
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများအား အွန်လိုင်းဖြင့်ချိတ်ဆက်ပြီးလတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား
======================================================================================================================
နေပြည်တော် အောက်တိုဘာ ၁၀
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့နံနက် ၁ဝ နာရီတွင် ပြည်တွင်း ပြည်ပသတင်းမီဒီယာ များအား အွန်လိုင်းဖြင့် ချိတ်ဆက်တွေ့ဆုံပြီး လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သတင်းမှား များပြားလာ
သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ပဏာမအနေဖြင့် ပြောကြားလိုသည်မှာ အိမ်တော် Group တွင် ရှင်းလင်းတင်ပြခဲ့သည့်ကိစ္စများရှိပါကြောင်း၊ ယင်းကိစ္စမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ Social Media တွင် သတင်းမှား များ၊ လုပ်ကြံဖန်တီးထားသော သတင်းများ တင်သည့်ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဗစ်-၁၉ ဖြစ်သွားကြောင်း၊ ကျန်းမာရေးအခြေအနေအရ လူစားထိုးထား ကြောင်း စသည်ဖြင့် သတင်းအမှားများကို မိမိတို့အနေဖြင့် အကြိမ်ကြိမ်လည်း ရှင်းလင်း ခဲ့ရပါကြောင်း၊ သတင်းအမှားများ ပျံ့နှံ့လာ သည့်ကိစ္စသည် ရွေးကောက်ပွဲနီးကပ်လာသည့် အချိန်တွင် ပိုမိုများပြားလာသည်ကို တွေ့ရှိရပါ ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ စိစစ် ဖော်ထုတ်မည်ဟု ပြောကြားပြီးဖြစ်ပါကြောင်း။
စိစစ်ဖော်ထုတ်ရာတွင် အွန်လိုင်းပေါ်၌ နိုင်ငံတော်အကြီးအကဲများနှင့် ပတ်သက်သည့် သတင်းအတု၊ သတင်းအမှားများ၊ လုပ်ကြံ ဖန်တီးထားသည့် သတင်းများတင်ထားသော ပုဂ္ဂိုလ်များ၏အမည်များ၊ Facebook Account များ၊ Page အမည်များ၊ အချက်အလက်များ၊ နေရပ်လိပ်စာများ၊ ဖုန်းနံပါတ်များ၊ G-mail လိပ်စာများ၊ ဓာတ်ပုံများကို ဖော်ထုတ်ရရှိပါ ကြောင်း၊ မိမိတို့တွင် အချက်အလက်များ၊ မှတ်တမ်းမှတ်ရာများနှင့် အထောက်အထား များရှိပါကြောင်း၊ ယင်းအကောင့်များကို ကြည့်ပါက ၎င်းတို့၏ နိုင်ငံရေးထောက်ခံမှု အရ မည်သို့ရှိသည်ကို တွေ့နိုင်ပါကြောင်း၊ အုပ်စုအားဖြင့် နှစ်စုတွေ့ရှိရပါကြောင်း၊ တစ်နိုင်ငံလုံးတွင်တွေ့ရှိရသည့် အကောင့်အတု များ၊ စိစစ်ဖော်ထုတ်ရသည့် ဖုန်းနံပါတ်များ၊ ဓာတ်ပုံများ၊ G-mail လိပ်စာများ၊ အကောင့်ဖွင့် ထားသည့် ဖုန်းနံပါတ်များတွေ့ရပါကြောင်း။
အရေးမယူရန် လမ်းညွှန်
ယင်းကိစ္စများနှင့်ပတ်သက်၍ ဥပဒေ ကြောင်းအရ ငြိစွန်းပါကြောင်း၊ အရေးယူ၍ရပါ ကြောင်း၊ သတင်းအမှားဖြန့်ဝေသူများနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က လမ်းညွှန်ချက်ပေးပါကြောင်း၊ ၎င်းအနေဖြင့် သတင်းအမှားဖြန့်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများကို အရေးမယူလိုပါကြောင်း၊ သတင်းမှား ဖြန့်နေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများကိုအရေးမယူရန် လမ်းညွှန်ပါ ကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၏ လမ်းညွှန်ချက်အရ မိမိတို့အနေဖြင့် ယင်း ပုဂ္ဂိုလ်များကို စိစစ်ဖော်ထုတ်ရရှိသော်လည်း အရေးယူမည်မဟုတ်ပါကြောင်း၊ သို့သော် ယခု Press Meeting အတွက်ဖွင့်လှစ်ထားသည့် စာမျက်နှာ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ Social Media Page များမှတစ်ဆင့် အများပြည်သူ သိရှိအောင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။
