဃန်းကျွန်းလဝကရုံး၌ အကြမ်းဖက် နှစ်ဦးက လဝကဦးစီးမှူးနှင့် ရုံးအဖွဲ့မှတ်ပုံတင် ကိစ္စများဆောင်ရွက်နေသည့် ပြည်သူလူထုထဲကို ဝင်ရောက်ပစ်ခတ်ခဲ့ပါကြောင်း၊ ဦးစီးမှူး သေနတ် ဒဏ်ရာရရှိခဲ့ပြီး ဒုတိယဦးစီးမှူးက ရွပ်ရွပ်ချွံချွံခုခံခဲ့ သည်ကို အားလုံးသိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၎င်းမှာ ကျဆုံးခဲ့ပါကြောင်း၊ ဒုတိယဦးစီးမှူး ဦးကျော်မိုး နှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြု
ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ပြီး လိုအပ်သည့် စောင့်ရှောက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းတင်ပြ ရာ (က)၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့် မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြ သူများကို အရေးယူဆောင်ရွက်မှုအခြေအနေ၊ (ခ) မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ လုပ်ငန်းစဉ်(၁)အရ ဖွဲ့စည်း ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းများစစ်ဆေးခြင်းအပါ အဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များ ကို လုပ်ဆောင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက် ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များသည် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အတူ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၏ မဲစာရင်းများစစ်ဆေးခြင်းနှင့် မဲလက်မှတ်များ မြေပြင်စစ်ဆေးခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ရပ်လုံးနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ အပါအဝင် သက်ဆိုင်သူအားလုံးကို တွေ့ဆုံမေးမြန်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း။
ယင်းကဲ့သို့ဆောင်ရွက်ခဲ့ရာ စိစစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု ခဲ့သည့် မဲဆန္ဒရှင်စာရင်းများအနက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရလက်မှတ်မရှိသူ များ၊ မဲစာရင်းမှာ နှစ်ကြိမ်၊ သုံးကြိမ်အထက် ပါဝင် ပြီး မဲစာရင်းထပ်နေသူများ၊ အသက် ၁၀၀ နှစ် အထက်နှင့် အသက် ၁၈ နှစ်မပြည့်ဘဲပါသူ အစ ရှိသည့် မဲမသမာမှုပြုနိုင်သည့် မဲဆန္ဒရှင်ပေါင်း ၁၁ ဒသမ ၃ သန်းကျော်၊ မဲဆန္ဒရှင် စုစုပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းကို စစ်ဆေးတွေ့ရှိရ ကြောင်း၊ အလားတူ ရွေးကောက်ပွဲတွင်အသုံးပြုခဲ့ သည့် မဲလက်မှတ်များကို စစ်ဆေးရာတွင်လည်း လျော့နည်းပျောက်ဆုံးသည့် မဲလက်မှတ် ၁ ဒသမ ၄ သန်းကျော်နှင့် အပိုတွေ့ရသည့် မဲလက်မှတ် ၄ ဒသမ ၃ သိန်းကျော် တွေ့ရှိခဲ့ရကြောင်း။
ထို့အတူ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလ ဖြစ်စဉ်တစ်ရပ်လုံးအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ကြောင်း၊ NLD ပါတီအစိုးရ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် အဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ် ချက်များကို အလွဲသုံးပြီး နိုင်ငံတော်အာဏာကို မတရားရယူရန် ကြံစည်လုပ်ဆောင်ခဲ့ကြောင်းနှင့် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေ ဖြင့်လည်း အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲ သုံးကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက်လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည့် အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ၏ရလဒ်ကို ဥပဒေနှင့်အညီပယ်ဖျက်ခဲ့ရပြီး ထိုဖြစ်စဉ် တွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူများကိုလည်း အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်ပါ ကြောင်း။
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အရေးယူဆောင်ရွက်ထားရှိသည့် အခြေအနေကို ဆက်လက်တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလ တွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့ သည့် အမှုပေါင်း ၁၀၇၇ မှုရှိခဲ့ပြီး ၎င်းတို့အနက် ရွေးကောက်ပွဲ ဥပဒေနှင့် အရေးယူဆောင်ရွက်ခဲ့သည့် အမှု ၅၄၆ မှု ရှိပါကြောင်း၊ ယင်းအမှုများနှင့် စပ်လျဉ်း ပြီး ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိသည့် စာရင်းဇယားများအရ တရားစွဲတင်ပြီး ၃၄၅ မှု၊ ပိတ်သိမ်း ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲ တစ်မှုတို့ ဖြစ်ပါကြောင်း။
ထို့အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့် မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြ သည့် သမ္မတဟောင်းနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင် များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် များအပါအဝင် ကျူးလွန်သူ ၅၀၅ ဦးကို ဥပဒေနှင့် အညီအရေးယူနိုင်ရန် အမှုတွဲ ၃၅၀ မှုဖြင့် တရား စွဲဆိုရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးစီးမှုအနေ ဖြင့် ကျူးလွန်သူ ၂၃၉ ဦးကို အမှုတွဲအရေအတွက် ၁၉၅ မှုနှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ၁၂၁ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၇၄ မှု ဖြစ်ကြောင်း။
အလားတူ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန် များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့သည့် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ပေါင်း ၂၄၄၉ ဦးကိုလည်း ဥပဒေ နှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ကျူးလွန်သူ ၂၁၉၁ ဦးကို အမှုတွဲအရေအတွက် ၃၇၅ မှုနှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ၃၇၄ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် တစ်မှုတို့ ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးတည်း က မဲနှစ်ကြိမ်ပေးခဲ့ခြင်းများကိုလည်း စိစစ်ဖော်ထုတ် အရေးယူလျက်ရှိပါကြောင်း။
