
နေပြည်တော် ဇွန် ၆
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာ တွင် ယနေ့အစည်းအဝေးသည် မေ ၁၄ ရက်က ရခိုင် ပြည်နယ်နှင့် ဆက်စပ်ဒေသများသို့ တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော (မိုခါ)မုန်တိုင်းနှင့် စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုများကို မုန်တိုင်းအလွန် ကာလဆောင်ရွက်ဆဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ပျက်စီး ဆုံးရှုံးမှုပေါ်မူတည်၍ သက်ဆိုင်ရာ ကော်မတီအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်နှင့် ချင်း ပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်ကို သဘာဝဘေး အန္တရာယ်ကျရောက်သော နယ်မြေများအဖြစ် သတ်မှတ်၍ အပျက်အစီးများ အမြန်ဆုံးဖယ်ရှား ရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြကြောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် တပ်မတော်အရာရှိကြီး များကို တစ်မြို့နယ်လျှင်တစ်ဦး ခန့်အပ်တာဝန်ပေး၍ တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်း၊ အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များကိုလည်း စစ်တွေမြို့တွင် ရုံးထိုင်စေ ပြီး အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်း နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်စေလျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် သုံးပတ် ၃ ရက်အတွင်း ဆောင်ရွက်မှုများ တိုးတက်မှုရှိသည် ကို တွေ့ရကြောင်း၊ ယခုထက်ပို၍ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်
နိုင်ငံတကာနှင့် ဆက်စပ်ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ နှင့် ပုဒ်မ ၂၆ တို့အရ မုန်တိုင်းလွန်ကာလဖြစ်သည့် ပြန်လည်ထူထောင်ရေးကာလကို သတ်မှတ်နိုင်ရေး သည် အရေးကြီးသည့်အတွက် အမြန်ဆုံးသတ်မှတ် ဆောင်ရွက်ရန်လိုကြောင်း၊ နာဂစ်ကာလတွင် ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးကိစ္စများ ကို အတွေ့အကြုံယူ၊ သင်ခန်းစာယူ၍ မိုခါမုန်တိုင်း လွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ အလျင်အမြန် ပြီးစီး အောင် ဆောင်ရွက်သွားကြရမည်ဖြစ်သဖြင့် ဝန်ကြီး ဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
အလှူရှင်များ လှူဒါန်းသည့်ပစ္စည်းများ၊ သဘာဝ ဘေးရန်ပုံငွေမှ ဝယ်ယူဖြည့်တင်းထားသည့် ပစ္စည်း များကို သဘာဝဘေးသင့်ဒေသများသို့ ပေးပို့လျက်ရှိ ကြောင်း၊ ထိုသို့ ပေးပို့ရာတွင် တပ်မတော်လေယာဉ်၊ ရေယာဉ်များအပြင် အရပ်ဘက် မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်များနှင့်ပါ ပို့ဆောင်ပေးလျက် ရှိကြောင်း၊ အရပ်ဘက်မော်တော်ယာဉ်၊ ရေယာဉ်များ အတွက် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ နှုန်းထားသတ်မှတ်ပြီး ပံ့ပိုးပေးသွားနိုင် ရန် ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း။
ဘတ်ဂျက် လိုအပ်ချက်များတင်ပြ
