
နေပြည်တော် အောက်တိုဘာ ၁၂
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူ နှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိနိုင်ငံအပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များကို ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပို့ကုန်ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာစေရန် ချိတ်ဆက် ပေးနိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုးကွင်းဆက် (Global Value Chain) ကို အထောက်အကူပြုစေခြင်း၊ စက်မှု ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ်လာနိုင် ခြင်းများကြောင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင် သည့်အတွက် ထူထောင်ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း။
အထူးစီးပွားရေးဇုန်များတွင် ငွေကြေးဆိုင်ရာဆွဲဆောင်မှု(Fiscal Incentive)၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ခွင့်ရှိသည့် ဆွဲဆောင်မှု (Regulatory Incentive)၊ ရေ၊ မီး၊ လမ်းတံတား စသည့်အခြေခံ အဆောက်အဦများ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးသည့် ဆွဲဆောင်မှု (Infrastructure Incentive) စသည်များကို ခွင့်ပြုဆောင်ရွက် ပေးနေခြင်းကို တွေ့ရမည်ဖြစ်ကြောင်း။
၂၀၂၂ ခုနှစ်စာရင်းများအရ နိုင်ငံပေါင်း ၁၄၅ နိုင်ငံ၌ အထူးစီးပွားရေးဇုန် ၇၀၀၀ ခန့် ရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်း သန်းပေါင်း ၁၀၀ ကျော် ခန့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ အထူးစီးပွားရေးဇုန်များသည် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးအတွက် အထောက်အကူပေး နိုင်သကဲ့သို့ စက်မှုဆိုင်ရာမူဝါဒများ၏ ဖြစ်ပေါ် တိုးတက်မှုအသစ်များဖြစ်ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကိုလည်း ပိုမိုဆွဲဆောင်နိုင်သည်ကို တွေ့ရှိရကြောင်း။
များစွာအထောက်အကူပြုမည်
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးစီးပွားရေးဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စေနိုင်သည့် လုပ်ငန်းစဉ်များကို ပိုမိုအလေး ထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့မှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ် လုပ်ငန်းများကို ပိုမိုခေတ်မီပြီး တီထွင်ဆန်းသစ်သည့် စက်မှုလုပ်ငန်းများအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်နိုင် ရန် ကြိုးပမ်းအကောင်အထည်ဖော်နေကြခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများအပြင် ဝန်ဆောင်မှုများ ပါဝင်သည့် Integrated Zones အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြစ်ခြင်းကို အသိပေးလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားပေးမြှင့်တင်ဆောင်ရွက်နေ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။
၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့
အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ပိုမိုပြည့်စုံပြီး ကောင်းမွန်သည့် ဥပဒေအဖြစ် ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ နည်းဥပဒေကိုလည်း ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း။
လက်ရှိနိုင်ငံတော်တွင် အထူးစီးပွားရေးဇုန်(၃)ခု ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့ကို နှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကထားရမည်ဖြစ်သော်လည်း ဆက်စပ်ဆောင်ရွက်ကြရာတွင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက်စလုံး၏ အကျိုးစီးပွား ဖြစ်ထွန်းမှုများကိုလည်း အလေးထားဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်
သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် ဇုန်တစ်ခု ဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများအကြားတွင် သတင်းကောင်းနှင့်ရပ်တည်နေသည့် ဇုန်တစ်ခု လည်းဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက် ရင်းနှီးမြှုပ်နှံနိုင်ရန် ကုမ္ပဏီအသစ်များနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာရန် လက်ရှိရင်းနှီးမြှုပ်နှံသူ များအတွက် လုပ်ငန်းများ ချောမွေ့မြန်ဆန်စွာ လည်ပတ်နိုင်စေရန်အတွက် သက်ဆိုင်သည့် ဝန်ကြီး ဌာနများအနေဖြင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်ပေးရန် မှာကြားလိုကြောင်း။
လုပ်ငန်းများလည်ပတ်လျက်ရှိ
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန် (A) နှင့် ဇုန်(B) ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ် လျက် ပို့ကုန်လုပ်ငန်းနှင့် ပြည်တွင်းသွင်းကုန်အစားထိုး လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီး မြှုပ်နှံသည့် ၂၁ နိုင်ငံမှ လက်ရှိလုပ်ငန်းလည်ပတ် သည့် ကုမ္ပဏီ ၁၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ သန်း ၂၁၉၀ ဒသမ ၇၉၀ ဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိပါကြောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တစ်နိုင်ငံလုံး၏ တစ်မျိုး သားလုံး ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် တစ်နိုင်ငံလုံး ပို့ကုန်ပမာဏ၏ ၁ ရာခိုင်နှုန်း နှင့် ပုဂ္ဂလိက ပို့ကုန်ပမာဏ၏ ၃ ရာခိုင်နှုန်းရှိသည်ကို တင်ပြချက်များအရ သိရှိရပါကြောင်း။
လိုအပ်သည်များ ပံ့ပိုးပေး