မိမိအလေးထားပြီး တင်ပြလိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁) နိုင်ငံတော်အခြေခံမူများပါပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သည် စစ်မှန် ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကို ကျင့်သုံးခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်၏ အခြေခံသည် ရွေးကောက်ပွဲများဖြစ်ပါကြောင်း၊ ယင်းရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ဥပဒေနှင့်အညီ ဆောင်ရွက်သည့် သန့်ရှင်းသည့် ရွေးကောက်ပွဲများ ဖြစ်ရန်လိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အနာဂတ်တွင် လွတ်လပ်ပြီး တရား မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ရည်ရွယ်ပြီး ယခင် ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှု ကျူးလွန်ခဲ့သူများကို အရေးယူခြင်းများနှင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ်များ၊ အားနည်း ချက်များကို သုံးသပ်ပြီး ရွေးကောက်ပွဲစနစ်အပါ အဝင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်းများ ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာအသိပညာ ပေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအပါအဝင် သက်ဆိုင်သူအားလုံးသည် ဒီမိုကရေစီအခွင့်အရေး နှင့် မိမိတို့၏တာဝန်များကို လည်းကောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လည်း ကောင်း သိရှိနားလည်ပြီး လေးစားလိုက်နာရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပ မည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲစာရင်း များ ပြည့်စုံမှန်ကန်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်သည့် “ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများ” စာရင်းကို ပြုစုနိုင်ရေး၊ မဲပေးခွင့်မရှိသူများ မပါစေရေးနှင့် မဲစာရင်းများ မထပ်ရေး အလေးထားဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ယင်းကဲ့သို့ စိစစ်ဆောင်ရွက်ရာ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် အထက်ပါမဲပေးပိုင်ခွင့်ရှိသူများကို ကိုင်ဆောင်သည့် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်းတွင် ထည့်သွင်းပြုစုမည် ဖြစ်ပါကြောင်း။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရေးနှင့် အခြေခံ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေး လုပ်ငန်းစီမံချက် (Pilot Project) ကို ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာ ကနဦးတွေ့ရှိချက်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပေါင်းစပ်ညှိနှိုင်းမှု များ ပြုလုပ်ခဲ့ပါကြောင်း၊ ထို့နောက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တာဝန်ခံ ကော်မရှင်အဖွဲ့ဝင်များက အနီးကပ်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း။
အထက်ပါ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ ပြည်နယ် များရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက် ခဲ့ရာ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စစ်ဆေးပြီးစီးမှုစာရင်းချုပ်များရရှိပြီး ဖြစ်ပါ ကြောင်း၊ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် နယ်မြေ လုံခြုံရေးအခြေအနေအရ တိုက်ဆိုင်စစ်ဆေးမှုများ ကို မြို့နယ်တစ်ခုလုံးနှင့် တစ်ခုလုံးနီးပါး ဆောင်ရွက် နိုင်ခြင်းမပြုနိုင်သည့် မြို့နယ်များသည် ကချင် ပြည်နယ် တစ်မြို့နယ်၊ ကယားပြည်နယ် နှစ်မြို့နယ်၊ ကရင်ပြည်နယ် တစ်မြို့နယ်၊ ချင်းပြည်နယ် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်း ခုနစ်မြို့နယ်၊ မကွေးတိုင်း ခြောက်မြို့နယ်နှင့် ရှမ်းပြည်နယ် သုံးမြို့နယ် ဖြစ်သဖြင့် စုစုပေါင်း ၂၈ မြို့နယ် ဖြစ်ပါကြောင်း၊ တိုက်ဆိုင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
တစ်ချိန်တည်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စစ်ဆေးပြီးဖြစ်သည့် အခြေခံ လူဦးရေ စာရင်းချုပ်များကိုရယူပြီး ကနဦးမဲဆန္ဒရှင် များစိစစ်ခြင်း (Initial Voter List Scrutinizer – IVLS Software ) အသုံးပြုစိစစ်ခြင်းနှင့် တွေ့ရှိချက် မြေပြင်အခြေအနေများကို သက်ဆိုင်ရာပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ပေးပို့လျက်ရှိပါကြောင်း၊ မြေပြင်စိစစ်တွေ့ရှိ ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများက စစ်ဆေးပြင်ဆင်အတည်ပြုပြီး ပြန်လည်ပေးပို့သည့် စာရင်းများကို ရယူပြီး လစဉ် Update လုပ်ခြင်းကို လာမည့် စက်တင်ဘာလမှစတင်ပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခုချိန်အထိ တိုင်းဒေသ ကြီး/ ပြည်နယ် ၁၂ ခုနှင့် ပြည်ထောင်စုနယ်မြေ၏ အခြေခံလူဦးရေစာရင်းချုပ်များကို (Initial Voter List Scrutinizer – IVLS Software) ဖြင့် စစ်ဆေး ခြင်းများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ် နှစ်ခုတို့ကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် စဉ်ဆက်မပြတ် Update လုပ်ခြင်းဖြင့် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ပြည့်စုံ မှန်ကန်သည့်မဲဆန္ဒရှင်စာရင်းများ ရရှိမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ခြင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်အသိပညာပေးဆိုင်ရာ များ ဆောင်ရွက်ခြင်း၊ လူသားအရင်းအမြစ်များ ဖြည့်တင်းလေ့ကျင့်ခြင်းနှင့် အခြေခံအဆောက်အအုံ ဖြစ်သည့် ရုံးဌာနများတည်ဆောက်ခြင်းတို့ လုပ်ဆောင်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံကော်မရှင် အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ များမှ ဝန်ထမ်းများကို ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်ဖြစ်သည့် အချိုးကျကိုယ်စားပြု စနစ် (PR) နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လုပ်ငန်းစဉ်(၁) ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)