
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာ ရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက် ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ မစတင်မီ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွား ခဲ့သည့် စစ်ကိုင်းတံတားဖြစ်စဉ်ကို ပြည်သူလူထုထံ အသိပေးပြောကြား သွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ဧရာဝတီတံတား ရတနာပုံစစ်ဆေးရေးဂိတ်တွင် အများ ပြည်သူလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေး မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုနေရာတွင် ရန်ကုန်- မုံရွာ ပြေးဆွဲနေသည့် အာကာသ ခရီးသည်တင်ယာဉ်တစ်စီးကို စစ်ဆေး ခဲ့ကြောင်း၊ ယင်းအချိန်တွင် ကားပေါ်တွင် ပါလာသည့် PDF အမည်ခံအကြမ်းဖက် သမား သုံးဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို စတင်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမား သုံးဦးက ကားပေါ်တွင် ပါလာသည့်ခရီးသည်တချို့ ကို ဆက်လက်ပစ်ခတ်ပြီး ခရီးသည် များကို ဓားစာခံလုပ်၍ အကာအကွယ် ယူကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များက လူသားတံတိုင်းသဖွယ် အကာ အကွယ်ယူပြီး ပစ်ခတ်နေသည့် အကြမ်း ဖက်သမားများကို တိကျစွာချိန်ရွယ်ပြီး လက်ရဖမ်းဆီးရမိအောင် ပြုလုပ်ခဲ့ ကြောင်း။
ဖြစ်စဉ်တွင် PDF အမည်ခံအကြမ်း ဖက်သမား နှစ်ဦးကို အသေဖမ်းဆီးရ ရှိပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ ကြောင်း၊ ခရီးသည်အမျိုးသားတစ်ဦး PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ခရီးသည် အမျိုးသမီးတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းချုပ်ထားပြီး လူသားတံတိုင်းသဖွယ် ရှေ့ကအကာအကွယ်ယူပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းသည် ထိခိုက်ဒဏ်ရာ ပြင်းပြင်း ထန်ထန်မရရှိဘဲ လက်ယာဘက် ခြေသလုံးတွင် ထိမှန်ခဲ့ပြီး စိုးရိမ်ထိတ်လန့် ရှော့ဖြစ်ကာ သေဆုံးခဲ့ကြောင်း၊ ကျန်ခရီးသည် ငါးဦးသည် မစိုးရိမ်ရ ဒဏ်ရာများရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ခရီးသည်များကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီး ယခုအချိန်တွင် ဂရုတစိုက် ဆေးဝါးကုသမှု ပေးလျက်ရှိကြောင်း၊ အရှင်ဖမ်းမိသည့် PDF အမည်ခံအကြမ်း ဖက်သမား တစ်ဦးကို စစ်ဆေးမေးမြန်း ရာတွင် ကားပေါ်၌ နောက်ထပ်သိုဝှက် သယ်ဆောင်လာသည့် ချေမှုန်းရေး ရိုင်ဖယ်အမျိုးအစား သေနတ်အသစ် သုံးလက်နှင့် ခဲယမ်းများကို ထပ်မံဖမ်းဆီး ရမိကြောင်း။
ခရီးသည်တင်ယာဉ်များ ဖမ်းဆီး
ပြည်သူလူထုကို လေးလေးနက်နက် အသိပေးလိုသည်မှာ နံပါတ်တစ် အနေ ဖြင့် PDF အမည်ခံအကြမ်းဖက်သမား များသည် ယခုအချိန်တွင် ပြည်သူလူထု ခရီးသွားလာနေသည့် ခရီးသည်တင်ကား များကို အကာအကွယ်ယူ ဓားစာခံလုပ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ ယခုအပတ်ထဲတွင် PDF အမည်ခံ အကြမ်းဖက်သမားက Elite ခရီးသည် တင်ကားကို ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ သည်ကို မီဒီယာများလည်း အသိဖြစ် ကြောင်း၊ ရန်ကုန်၌လည်း YBS ကားများ ကို တိုက်ခိုက်လာသည့်ဖြစ်စဉ်များ၊ YBS ကားများပေါ်တွင် မငြိမ်မသက်ဖြစ် အောင် လုပ်ဆောင်မှုများ တွေ့ရ ကြောင်း၊ နံပါတ်နှစ်အနေဖြင့် ပြည်သူ လူထုကို လေးလေးနက်နက်မေတ္တာ ရပ်ခံလိုသည်မှာ ခရီးသွားပြည်သူများ၊ ယာဉ်လိုင်းများအနေဖြင့် မသင်္ကာစရာ တွေ့ရှိလျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောလိုကြောင်း၊ နံပါတ်သုံးအနေဖြင့် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ အနေဖြင့် NUG / PDF အမည်ခံအကြမ်း ဖက်သမား၏ ခရီးသည်တင် ယာဉ်လိုင်း များကို တိုက်ခိုက်မှု၊ ခရီးသည်များကို ဓားစာခံလုပ်နေမှု၊ လူသားတံတိုင်းသဖွယ် အသုံးချမှုများကို သိရှိရန်နှင့် အကြမ်း ဖက်လုပ်ရပ်များကို အားမပေးရန် မိမိ အနေဖြင့် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ယနေ့သတင်းစာ ရှင်းလင်းပွဲတွင်ပြောမည့် အကြောင်း အရာများမှာ (တစ်) နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ တာဝန် ထမ်းဆောင်မှု ၁၈ လတာကာလ အခြေ အနေများ၊ (နှစ်) နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက် မှုများ၊ (သုံး) နိုင်ငံတကာဆက်ဆံရေး၊ (လေး) ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းများ တွဲဖက်ဖွင့်လှစ် မှု အခြေအနေများ၊ (ငါး) အကြမ်းဖက် NUG နှင့် PDF အဖွဲ့ဆိုင်ရာကိစ္စများဖြစ် ကြောင်း၊ (တစ်) မှ (ငါး) အထိ မိမိအနေ ဖြင့် ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အပိုင်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်း ပြောကြားသွားမည်ဖြစ် ကြောင်း၊ ထို့နောက် မေး၊ဖြေကဏ္ဍဖြစ် ကြောင်း၊ မေးခွန်းများ မေးမြန်းရာတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူး က မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခု စီ မေးမြန်းပေးရန်ဖြစ်ကြောင်း။
ပထမဦးဆုံးအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန် ထမ်းဆောင်မှု ၁၈ လတာကာလ အခြေ အနေများကို တင်ပြလိုကြောင်း၊ မိမိတို့ နိုင်ငံ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံ တော် တာဝန်ထမ်းဆောင်နေရစဉ် အတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းပြီး ပြော ကြားခဲ့ကြောင်း။
နိုင်ငံရေးပါတီများ စာရင်းစစ်ဆေး
ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဦးစီးပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့များသည် နိုင်ငံရေးပါတီ များစစ်ဆေးခြင်း၊ မဲဆန္ဒရှင်များစာရင်း ပြုစုခြင်းတို့ အပါအဝင် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ နိုင်ငံရေး ပါတီများ၏ စာရင်းများကိုစစ်ဆေးခဲ့ရာ ပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ်ဆေး ရန်ကျန်ပါတီများကို ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို တင်ပြခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄၈၆၉၄၂၇ ဦး (၄ ဒသမ ၈ သန်းကျော်) ရှိသည့်အတွက် လာမည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူများအနက် အကျုံးဝင်သူဦးရေ ၃၄၉၁၃၆၄ ဦး (၃ ဒသမ ၄ သန်းကျော်) အား ကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ကို နိုင်ငံအဝန်း ဆောင် ရွက်ပေးလျက်ရှိရာ ၁၈ လတာကာလ အတွင်း ၃၃၄၀၁၃၀ (၃ ဒသမ ၃ သန်း) ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ဆောင် ရွက်ရန် ကျန်ရှိနေသေးသည့် ကိစ္စများ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနများတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ကို အခြေခံ ပြုစုထားသည့် စာရင်းများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်း၊ ရှေ့ပြေးလုပ်ငန်း စီမံချက်အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရန် အတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက် (Pilot Project) ကို ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လအထိ မြို့နယ် ၂၉၈ မြို့နယ်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ မြို့နယ် ၁၄ မြို့နယ်အား ဆောင်ရွက်ဆဲဖြစ်ပြီး မြို့နယ် ၁၃ မြို့နယ်၌ ဆောင်ရွက်ရန် ကျန်ရှိနေသည့်ကိစ္စရပ်များ၊ ဆောင်ရွက် ရန်ကျန်ရှိသည့် မြို့နယ်များရှိကြောင်း၊ အကြမ်းဖက်မှုများကြောင့် နယ်မြေ အေးချမ်းမှုမရှိသည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှဖြစ်ပြီး ပြီးစီး အောင် ဆက်လက်ဆောင်ရွက်ရန် တင်ပြ ခဲ့ကြောင်း။
ရွေးကောက်ပွဲကျင်းပနိုင်ရေး
