နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက် ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများနှင့် ပတ်သက်၍ အသိပေး ထုတ်ပြန်ရသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း ကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ် ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးအခန်းကဏ္ဍတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် ပါဝင်ဆောင်ရွက် စေလိုသည့် ဆန္ဒ၊ မိဘပြည်သူအချို့၏ အစိုးရအပေါ် မေတ္တာရပ်ခံချက်၊ သား/သမီးချင်းကိုယ်ချင်းစာစိတ်နှင့် နိုင်ငံ့အကျိုးကို လိုလားသူများ၏ မျှော်လင့်ချက်များကြောင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများကို သတ်မှတ်စည်းကမ်းချက် များနှင့်အညီ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ ပြည်သူ့ဘဝကို ပြန်လည်ဝင်ရောက်စေနိုင်ရေး ဆောင်ရွက်ပေးခဲ့မှု၊ PDF အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့မှုနှင့် အဆိုပါဖြစ်စဉ် မျိုးသည် ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူစဉ်အခါကလည်း ဖြစ်ပေါ်ခဲ့ဖူးသည့် သမိုင်းကြောင်းများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ် ၍ ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းလာစေရေးနှင့် နှစ်ဖက်သဘောတူညီ ချက်များရရှိရေး စသည့်လုပ်ငန်းစဉ်အလိုက် ချမှတ်ဆောင်ရွက်လျက်ရှိ သည်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် ဆွေးနွေးခဲ့ပြီး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံ ဆွေးနွေးခဲ့မှု၊ ဆက်လက်ဆွေးနွေးသွားမည့် အစီအစဉ်များနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်ရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုင်းပြည် အကျိုး၊ ဒေသအကျိုးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ယခင်ဖိတ်ခေါ်ကမ်းလှမ်းချက်များအတိုင်း ထပ်မံ၍ ဖိတ်ခေါ်ကမ်းလှမ်း ထားမှု။
အချို့သော ပညာရေးဝန်ထမ်းများသည် နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် CDM ပြုလုပ်ခြင်း၊ ခြိမ်းခြောက်အကျပ် ကိုင်ခံရမှုများရှိခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းများ ကြောင့် စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ် လာသဖြင့် တာဝန်မှကင်းကွာခဲ့မှု များရှိကြရာ ဆရာ ဆရာမများအနေဖြင့် သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ ရာ ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးသို့ ၎င်းတို့၏သဘောဆန္ဒအလျောက် သတ်မှတ်ပုံစံဖြည့်၍ အယူခံလွှာ တင်သွင်းသတင်းပို့ကြရန် အသိပေး ကြေညာထားမှု၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွင်း အကြမ်းဖက် သမားများက ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို အကြမ်းဖက်မှုကျူးလွန်ခဲ့မှုနှင့် ကျောင်းအဆောက်အအုံများအား ဖျက်ဆီးခဲ့မှုများကို video ဖိုင်များ၊ PowerPoint Presentation များ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင် မောင်ဦးက မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးမှုနှင့် နိုင်ငံရေးပါတီများစစ်ဆေးခြင်း အပါအဝင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို Power Point Presentation ဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလို သည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြား ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်း ကိုးကားနိုင်ရေးအတွက် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင် အတွင်းဝင်ရောက်လာသူများနှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ရ သည့် အချက်အလက်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တာဝန်မှ ကင်းကွာနေသည့် အခြေခံပညာရေးဝန်ထမ်းများကို ပြန်လည် ဖိတ်ခေါ်သည့် အခြေအနေများ၊ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာ ကြသူများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြားမှုအပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