နောက်တစ်ချက်အနေဖြင့် ယခုကာလ တွင် ကျန်သည့်သတင်းမှားများကို ဖြန့်ဝေနေ သည့် တချို့နိုင်ငံရေးပါတီခေါင်းဆောင်အချို့ က ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းမှား များ ဖြန့်ခြင်းကိုတွေ့ရှိရပါကြောင်း၊ ယင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ပါ ကြောင်း၊ ကိုဗစ်နှင့်ပတ်သက်သည့် သတင်းမှား များ၊ သတင်းတုများဖြန့်ဝေမှု လုပ်ဆောင်ပါက အရေးယူရန်ပြောထားပြီးဖြစ်ပါကြောင်း၊ ယင်း အတွက် ကိုဗစ်-၁၉ ကို ရင်ဆိုင်နေသည့်အချိန် တွင် အများပြည်သူအကြား အလန့်တကြား ဖြစ်စေရန်၊ ထင်ယောင်ထင်မှားဖြစ်စေရန်၊ လက်ရှိဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုဖြစ်ပွားစေ မည့်ကိစ္စများကို မလုပ်ဆောင်ရန် ထပ်မံ ပြောကြားလိုပါကြောင်း၊ ရှေ့တန်းတွင် အမှန် တကယ်ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတများ၊ ပြည်သူများ ယခုကဲ့သို့ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နေ သည့်အချိန်တွင် ဘေးထိုင်ဘုပြော၊ မဟုတ် မမှန်သတင်းများဖြင့် လုပ်ကြံပြီးပြောကြားမှု များသည် မလုပ်သင့်မလုပ်ထိုက်သည့် ကိစ္စ ဟုထင်ပါကြောင်း၊ ထို့ပြင် စိစစ်သည့်အခါတွင် Account Disable ဖြစ်သွားသည်ဆိုပြီး Account ကို ဖြုတ်လိုက်သည်များလည်း ရှိပါ ကြောင်း၊ Account ကို ဖြုတ်လိုက်သော်လည်း မိမိတို့ထံတွင် ခိုင်မာသည့် အထောက်အထား များ ရှိပါကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ဥပဒေအရအရေးယူ၍ရသည့် အနေအထားများဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုဗစ်-၁၉ ကို သူ့နည်းသူ့ဟန်ဖြင့်၊ ရှိသည့်အရင်းအမြစ်ဖြင့် ကိုင်တွယ်ဖြေရှင်းနေသည့်အချိန်တွင် အထူးသဖြင့် ဘေးမှနေ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊ အများပြည်သူ အကျိုးအတွက် ထဲထဲဝင်ဝင်တစ်စုံတစ်ခုမျှ ဆောင်ရွက်ခြင်းမရှိဘဲ Social Media မှ တစ်ဆင့် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းသည် မလုပ်သင့်မလုပ်အပ်သည့်ကိစ္စများဖြစ်သည်ဟု မိမိတို့အနေဖြင့်မြင်ပါကြောင်း။
ယမန်နေ့က ကုန်တင်ကားများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါ ကြောင်း၊ အထူးသဖြင့် SOP ရှိပါကြောင်း၊ ယင်းကုန်တင်ကားများနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့်လုပ်ထုံးလုပ်နည်းများကို ကျန်းမာရေးနှင့် ညှိနှိုင်းပြီး ဗဟိုကော်မတီကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထုတ်ပြန်ပြီး လက်တွေ့ဆောင်ရွက်သည့်အခါ တိုင်းဒေသကြီး တစ်ခုနှင့်တစ်ခုအကြား၊ ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီးတစ်ခုအကြားတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုအတွက် အရေးပါသည့် ကုန်တင်ကားများ၊ ကားသမားများ ဝင်ရောက် ရန်အတွက် အခက်အခဲများရှိပါကြောင်း၊ အခက်အခဲများရှိသည့်အခါတွင် ယင်းကိစ္စ များကို မိမိတို့ ညှိနှိုင်းကြပါကြောင်း၊ ယမန်နေ့ က ဝန်ကြီးချုပ်များနှင့်ဆွေးနွေးပြီး