သီလဝါအထူးစီးပွားရေးဇုန်၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ပါက ဧပြီလမှ ဇူလိုင်လ(၄)လတာ ကာလ အတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၉၄၅ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၆၅၃ သန်းရှိသည့်အတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅၉၈ သန်းရှိပြီး အခွန်အရပ်ရပ်အတွက် ကောက်ခံရ ငွေ မြန်မာကျပ်ငွေ ၂၂ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ လေးလတာကာလဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ် အတွင်း ကုန်သွယ်မှုနှင့် အခွန်အရပ်ရပ်ကောက်ခံရရှိမှု ကို ယခုထက်ပိုမိုတိုးတက်ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ ထပ်မံပြီး သီလဝါအထူးစီးပွားရေးဇုန်ထဲရှိ Free ဇုန်တွင် ကုမ္ပဏီ (၃)ခု၊ promotion ဇုန်တွင် ကုမ္ပဏီ(၁)ခု တို့ကလည်း အားကစားပစ္စည်းထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်၊ ဝိုင်ယာကြိုးနှင့် ဆားကစ်ပြား ထုတ်လုပ်ခြင်း၊ ပလတ်စတစ်စက်အစိတ်အပိုင်း ထုတ်လုပ်ခြင်းနှင့် အစားအစာနှင့် အချိုရည်များ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကြောင်းအမျိုးမျိုး ကြောင့် စတင်နိုင်ခြင်းမရှိရာမှ စီမံခန့်ခွဲမှုကော်မတီ၏ စည်းရုံးကြိုးပမ်းမှုကြောင့် လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်းသိရှိရသည့်အတွက် အမြန်ဆုံးပြီးစီးရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် ပို့ကုန် လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်အောင် ကြီးကြပ်ရေး ကော်မတီက လိုအပ်သည်များ ပံ့ပိုးပေးရန် မှာကြား လိုကြောင်း။
စိစစ်ကြီးကြပ်မှုများ ဆောင်ရွက်
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ထူးခြား ဖြစ်စဉ် ဖြစ်ခဲ့မှုနှင့်ပတ်သက်၍ ဇုန်အတွင်း ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီတစ်ခု၏ အောက်ခြေဝန်ထမ်းများ သည် တရားမဝင်ကုန်ပစ္စည်းတင်သွင်းခွင့်ရရှိရေး အတွက် သွင်းကုန်လိုင်စင်ရရှိထားသည့် အခြားကုမ္ပဏီ တစ်ခု၏လိုင်စင်များကို အလွဲသုံးပြီး အမေရိကန် ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သည့်အတွက် ယင်းဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ယခုထက် လိုအပ်သည့်စိစစ်ကြီးကြပ်မှုများ ဆောင်ရွက် သွားရန်လိုကြောင်း၊ အထူးစီးပွားရေးဇုန်များတွင် ရှိသည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုချေးငွေများကို မိခင်ကုမ္ပဏီများက ကိုယ်စားပေးဆပ်ပြီး ပြည်ပ ချေးငွေစာရင်းမှ ပယ်ဖျက်မည့်ကိစ္စရပ်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက် ပေးသွားကြရန် မှာကြားလိုကြောင်း၊ ထပ်မံ၍ နိုင်ငံခြားငွေအဖြစ် ထည့်ဝင်မတည်ရင်းနှီးမည့်၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအသစ်များ လက်ရှိကုမ္ပဏီများ၏ ထပ်မံရင်းနှီးမြှုပ်နှံမှုငွေများကို အမေရိကန်ဒေါ်လာအပြင် မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ခွင့်ပြုပြီးဖြစ်သည့် မည်သည့်နိုင်ငံခြားငွေကြေးနှင့် ဖြစ်စေ ထည့်ဝင်အသုံးပြုနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြားမိတ်ဖက် နိုင်ငံများ၏ တရားဝင်ငွေကြေးလဲလှယ်မှု၊ သုံးစွဲမှုများ နှင့်လည်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ညှိနှိုင်းဆဲဖြစ် သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း ဆက်သွယ်လာသည့်အချိန်တွင် အသိပေးပြောကြား လိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက် (၃)ရပ်အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ဦးတည်ချက် တစ်ခုဖြစ်ကြောင်း။
အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေး
ထိုရည်မှန်းချက်ကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက်တွေ့ကျကျ လုပ်ကိုင်နိုင်ရန်၊ နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့်အညီ ဇုန်များတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန် လိုအပ်ကြောင်း၊ ထို့မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာ ရန်အတွက် ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ကောင်းမွန်စွာ ဦးဆောင် နိုင်ရန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်လာစေရန် အတွက်နှင့် ပို့ကုန်တိုးမြှင့်နိုင်စေရန် စီးပွားရေးဇုန်များ တွင်ရှိသည့် One Stop Service Center များကို စနစ်တကျဖွဲ့စည်းပြီး ထိရောက်သည့် ဝန်ဆောင်မှု များ ပေးနိုင်အောင် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ များအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ပြင် လုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီများ ကုန်ထုတ်လုပ်ငန်းများ အစဉ်ပြေစေရေး အတွက် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးစေ လိုကြောင်း။
လုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လိုအပ် သည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းခြင်းသာမက ပြည်တွင်းမှာရှိသည့် အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များက ထုတ်လုပ်သည့် အရည်အသွေးမီကုန်ကြမ်း ပစ္စည်းများကို ချိတ်ဆက်ပြီး တတ်နိုင်သမျှအသုံးပြု အောင် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည့် နိုင်ငံများတွင် ဘက်စုံပို့ဆောင်ရေးစနစ် (Multimodal Transport) ကို တွင်ကျယ်စွာ အသုံးပြုနေခြင်းဖြစ်သည့်အတွက် မိမိနိုင်ငံတွင်လည်း အထူးစီးပွားရေးဇုန်များနှင့် ဆက်စပ်ပြီး ဘက်စုံပို့ဆောင်ရေးစနစ် (Multimodal Transport)အသုံးပြုနိုင်စေရန် အကောင်အထည်ဖော် ရေး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်
ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွက် အထောက်အကူပြုမည့် ကျောက်ဖြူ - မန္တလေး - မူဆယ် ရထားလမ်းစီမံကိန်းကိုလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ပြီးစီးပါက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည် စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရေနက် ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် Shareholders’ Agree-ment နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ် ကြောင်း၊ ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး ခဲ့သည့် စာချုပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်အဓိပ္ပာယ် ကွဲလွဲယူဆ၍ ရနိုင်သည့် အချက်အချို့ရှိရာ ပြန်လည် ညှိနှိုင်းရမည့်အချက်များကို နိုင်ငံတော်အကြီးအကဲ က ဆွေးနွေးညှိနှိုင်းရန် မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်၍ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများနှင့် Win Win ဖြစ်အောင် နှစ်ဖက်လုပ်ငန်းအဖွဲ့အချင်းချင်း ဆွေးနွေး မှုများ အပြုသဘောဆောင်ပြီး စီမံဆောင်ရွက်သွား ကြရန်လိုကြောင်း။
ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန် ဆုံး စတင်နိုင်ရေးအတွက် နှစ်ဖက်ကြိုတင်ဖြည့်ဆည်း ရမည့်အချက်များ (Conditions Precedent)ကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ အတွက် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရ မည့်အချက်များကို သတ်မှတ်ကာလအတွင်းပြီးစီး အောင် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကျောက်ဖြူစီမံ ခန့်ခွဲမှုကော်မတီများအနေဖြင့် လိုအပ်ချက်ပေါ် မူတည်ပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် လိုကြောင်း။
ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်
ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်း စီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည့် အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ရန် လိုကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင် စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင် မည်ဖြစ်ကြောင်း။
နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းများ အချိန်တိုအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် စေရေး လမ်းညွှန်မှုများ ပြုလုပ်ထားပြီးဖြစ်သည့် အတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက် လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက် နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အသိပေး ပြောကြားလိုကြောင်း။
ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်
အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ရင်းနှီးတည်ဆောက်သူ အဖြစ် ရွေးချယ်တာဝန်ပေးခဲ့သည့် အီတာလျံ - ထိုင်းကုမ္ပဏီသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှု ရပ်တန့်လျက်ရှိရာ လုပ်ငန်းရပ်စဲထားပြီးဖြစ်၍ လွှဲပြောင်းလက်ခံခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ရင်းနှီး တည်ဆောက်သူ အသစ်ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားရမည်ဖြစ်သည့်အတွက် မြန်မာအထူးစီးပွားရေး ဇုန် ဆိုင်ရာဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီအဖွဲ့များ ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ ရရှိ အောင် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း။
အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီများက မိမိတို့လုပ်ဆောင်ရန်ကိစ္စများကို ဗဟိုလုပ်ငန်းအဖွဲ့ သို့ တင်ပြခွင့်ပြုချက်ရယူပြီးမှသာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များနှင့် ပတ်သက်၍ လိုအပ်သည့် သုံးသင့်သည်ကိုသာ စိစစ်သုံးစွဲကြရန်လိုကြောင်း။
ယခုထက်ပိုမိုပြီး ကြိုးပမ်းဆောင်ရွက်
အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာ မှသာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူနေမှုအဆင့်အတန်းများ တိုးတက်မှုရရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အောင်မြင်တိုးတက်အောင် သက်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ယခုထက်ပိုမိုပြီး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုအခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး (၁) ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက လက်ရှိမြန်မာအထူးစီးပွား ရေးဇုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်း အဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြား တင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးဝင်းရှိန်၊ ဦးအောင် နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာ သီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးမြင့်နောင်၊ ဦးထွန်းအုံနှင့့်် ဦးမျိုးသန့်၊ တက်ရောက်လာကြသည့် တိုင်းဒေသ ကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌများက အကြံပြုချက်များနှင့် အထူးစီးပွားရေး ဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်