
နေပြည်တော် ဩဂုတ် ၁၁
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အကဲဖြတ်ပညာရှင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်က စတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံ တော် အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ် ရည်ရွယ်ချက်ကောင်းများစွာနှင့် ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ သို့သော်၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာကာလအတွင်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ယခင် အစိုးရမှ ကျင်းပပေးနိုင်ခဲ့ ခြင်းမရှိကြောင်း၊ ထိုသို့ကြာမြင့်ချိန်ကာလအတွင်း ပြိုင်ပွဲ အချို့ မြန်မာ့ရိုးရာယဉ်ကျေးမှုပညာရပ် များနှင့် ကင်းကွာစပြုလာသလို သမ္ဘာရင့် ဝါရင့် သက်ကြီးပညာရှင်အချို့ တိမ်းပါး ကွယ်လွန်ခဲ့ခြင်းများလည်း ရှိခဲ့ကြကြောင်း၊ အခြားတစ်ဖက်တွင်လည်း ထိုကာလ မတိုင်ခင်ကတည်းကပင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဆန့်ကျင် သည့် သရုပ်လွန်ဂီတများ၊ စကားလုံး ကြမ်းကြမ်းဖြင့် တေးသီချင်းများ၊ ငြိမ့်ညောင်းညက်ညောမှု၏ ဆန့်ကျင် ဘက်ဖြစ်သည့် လှုပ်ရှားကပြမှုများသည် လူငယ်ထုအတွင်း အတိုင်းအတာတစ်ခု အထိ ထိုးဖောက်ဝင်ရောက်စပြုလျက်ရှိခဲ့ ကြောင်း။
ထိုသို့သော အခြေအနေများအကြား တွင် မြန်မာ့ရိုးရာအနုသုခုမပညာရပ်များ ကို ထိန်းသိမ်းဆောင်ရွက်ထားသူ ပညာ ရှင်ကြီးများ၊ မြန်မာ့ရိုးရာအနုသုခုမပညာ ရပ်များကို မြတ်နိုးဖက်တွယ်ထားသူ ဝါသနာရှင် လူငယ်များအနေဖြင့် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ပေါ်ထွန်းလာ ရေးကို အားကိုးတကြီး မျှော်လင့်ခဲ့ကြ ကြောင်း။
၂၀၂၂ ခုနှစ် မေ ၅ ရက်တွင် ကျင်းပခဲ့ သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်း နားနားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရန် လမ်းညွှန်ခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်မှု အပြင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ပြီး အဂတိတရားကင်းရှင်းသည့် အကဲဖြတ် ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ် ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင် နိုင်ရေးအတွက်လည်း အလေးအနက်ထား မှာကြားခဲ့ကြောင်း။
ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အနေဖြင့် လုပ်ငန်းကော်မတီအဖွဲ့ဝင် များ၊ ဆပ်ကော်မတီဝင်များဖြင့် (၂၃) ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးကို နိုင်ငံတော်အဆင့် ခမ်းနား သိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် အနုသုခုမဆိုင်ရာ ရှုထောင့်အပြင် လုံခြုံ ရေးရှုထောင့်နှင့်ထိုစဉ်က ရောဂါလက္ခဏာ အရှိန်အဟုန် အနည်းငယ်ရှိနေသေးသည့် ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြုသည့် ကျန်းမာရေး ရှုထောင့်ကပါ ပြည့်စုံစေ့စပ် စွာ ကြိုတင်စဉ်းစား ဆောင်ရွက်ခဲ့ကြသည့် အတွက် (၂၃) ကြိမ်မြောက် ပြိုင်ပွဲကြီး သည် ရွက်ပုန်းသီး အနုပညာရှင်များစွာ ပေါ်ထွက်လာမှုနှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း။
ပြိုင်ပွဲဝင် အင်အားအနေဖြင့်လည်း နောက်ဆုံးပြိုင်ပွဲကြီး ကျင်းပရန် နီးကပ် ချိန်အထိ ကြိုတင်မျှော်မှန်းထားသည့် အရေအတွက်ထက် တက်ကြွစွာ ပိုမိုပါဝင် ခဲ့သည့်အတွက်လည်း ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများ အနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲအခမ်း အနားကြီးတစ်ခုကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ရကျိုးနပ်သည့် ရလဒ် ပင်ဖြစ်ပါကြောင်း။
မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ထိုနိုင်ငံ၏ သမိုင်းနှင့်ချီပြီး ရှည်လျားခဲ့သည့် ရိုးရာ အစဉ်အလာဒြပ်ရှိဒြပ်မဲ့ အထောက်အထား များအပြင် အဆင့်ဆင့်ပြောင်းလဲတိုးတက် လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှုအနုသုခုမ အစဉ်အလာများသည် အဆိုပါနိုင်ငံ၏ ထူးခြားပေါ်လွင်သည့် အဓိကသွင်ပြင် လက္ခဏာများပင်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များ ကို တာဝန်ယူထမ်းဆောင်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်း ချက်ပါ ပုဒ်မ (၂၇) အရ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေး အတွက် ကူညီဆောင်ရွက်မည့်အချက်ကို လည်းကောင်း၊ ပုဒ်မ (၃၃) အရ နိုင်ငံတော် သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်ကိုလည်းကောင်း၊ ပုဒ်မ ၃၉၀ (က) အရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းအချက်ကို လည်းကောင်း အလေးထားလျက် ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာ ကျင်းပခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် အဆို၊ အက၊အရေး၊အတီး ပြိုင်ပွဲကြီးကိုလည်း နိုင်ငံတော်အဆင့် အားလျော်စွာ ခမ်းနား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး အတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး ကို ကျင်းပခြင်းဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်က ဦးတည် ချက် ချမှတ်ပြီး အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးကို ယခင်နှစ်များ ကဲ့သို့ ပြိုင်ပွဲဝင်ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ် ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ် ရွက်ပုန်းသီး ပြိုင်ပွဲဝင် လူငယ်မောင်မယ်များ အင်ပြည့် အားပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြရန် အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်း ပါကြောင်းနှင့် ယခင် (၂၃) ကြိမ်မြောက် ပြိုင်ပွဲမှ အားနည်းချက်များကို သင်ခန်းစာ ယူ၍ အားသာချက်များအဖြစ် ပြောင်းလဲ ကာ ပြိုင်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယခင်ပြိုင်ပွဲ ကျင်းပနိုင်ခဲ့မှုအခြေအနေ များ၊ ယခုပြိုင်ပွဲကျင်းပမည့် အစီအမံ များနှင့် ဆုချီးမြှင့်မည့် အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးစီးကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးတည်ချက်များ၊ ဦးစီးကော်မတီ၊လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ပြိုင်ပွဲ ကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင် ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနား ပြင်ဆင် ရေးနှင့် အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဧည့်ခံ ကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြု ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ ဆုချီးမြှင့်ရေး နှင့် အခမ်းအနားများ ကျင်းပရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်း ထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေး ဆပ် ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီ၊ တည်းခိုရေးနှင့် ပြိုင်ပွဲကျင်းပမည့်နေရာ အုပ်ချုပ်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အကဲဖြတ်ပညာရှင်များ နှင့် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် တာဝန်ရှိသူများက (၂၄) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဆွေးနွေး တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်