ဒီမိုကရေစီစနစ်နှင့် ရွေးချယ်ခံရပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည် ဆိုသည့် အစိုးရများ လက်ထက်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် အတွက် ဒီမိုကရေစီ အခွင့်အရေးဆုံးရှုံး ရသည့် တိုင်းရင်းသားဒေသများ များပြား လာသည်ကို သတိပြုဖွယ်တွေ့ရမည် ဖြစ်ကြောင်း၊ နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိနေ ကြောင်းကို တင်ပြခဲ့ကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အကျိုး အတွက် ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ် ကြောင်း၊ တာဝန်များကို အောင်မြင် ပြီးမြောက်သည်အထိ ထမ်းဆောင်နိုင် ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား နောက်ထပ် ၆ လသက်တမ်း တိုး တာဝန် ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။
ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများသို့ တာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်သည့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း၊ မိန့်ခွန်းတွင် နိုင်ငံရေးနှင့် လုံခြုံရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှု၊ လူမှုရေးဆိုင်ရာကိစ္စရပ် နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မူလတန်းအဆင့်အထိ ပညာ မသင်မနေရဟု ပြဋ္ဌာန်းထားသော်လည်း အစိုးရအနေနှင့် KG+ 9 အထိသင်ကြား နိုင်ရေးနှင့် အခမဲ့သင်ကြားနိုင်ရန် ဆောင် ရွက်ပေးထားလျက်ရှိသည်ကို ပြောကြား ခဲ့ကြောင်း။
အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးတွင် နိုင်ငံတော် သာယာဝပြောရန်အတွက် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များကို ထိခိုက်မှုအနည်း ဆုံးနှင့် ချမှတ်ထားသည့် အမျိုးသားရေး လုပ်ငန်းစဉ်များကို စိတ်ရှည်သည်းခံ ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးမှု အရိပ်၊ အေးချမ်းမှုအရိပ်များ မြို့ပြနှင့် ကျေးလက်ဒေသများပါမကျန် လွှမ်းခြုံ သွားရန် ဆက်လက်လုပ်ဆောင်နေမှုများ၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက် အောင် စီမံဆောင်ရွက်နေမှုနှင့် ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဦးစားပေး ဆောင်ရွက်နေမှုများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ် များနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း။
နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်ဖြစ် သည့် စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုစနစ် တည်ဆောက် ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အနေ ဖြင့် ရွေးကောက်ပွဲသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် အမျိုး သားရေး တာဝန်တစ်ရပ်ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရန် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အလွန် အရေးကြီးသည့်အတွက် ရွေးကောက်ပွဲ တွင်အသုံးပြုမည့် မဲစာရင်းများ ပြည့်စုံ မှန်ကန်ရန် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး ပူးပေါင်းပြုစုဆောင်ရွက်နေမှု များ၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်း၊ မဲဆန္ဒရှင်များပြုစုခြင်း စသည့်ကိစ္စရပ် များကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း။
မဲစာရင်းများ မှန်ကန်ရန် အရေးကြီး
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲစာရင်း များ ပြည့်စုံစေရေးနှင့် မဲစာရင်းများ မှန်ကန်ရန် အလွန်အရေးကြီးကြောင်း၊ ထိုသို့ ပြည့်စုံမှန်ကန်မှ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ပြည့်ဝစွာ ဖော်ထုတ်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံသားတိုင်း၏ ဒီမိုကရေစီ အခွင့် အရေးကို အလေးထားတန်ဖိုးထားရာ ရောက်မည်ဖြစ်ကြောင်း၊ ယင်းတို့ကို အချိန်ယူပြီး အသေးစိတ်စိစစ်ဆောင် ရွက်လျက်ရှိကြောင်း၊ အလျဉ်းသင့်၍ ဖြည့်စွက်ပြောကြားလိုသည်မှာ မိမိတို့ အစိုးရအနေဖြင့် ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် မီဒီယာတချို့က တင်ပြ မေးမြန်းထားသည်များရှိကြောင်း၊ ယင်းသည် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် နိုင်ငံရေးရာထူး တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင် ပေးနိုင်ရေးရှိ/မရှိ ဖြစ်ကြောင်း၊ ယမန် နေ့က လက်တွေ့ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်းကို အသိပေးပြောကြားလို ကြောင်း၊ ယမန်နေ့က NLD လွှတ်တော် ကိုယ်စားလှယ် ၂၁၇ ဦး အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကို နိုင်ငံရေးပင်စင် ခံစားခွင့်ပြုခဲ့ကြောင်း၊ မိမိတို့အစိုးရကို စွပ်စွဲနေသည့် စွပ်စွဲချက် များဖြစ်သည့် NLD ကိုယ်စားလှယ်ဖြစ်၍၊ NLD ပါတီဝင်ဖြစ်၍ လုပ်သည်ဆိုသည့် အချက်အား ယင်းအရာများကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းစွာနေထိုင် လိုသူများနှင့် အကြမ်းဖက်များကို ခွဲခြား ဆောင်ရွက်နေသည်မှာ လက်တွေ့ဖြစ် သည်ကို မိမိပြောလိုကြောင်း။
ဆက်လက်ပြီး ဩဂုတ် ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများ ပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ အစည်းအဝေးတွင် အုပ်ချုပ် ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး စသည့်အကြောင်း အရာများကို တင်ပြဆွေးနွေးခဲ့ကြောင်း။
စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ဆန်သည် အဓိကပို့ကုန် ဖြစ်သည့်အတွက် ထုတ်လုပ်မှုကောင်းမွန် အောင် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း များနှင့် အထွက်နှုန်းကို မှန်မှန်ကန်ကန် ဖြစ်အောင်ဆောင်ရွက်ကြရန် အစိုးရပိုင်း အနေဖြင့် သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေများ ရရှိရေးအတွက် မဖြစ်မနေဆောင်ရွက် ပေးသွားရမည့်ကိစ္စရပ်များ၊ နိုင်ငံအတွင်း တွင် မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက် ဧက ၃ သန်းခန့်ရှိသည့် အတွက် မိုးစပါးတစ်ဧက ပျမ်းမျှ ၇၅ တင်းခန့် ထွက်ရှိနေရာမှ တင်း ၈၀ ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုလျှင် စပါးတင်း ၇၅ သန်းခန့် ပိုမိုထွက်ရှိလာ မည်ဖြစ်ကြောင်း၊ နွေစပါးကိုလည်း တစ်ဧကပျမ်းမျှတင်း ၈၅ တင်းခန့် ထွက်ရှိနေရာမှ တင်း ၉၀ ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၁၅ သန်းခန့် ပိုမိုထွက်ရှိလာမည်ဖြစ် ကြောင်း၊ စပါးတင်းစုစုပေါင်း သန်း ၉၀ ခန့် ပိုလာရေး ရည်မှန်းချက် ပန်းတိုင် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ လက်ရှိ စိုက်ဧကတွင် အဖြစ်နိုင်ဆုံး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် သွားလျှင် စပါးတင်း ၁၅ သန်း၊ ဆန် အနေဖြင့် တန်ချိန် ၁ ဒသမ ၀၈ သန်း ပိုမို ထွက်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိ ဆန်ပေါက်ဈေးအရ တန် ၁ သန်းကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ နှင့် တွက်ချက်ကြည့်လျှင် တိုင်းပြည်ဝင်ငွေ အနည်းဆုံး ဒေါ်လာသန်း ၃၅၀ဖြစ်လာ မည်ဖြစ်ကြောင်း၊ ယင်းဝင်ငွေနှင့် စိုက်ပျိုးရေးသမားများ လိုအပ်နေသည့် အဓိက သွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ စိုက်ပျိုးကိရိယာများကို တင်သွင်းပြီး ပိုမို အဆင့်မြှင့်နိုင်မည်ဖြစ်ကြောင်း။
ရေနံနှင့် ရေနံထွက် ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသည့်အတွက် လျှော့ချသွားရန်နှင့် ရေနံထုတ်လုပ်မှု လုပ်ငန်းများကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုပြီး ပြည်တွင်းတွင် အထိုက်အလျောက် ရေနံထွက်ရှိသည့် အချို့ဒေသများက တွင်းတိမ်ရေနံတူးဖော် ထုတ်လုပ်မှုများ စနစ်တကျဖြစ်ရန် ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်း။
လျှပ်စစ်စွမ်းအားဖူလုံရေး
တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ်ငန်းများ၊ စီမံကိန်းများ ဆောင်ရွက် သွားကြရန်လိုအပ်ပြီး လာမည့်နှစ်တွင် ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံ စေရန် ရေအား၊ ဆိုလာလျှပ်စစ်စနစ်များ နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ကြံဆဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်း၊ ယင်းကိစ္စများသည် နိုင်ငံတော် က လုပ်ဆောင်နေသည့် လျှပ်စစ်စီမံကိန်း များနှင့်မတူဘဲ ဒေသအလိုက် လျှပ်စစ် စွမ်းအားဖူလုံရေး လုပ်ဆောင်နိုင်မည့် အခွင့်အရေး ဖြစ်သည့်အတွက် လုပ်ဆောင်သွားရန် တိုက်တွန်းပြော ကြားလိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံရေးအခင်းအကျင်း ကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိ အောင် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်းနှင့် ယခုလာမည့် ၆ လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်း များက ဝန်ကြီးချုပ်များ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး များကို ယခင်အစိုးရအဆက်ဆက်တွင် ပြုလုပ်ခဲ့ခြင်း မရှိသည်ကိုတွေ့ရကြောင်း၊ သက်ဆိုင်ရာကဏ္ဍ တစ်ခုချင်းအလိုက် စီးပွားရေးကော်မရှင် အစည်းအဝေး ကဲ့သို့ပြုလုပ်ခဲ့ခြင်း ရှိလိမ့်မည်ဖြစ် ကြောင်း၊ အားလုံးစုံစုံညီညီပါဝင်သည့် တင်ပြမှု၊ အစည်းအဝေးများကို ပြုလုပ် ခဲ့ခြင်းမရှိဘဲ ယင်းအစည်းအဝေးသည် ပထမဦးဆုံးအကြိမ် အစည်းအဝေးဖြစ် ကြောင်း၊ ယင်းအစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဒေသ အလိုက် အစိုးရများ၏ ဆောင်ရွက်ချက် များကို အသေးစိတ်ပြောဆို ဆွေးနွေး နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် နှင့် ဒေသအလိုက် အစိုးရများအနေဖြင့် ၎င်းတို့ကိုပေးအပ်ထားသည့် လုပ်ပိုင်ခွင့် အာဏာများကို အသုံးပြုပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းများကို ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်ထဲတွင် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး ပါဝင်ကြောင်း၊ ယင်းအချက်ကို မိမိတို့ ခိုင်ခိုင်မာမာအာမခံထားကြောင်း၊ ယင်း အစည်းအဝေးတွင် မိမိတို့လက်တွေ့ ကျကျ လမ်းခင်းပေးခြင်း၊ လေ့ကျင့်ပေး ခြင်းဖြစ်ကြောင်း။
ဩဂုတ် ၁၂ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် အဆိုပါ အခမ်းအနား ပြုလုပ်ခြင်းသည် နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင် ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေကျပ် ၄၉၁ ဘီလီယံအသင့် ထားရှိကြောင်း၊ ယင်းငွေများကို ဒီအတိုင်းထား၍ ငွေအိပ်နေမည့်အစား ပြည်သူလူထု၏ လူမှုစီးပွားဘဝကို အထိ ရောက်ဆုံးနှင့် အမြန်ဆုံးမြှင့်တင်နိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးသန့် ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး အသုံးပြု နိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း၊ တချို့ သော ပြည်ဖျက်မီဒီယာများအနေဖြင့် ငွေကျပ် ၄၀၀ ဘီလီယံကို ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေသည်၊ ငွေကြေးဖောင်းပွ အောင်လုပ်ခြင်းဖြစ်သည်ဟု စွပ်စွဲနေ ခြင်းကို အံ့ဩဖွယ်ရာတွေ့ရှိရကြောင်း၊ ငွေကျပ် ဘီလီယံ ၄၀၀ သည် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအတွက် ယခင်ကတည်းက သီးသန့် ထားရှိခဲ့သည့် ငွေများဖြစ်ကြောင်း၊ ယင်းကို အကျိုးရှိရှိ အသုံးချနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောလို ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လယ်ယာ စီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲ မြှင့်တင် ဆောင်ရွက်နိုင်ရန် စဉ်းစားဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတော်က ရင်းနှီးငွေပေးအပ်