ငွေကြေးသုံးစွဲမှုအနေဖြင့် မုန်တိုင်းကြောင့် ဝန်ကြီးဌာနများအလိုက် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ ကြောင်း၊ အဆိုပါပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ပြုပြင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြုပြင်ထိန်းသိမ်းမှုစရိတ်မှ ပထမအဆင့် ပြန်လည် ပြုပြင်ရမည်ဖြစ်ပြီး လုံလောက်မှုမရှိပါက အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အရေးပေါ်ရန်ပုံ ငွေသို့ တင်ပြဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထပ်မံလုံလောက်မှုမရှိပါက ထပ်မံတင်ပြနိုင်သည့် ပြုပြင်ပြီး ဘတ်ဂျက်သို့ လိုအပ်ချက်များကို တင်ပြ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ သုံးစွဲ နိုင်ရန် ယခုအစည်းအဝေးတွင် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးသွားကြရမည်ဖြစ်ကြောင်း။
ပထမအကြိမ် စာရင်းကောက်ယူခြင်းကို ရခိုင် ပြည်နယ်ရှိ မြို့နယ်များအလိုက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်ကို သိရကြောင်း၊ သက်ဆိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ပျက်စီးဆုံးရှုံးခဲ့ သည်များကို နိုင်ငံအဆင့် ပျက်စီးဆုံးရှုံးမှုစာရင်းတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်
မုန်တိုင်းမကျရောက်မီ မေ ၆ ရက်မှ စတင်၍ မုန်တိုင်းအန္တရာယ် ကြိုတင်သတိပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းကာလအတွင်း မုန်တိုင်းလမ်းကြောင်းတစ်လျှောက် မုန်တိုင်း ရောက်ရှိမည့် နေရာဒေသများကို မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခု ကဲ့သို့ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် နိုင်ခဲ့သည့်အတွက် ပြည်တွင်းမှသာမက ပြည်ပနိုင်ငံ များကပါ မိမိတို့သတင်းဌာနများကို ယုံကြည်မှုများ ပိုမိုရှိလာကြောင်း၊ ထို့ကြောင့် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချက် သတင်းများစုစည်းပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် အလေးထား ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။
ဇွန် ၁ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများ ဖွင့်လှစ်ရန် ကြေညာခဲ့ရာ ရခိုင်ပြည်နယ်ရှိ အခြေခံ ပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများ အချိန်မီ မဖွင့်လှစ်နိုင်မည်ကို ဒေသခံကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက စိုးရိမ် စိတ်များ ရှိခဲ့ကြကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီများ၏ အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာ များအသင်းချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက် အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းနှင့် ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် ဆောင်ရွက်နေသော ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့များက ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်များခွဲကာ အခြေခံပညာ အထက်တန်းကျောင်းများ မိုးလုံလေလုံ ဖွင့်လှစ်နိုင် ရန် ဦးစားပေးအဆင့်များခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း၊ တက္ကသိုလ်အဆင့်ကျောင်းများ ဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် ဇွန် ၁ ရက်တွင် ရခိုင် ပြည်နယ်အတွင်း အခြေခံပညာအဆင့်ကျောင်းများ အပြင် အဆင့်မြင့်ပညာကျောင်းများပါ ဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ ထိုသို့ကျောင်းများ အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ စိုးရိမ်သံသယစိတ်များကို ပြေပျောက်စေခဲ့ကြောင်း၊ ထိုစိုးရိမ် သံသယစိတ်များကို ပြေပျောက်စေခြင်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်း၏ အောင်မြင်မှု တစ်ရပ်ပင်ဖြစ်ကြောင်း၊ ဆက်လက်၍ တိုက်နယ် ဆေးရုံများနှင့် မြို့နယ်ဆေးရုံများကိုလည်း အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အချိန်မီရောက်ရှိအောင် ပို့ဆောင်
ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးဆိုင်ရာ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် 230 KV လိုင်းသည် ၉၃ ရာခိုင်နှုန်းနှင့် 66 KV ပုဏ္ဏား ကျွန်း- စစ်တွေလိုင်းသည် ၉၈ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ဇွန် ၇ ရက်တွင် 230 KV လိုင်းနှင့် ဆက်စပ်၍ 66 KV လိုင်းမှ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်း မြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်မည်ဖြစ် ကြောင်း၊ 11 KV လိုင်းဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်း မြို့ပေါ်သို့ လျှပ်စစ်ဓာတ်အား စတင်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ စစ်တွေမြို့ ရှိ ကျောက်ကပ်ဆေးသည့်စက်ကို ဦးစားပေး ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျောက်ကပ်ဝေဒနာ ရှင်လူနာများအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ ထို့ပြင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ် သည့် သစ်ခွဲသားများနှင့် သစ်လုံးများကို မုန်တိုင်း ဒဏ်သင့်ဒေသများသို့ အချိန်မီ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ကျောင်း၊ ဆေးရုံ စသည်ဖြင့် ဦးစားပေး အဆင့်အလိုက် အဆောက်အဦများ အမြန်ဆုံးပြီးစီး အောင် ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရာသီဖြစ် သည့်အတွက် တောင်သူများအတွက် လိုအပ်သည့် မျိုးစေ့များနှင့် လယ်ယာသုံးစက်ကိရိယာများကို လည်း အမြန်ဆုံးဖြည့်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန်လိုကြောင်း၊ ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များက ပေးပို့လှူဒါန်း သည့်ပစ္စည်းများနှင့် အလှူငွေများကို စနစ်တကျ လက်ခံလျက်ရှိပြီး မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးဖြန့်ခွဲပေးပို့လျက်ရှိကြောင်းနှင့် AHA Centre ၏ ပံ့ပိုးကူညီမှုများကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး စိုးထွဋ် က မုန်တိုင်းကြိုကာလနှင့် မုန်တိုင်း ဖြစ်ပွားစဉ်ကာလအတွင်း ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်းမွန်စေရန်ဆောင်ရွက်နေမှု၊ လျှစ်စစ် ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရေး ကြိုးပမ်း ဆောင်ရွက်နေမှု၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ မှန်ကန် စွာ ရရှိရေးကောက်ခံနေမှု၊ ပြန်လည်ထူထောင်ရေး ကာလ သတ်မှတ်နိုင်ရန်လိုအပ်မှု၊ မုန်တိုင်းလွန်ကာလ တွင် ကူညီထောက်ပံ့ရေးပစ္စည်းများအား စစ်ဘက်၊ အရပ်ဘက်ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေး နေမှုနှင့်ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် သယ်ယူပို့ဆောင်ပေးမှု အနေဖြင့် ဇွန် ၅ ရက်အထိ စစ်ရေယာဉ်များဖြင့် ၉ ခေါက် ကုန်ပစ္စည်းတန်ချိန် ၃၆၁၃ ဒသမ ၂၀ တန် နှင့် လူဦးရေ ၈၇၄ ဦး၊ တပ်မတော်လေယာဉ်များဖြင့် ၁၅၂ ခေါက် ကုန်ချိန် ၄၅၄ ဒသမ ၆၂၂ တန်နှင့် လူဦးရေ ၃၄၇၇ ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ပို့ဆောင်မှုအနေဖြင့် ကုန်းလမ်း ၂ ခေါက် ၃၂ ဒသမ ၀၂ တန်၊ ရေလမ်းဖြင့် ၉ ခေါက် ကုန်ချိန် ၁၃၇၂၂ ဒသမ ၇၃၁ တန်၊ လေကြောင်းဖြင့် ၄ ခေါက် ၀ ဒသမ ၆၁၈ တန်၊ အရပ်ဘက်၊ တပ်ဘက်ပို့ဆောင်မှုစုစုပေါင်း ၁၇၇ ခေါက်တွင် ကုန်ချိန် ၁၇၉၃၇ ဒသမ ၇၉၁ တန် နှင့် လူဦးရေ ၄၃၅၁ ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့မှု၊ စက်သုံးဆီသုံးစွဲမှုအနေဖြင့် တပ်မတော်စစ်ရေယာဉ် များအနေဖြင့် ရန်ကုန်မှ စစ်တွေသို့ ခရီးစဉ် ၉ ကြိမ် အတွက် ဒီဇယ်ဆီ ၁၉၂၃၅၈ ဂါလန်နှင့် ချောဆီ ၁၉၂၇ ဂါလန် ကုန်ကျခဲ့ပြီး စစ်တွေမှ သက်ဆိုင်ရာဒေသ များသို့ ကုန်ပစ္စည်းများ ဖြန့်ခွဲရာတွင် ခရီးစဉ် ၂၂ ကြိမ် အတွက် ကုန်ပစ္စည်းတန်ချိန် ၁၅၄၇ တန် ဖြန့်ခွဲ ပို့ဆောင်ခဲ့ရာ ဒီဇယ်ဆီ ၆၁၂၂၇ ဂါလန်နှင့် ချောဆီ ၃၅၁ ဂါလန် ကုန်ကျခဲ့၍ စုစုပေါင်း ဒီဇယ်ဆီ ၂၅၃၅၈၅ ဂါလန်နှင့် ချောဆီ ၂၂၇၈ ဂါလန် ကုန်ကျခဲ့မှု၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များအနေဖြင့် အခေါက်ရေ ၁၅၂ ခေါက်အတွက် သုံးစွဲကုန်ကျဆီ ၁၄၇၈၃၃ ဂါလန် သုံးစွဲခဲ့မှု၊ အလားတူ အရပ်ဘက် ပို့ဆောင်ရေးယာဉ်များအနေဖြင့် ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်းပို့ဆောင်မှု ၁၅ ခေါက် တွင် စက်သုံးဆီ ဂါလန် ၄၃၁၀၀ သုံးစွဲခဲ့မှုအခြေအနေ များအား လည်းကောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျန်းမာရေးအဆောက်အဦ ၄၉၈ လုံး ပျက်စီးခဲ့ပြီး ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်ပြင်ဆင်နိုင်မှု၊ မုန်တိုင်း တိုက်ခတ်ချိန်မှ မေ ၃၁ ရက်အထိ ပြင်ပလူနာ ၉၂၉၁ ဦး၊ အတွင်းလူနာ ၄၃၄၁ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့မှု၊ သာမန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ၈၁၅ ဦးရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသရသူ ၁၁ ဦးရှိခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း ရေတွင်း၊ ရေကန် ပေါင်း ၃၀၆၉ ခုတွင် ကလိုရင်းဆေးခတ်ခြင်း၊ သွေးလွန် တုပ်ကွေးရောဂါအတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်နိုင်မှု၊ သောက်သုံးရေကန်များအတွင်း အမှိုက်များ၊ အပင်များ၊ တိရစ္ဆာန်အသေကောင်များ ဖယ်ရှားရှင်းလင်းမှုလုပ်ငန်းများအပြင် ကန်ပေါင်များ မြှင့်တင်ပေးနိုင်မှု၊ တည်ဆောက်ရေးလုပ်ငန်းအတွက် သစ်လုံးတန် ၆၄ တန်နှင့် သစ်ခွဲသား ၁၈၃၈ တန်၊ အိမ်ရိုက်သံ ၂၄ တန်၊ သွပ်ရိုက်သံ ၁၃ တန်ကျော်တို့အား ပို့ဆောင်ပေးခဲ့မှု၊ စိုက်ပျိုးမွေးမြူရေးအတွက် ကျွဲ ကောင်ရေ ၁၁၆ ကောင်၊ထွန်စက်အစီး ၈၀ ဝယ်ယူဖြည့်တင်းပေးမှု၊ ထိခိုက် ဒဏ်ရာရပြီး နာမကျန်းဖြစ်နေသည့် ကျွဲ၊ နွား ၃၁၈ ကောင်၊ ဝက် ၆၉ ကောင်နှင့် ဆိတ် ၁၀ ကောင်တို့အား ဆေးကုသပေးနိုင်မှု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် အဆောက်အဦ ၂၂၆ လုံး၊ မကွေးတိုင်း ဒေသကြီးတွင် အဆောက်အဦ ၄၄၈ လုံး၊ ချင်း ပြည်နယ်တွင် အဆောက်အဦ ၁၁၉၈ လုံး ပျက်စီးမှု တို့အား ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က မုန်တိုင်းသင့်ဒေသများ အတွက် ကူညီထောက်ပံ့ရေးပစ္စည်များ လက်ခံ၊ ဖြန့်ခွဲ ပေးနေမှုနှင့်ပတ်သက်၍ ဇွန် ၅ ရက်အထိ မြန်မာ စီးပွားရေးဘဏ်သို့ ဝင်ရောက်ပြီး အလှူငွေကျပ် ၂၆ ဒသမ ၀၀၉ ဘီလီယံနှင့် မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်သို့ ဝင်ရောက်ပြီးငွေ အမေရိကန်ဒေါ်လာ ၃၇၅၀၀၀ ကျော် ရရှိခဲ့မှု၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အရန်ဆန် တန်ချိန် ၁၀၀၀၀ (ဆန်အိတ် ၂၀၀၀၀၀)ကို ဆန်စပါး အသင်းချုပ်ထံမှ ဝယ်ယူခဲ့မှု၊ ရခိုင်ပြည်နယ်အတွက် လျာထားဆန်အိတ် ၆၀၀၀၀၊ အလှူရှင်များမှ လှူဒါန်း သည့် ဆန်အိတ် ၂၁၆၉ အိတ် စုစုပေါင်း ၆၂၁၆၉ အိတ်ကို စစ်တွေသို့ ပို့ဆောင်ပေးခဲ့မှု၊ ချင်းပြည်နယ်သို့ ဆန်အိတ် ၆၄၀ ပို့ဆောင်ခဲ့မှု၊ သွပ်အချပ် ၁၀၀၀၀၀ ဝယ်ယူ၍ စစ်တွေသို့ ပို့ဆောင်ပေးခဲ့မှု၊ လှူဒါန်းမှုမှ ရရှိသည့် သွပ်အချပ်ရေ ၂၀၄၅၀၂ ချပ်ကို စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့မှု၊ ASEAN –ERAT အဖွဲ့နှင့် စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့များ တွင် ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့မှု၊ AHA Centre မှ စုစုပေါင်းလေယာဉ် ၇ ခေါက်ဖြင့် ကူညီထောက်ပံ့ ရေးပစ္စည်းများ လက်ခံရရှိခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကူညီထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ရာတွင် အုပ်စုအဆင့်လိုက် သတ်မှတ်ခွဲဝေ ထောက်ပံ့ရန်ကိစ္စရပ်များ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ပေးသည့် မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်များအား စက်သုံးဆီများထောက်ပံ့ ပေးရေးဆိုင်ရာများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် အခြားအဆောက်အဦများ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင် သည့် အသုံးစရိတ်များ သုံးစွဲရာတွင် သာမန်အသုံး စရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များကို ဘဏ္ဍာ ရေးစည်းမျဉ်းများနှင့်အညီ ထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စိစစ်ခွင့်ပြုချက်ဖြင့် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေများ၊ ကူညီထောက်ပံ့ ပစ္စည်းများ ရရှိသုံးစွဲပါက လှူဒါန်းငွေဖြင့် သုံးစွဲမှုနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ သုံးစွဲမှုတို့ကို စနစ်တကျ စာရင်းပြုစုထားရန် လိုအပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုအခြေအနေ များ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ အာဆီယံ၊ ကြက်ခြေနီအဖွဲ့များနှင့် INGO တို့မှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်ရန် ဆက်သွယ်ကမ်းလှမ်းဆောင်ရွက် နေမှု၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများတွင် ခွဲခြားမှုမရှိဘဲ မျှတစွာ ဆောင်ရွက် ရန်နှင့် နိုင်ငံရေးအရောင်အသွေးကင်းရှင်းရန် လိုအပ် မှု၊ Humanitarian Country Team အဖွဲ့နှင့် ကူညီ ရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်နေမှု၊ The Secretary General of ASEAN as the ASEAN Humanitarian Assistance Coordinator (SG-AHAC) လာရောက်၍ ပျက်စီးမှုအခြေအနေများ ကြည့်ရှုမည့်အပေါ် သဘောတူခွင့်ပြုခဲ့မှု၊ နိုင်ငံတကာ အကူအညီများနှင့် ပတ်သက်၍ စနစ်တကျရှိစေရေး On-Side Operation Coordination Centre ဖွဲ့စည်း ဆောင်ရွက်ခဲ့မှုအခြေအနေများ ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး က ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ် ကျရောက်သည့် ဒေသဖြစ်ကြောင်း ကြေညာရာတွင် အချိန်ကာလနှင့်စပ်လျဉ်း၍ ပထမ အကြိမ် ကြေညာသည့် အချိန်ကာလသည် နှစ်လ အထိ တည်မြဲစေမှု၊ ပထမအကြိမ် ကြေညာပြီးနောက် ပိုင်းခြားသတ်မှတ်ထားသည့် နယ်မြေဒေသမှာ ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ သဘာဝဘေးအန္တရာယ် ဆက်လက်၍ တည်ရှိနေ သည့်အခါ နောက်ထပ်ကြေညာသည့် ကာလသည် တစ်ကြိမ်လျှင် နှစ်လစီအထိ တည်မြဲစေပြီး လိုအပ် သမျှထပ်မံ၍ သတ်တမ်းတိုးကြေညာနိုင်မှုအခြေ အနေနှင့် နည်းဥပဒေခွဲ (က) သို့မဟုတ် (ခ) တို့အရ ကြေညာပြီးနောက် သဘာဝဘေးအန္တရာယ် ပေါ့လျော့ သွားပြီး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာ သဖြင့် ဆက်လက်၍ အရေးပေါ်အခြေအနေ ကြေညာ ရန် မလိုသည့်အခါ ကြေညာသည့်နေ့မှ အချိန်ကာလ နှစ်လ ကုန်ဆုံးသည်နှင့် အဆိုပါကြေညာချက်သည် ရပ်စဲပြီးဖြစ်မှုအခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီ ၁၂ ခုမှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများ၌ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ဝန်ကြီး ဌာနများအလိုက် ပျက်စီးဆုံးရှုံးခဲ့မှုများနှင့် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မုန်တိုင်း အလွန်ကာလ စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက် မည့် အစီအမံများ၊ သန့်ရှင်းသောသောက်သုံးရေ ရရှိ နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိအောင်ဆောင်ရွက်မှုများ၊ မုန်တိုင်းလွန်ကာလ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စာရင်း ဇယားများမှန်ကန်စွာရရှိရေး၊ ဘဏ္ဍာရေးစည်းမျဉ်း များနှင့်အညီ ရန်ပုံငွေများ ထုတ်ယူသုံးစွဲနိုင်ရေး၊ ပြန်လည်ထူထောင်ရေးကာလ သတ်မှတ်နိုင်ရန် ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော် အရာရှိကြီးများက တပ်မတော်အနေဖြင့်လည်း မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ရှေ့ပြေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍ အလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့မှု၊ ယာဉ် အုပ်စု ၁ စုတွင် တပ်မတော်မှ အရာရှိကြီး တစ်ဦး လိုက်ပါ၍ ယာဉ်အုပ်စု ၁၀ စုကို မေ ၉ ရက်တွင် စတင် စုဖွဲ့ခဲ့ပြီး မေ ၁၂ ရက်တွင် မုန်တိုင်းဦးတည်ဝင်ရောက် နိုင်သော ဒေသများသို့စေလွှတ်ခဲ့မှု၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော် မှ ရေယာဉ်၊ လေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးနေ မှု၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများ ကို ရှင်းလင်းတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်