နေပြည်တော် ဇူလိုင် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က နိုင်ငံတော်နှင့် တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများနှင့် ဆွေးနွေးပွဲ များ၊ နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း ကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင် ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်း ပြောကြားကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်အနေဖြင့် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ၊ ထာဝရ တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သော အိမ်နီး ချင်းဆက်ဆံရေး၊ အာဆီယံက သတ်မှတ်ထားသော မူဘောင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း ပူးပေါင်း ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးသဘောတူ အတည်ပြုထုတ်ပြန်ခဲ့သည့် အချက်အလက်များ၊ (၃၄) ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇွန် ၂၈ ရက်နှင့် ၂၉ ရက်တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် အခြေအနေများနှင့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Apichet Suesat ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက်တွင် နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ဂါရဝပြုတွေ့ဆုံဆွေးနွေးမှုများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် H.E. Mr. Park Sokhonn ဦးစီးအဖွဲ့၏ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သဘော ခရီးစဉ်အခြေအနေများ၊ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေး အကြောင်းအရာများ။
ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် ဒေသခံပြည်သူ လူထုအတွက် ငြိမ်းချမ်းရေးကို အစစ်အမှန်လိုလား သော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် မေ ၂၀ ရက်မှ ဇွန် ၂၀ ရက်အထိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ရာ SSPP အဖွဲ့၊ LDU အဖွဲ့တို့နှင့်လည်း ဆက်လက် တွေ့ဆုံ ဆွေးနွေးသွားမည့်အခြေအနေများ။
၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ် ကျောင်း တက်ရောက်မှုနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုအခြေ အနေများ၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံး သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံး တစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမည့် အစီအစဉ်များ၊ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားမှုအခြေအနေများနှင့် အကြောင်းအမျိုးမျိုး ကြောင့် နယ်စပ်ဒေသများ၊ ပြည်တွင်းရှိ မလုံခြုံသော နေရာများတွင် ရောက်ရှိနေပြီး ရိုးသားစွာ ကျောင်း ပြန်တက်လိုသည့် ကျောင်းသား ကျောင်းသူများကို လည်း ပညာရေးကို ဆက်လက်လုပ်ဆောင်နိုင်ရေး နိုင်ငံတော်အစိုးရက ပြန်လည်ဖိတ်ခေါ်လျက်ရှိသည်များ။
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စစ်ဆေးမှု၊ ပိုးတွေ့ရှိမှုနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေ အနေများ၊ ကမ္ဘာ့ဈေးကွက်အခြေအနေအရ စားဆီနှင့် ပတ်သက်၍ ဈေးနှုန်းမြင့်တက်ခြင်းများရှိသော် လည်း လုံးဝပြတ်လပ်ခြင်းမရှိအောင် အစိုးရအနေဖြင့် စီမံနေမှုများနှင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း၊ ပြည်ပ ချေးငွေကိစ္စရပ်များ။
NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုလုပ်ရပ်များနှင့် ဆက်စပ်မှုများ၊ ရှမ်းနီ လူမျိုး၊ KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့ အကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခဆိုင်ရာကိစ္စရပ်များ၊ ဥကရစ်ထစစ်ဆင်ရေး ခြေကုတ်စခန်းဖြစ်စဉ်နှင့် ပတ်သက်သည်များကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှု များနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ကျူးလွန်ခဲ့သူများကို အရေးယူဆောင်ရွက် မှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို PowerPoint Presentation ဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ နှင့် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