လက်ရှိထုတ်ပေးသည့် ရန်ပုံငွေများ သည် နိုင်ငံတော်က ရင်းနှီးငွေပေးအပ် ထားခြင်းဖြစ်ကြောင်း၊ နောင်လာမည့် ရာသီများတွင် ပြန်လည်ရရှိလာမည့် အဆိုပါ ငွေကြေးကိုပင် ရင်းနှီးမြှုပ်နှံနိုင် ရန် ထပ်မံထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ယင်းအထဲတွင် မြစိမ်းရောင်စီမံကိန်း သည် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လွတ်လွတ်လပ်လပ် အရင်း မပျောက်မတည်ငွေအဖြစ် လည်ပတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ငွေကျပ် ဘီလီယံ ၄၀၀ အနက် ငွေကျပ်ဘီလီယံ ၃၃၀ ကို နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေး ရန်ပုံငွေအဖြစ် တိုင်း ဒေသကြီး/ ပြည်နယ်သက်ဆိုင်ရာဝန်ကြီး ဌာနများကို လွှဲပြောင်းထားပြီးဖြစ် ကြောင်း၊ ကျန်ရှိသည့်ငွေများကို အခြား လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင်၍ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက် ရှိသည့်ဒေသများကို သီးခြားအစီအစဉ် ဖြင့် တင်ပြမှုရှိကလည်း နိုင်ငံတော် အကြီးအကဲအနေဖြင့် ထပ်မံစီမံဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝကို လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် မြှင့်တင်သွားနိုင်မည့် နိုင်ငံတော်အကြီးအကဲ၏ အစီအမံ စေတနာအမှန်ဖြစ်သည်ဟု တင်ပြလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ငြိမ်းချမ်းရေးဆောင် ရွက်ချက်များအနေနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်း ရေးနှစ်အဖြစ် ထားရှိပြီး ကိုယ်တိုင် ကိုယ်ကျဆွေးနွေးရန် EAO အဖွဲ့များကို ဖိတ်ခေါ်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီး အကဲနှင့် တွေ့ဆုံမှု ၁၀ ကြိမ်၊ ညှိနှိုင်းရေး အဖွဲ့များနှင့် ၇၆ ကြိမ် တွေ့ဆုံမှုရှိခဲ့ ကြောင်း၊ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က “တွေ့ဆုံဆွေးနွေးမှုက တစ်ဆင့် တိုင်းရင်းသားများနှင့် တိုင်းရင်းသား ဒေသများကို အခွင့်အရေးများပေးအပ် နိုင်ရန် ဆောင်ရွက်ရန်သာ အဖြေရှိ ကြောင်း၊ တိုင်းရင်းသားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ နစ်နာမှု များကို တရားဝင်နိုင်ငံရေးစင်မြင့်တွင် ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့်ပေးရမည် ဖြစ်ကြောင်း၊ ယင်းတို့ကိုပေးရန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော် များသာဖြစ်ကြောင်း၊ တရားဝင်ပြောရေး ဆိုခွင့်ရှိသည့် နိုင်ငံရေး စင်မြင့် လွှတ်တော်တွင် လွှတ်တော်အသီးသီး၌ တိုင်းရင်းသားများ၊ လူထုလူတန်းစား များ၏ အလွှာအသီးသီးကို ကိုယ်စားပြု သည့်သူများ ပါဝင်နိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း၊ တိုင်းရင်းသားများ ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိ စေရန် လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပိုမို ပါဝင်နိုင်ရန် အလေးထားဆောင်ရွက်မှု သည် နိုင်ငံတော်အကြီးအကဲ၏ တိုင်းရင်း သားပြည်သူလူထုအပေါ်တွင် ထားရှိ သည့် စိတ်ရင်းစေတနာထက်သန်မှုကို ဖော်ပြခြင်းဖြစ်ကြောင်း။
တွေ့ဆုံဆွေးနွေးရာမှ တစ်ဆင့် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင် ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒေသနှင့် တိုင်းပြည် အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်သည်နှင့် ဖြစ်လိုသည်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း၊ ထို့ပြင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များနှင့် အစိတ် အပိုင်း (၃) ပါ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား (၂) ပါ အချက်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘော တူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံ လုံးက မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေးအဆင့်တစ်ခု ရောက်ရှိ အောင် ဆောင်ရွက်နေခြင်းဖြစ်သည်ကို အသိပေးပြောကြားလိုကြောင်း၊ မိမိတို့ အနေဖြင့် ဆွေးနွေးပြီးခဲ့သည့် EAO အဖွဲ့များနှင့်လည်း ဒုတိယအကြိမ် ဆွေးနွေးမှုများကို နောက်လတွင် ပြုလုပ် နိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)