လက်တွေ့ တွေ့ကြုံနေရသည့် အခြေအနေအပေါ်တွင် အခြေခံပြီး လက်တွေ့ကျသည့် နောက်ထပ် SOP တစ်ခုကိုပြုလုပ်ပါကြောင်း၊ ယမန်နေ့က သတင်းထုတ်ပြန်ထားသည့်အတိုင်း ကုန်စည် စီးဆင်းမှုမပြတ်အောင် ကုန်တင်ယာဉ်များ၊ ယာဉ်မောင်းများ၊ ယာဉ်မောင်းနောက်လိုက် များကို Rapid Test Kit ဖြင့် အမြန်ဆုံးစစ်ဆေးပေးမည်ဖြစ်ပါကြောင်း၊ စစ်ဆေးသည့်အခါတွင် Rapid Test Kit နှင့် စစ်ဆေးသည့်ကုန်ကျ စရိတ်ကို သက်သာသည့်နှုန်းထားဖြင့် ကောက်ခံ မည်ဖြစ်ပါကြောင်း၊ ယခင် SOP အရဆိုလျှင် ဖြတ်သန်းသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်၌ စစ်ရမည်ဟု ပါဝင်ပါကြောင်း၊ ဟိုဘက်ကစစ်ရမည်၊ ဒီဘက်ကစစ်ရမည် စသည့်ဖြင့် ဝိဝါဒ ကွဲပြားမှုများဖြစ်သည့် အတွက် နောက်ထပ် SOP တိတိကျကျထုတ်ပြန် ထားပါကြောင်း၊ လက်ရှိကုန်စည်စီးဆင်းမှု နှေးကွေးရပ်တန့်မှုများသည် ကုန်ဈေးနှုန်းသို့ သွား၍ သက်ရောက်မှုများရှိပါကြောင်း၊ ယင်းကိစ္စအပေါ် အားလုံးပြေပြေလည်လည်ဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည့် အနေအထားဖြစ် ပါကြောင်း ရှင်းလင်းပြောကြားသည်။
မေးမြန်း ဖြေကြား
ထို့နောက် ပြည်တွင်း ပြည်ပ သတင်း မီဒီယာများက နှင်းဆီပါတီဥက္ကဋ္ဌအား ပုဒ်မ ၂၂၄ ဖြင့် တရားစွဲဆိုထားသည့်အပြင် အခြား အမှုများဖြင့် အရေးယူသွားရန် ရှိ၊ မရှိ၊ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးအတွက် အစိုးရနှင့် တပ်မတော်ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် တပ်မတော်မှ အရာရှိများခန့်အပ်ပြီး ရခိုင် ပြည်နယ်သို့ စေလွှတ်တာဝန်ပေးအပ်မှုအခြေ အနေ၊ နှင်းဆီပါတီဥက္ကဋ္ဌအား နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးမှုနှင့် နယ်စပ်ဖြတ် ကျော်ခွင့်ပြုပေးခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်း များနှင့် တာဝန်ရှိသူများအား စုံစမ်းစစ်ဆေး သွားမည့် အခြေအနေ၊ နိုင်ငံတော်အစိုးရအနေ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နှင်းဆီပါတီရပ်တည်မှုနှင့် ပတ်သက်၍ ညွှန်ကြားထားမှု၊ ကိုဗစ်-၁၉ ကာလတွင် သတင်း အမှားများ ဖြန့်ဝေနေသည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များအား အရေးယူရန် အစီအစဉ် ရှိ၊ မရှိ၊ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ညွှန်ကြားချက် များကို မလိုက်နာသူများအား အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေ၊ လူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)၏ ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် စွပ်စွဲပြောဆို မှုများအပေါ် အစိုးရ၏သဘောထားအမြင်၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို သီးခြားအမိန့်ပေး ညွှန်ကြားထားမှုများ ရှိ၊ မရှိ၊ နေပြည်တော်ရှိ နှင်းဆီပါတီ ရုံးချုပ်မြေနေရာနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ကာလတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပ နိုင်ရန် နိုင်ငံတော်အစိုးရ၏ ပါဝင်ဆောင်ရွက် နေမှုနှင့် မည်သည့်နေရာများတွင် ရွေးကောက် ပွဲကျင်းပရန် သင့်၊ မသင့် အကြံပြုချက်များ ပေးထားမှု၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲဆွယ်ဆောင်ရွက်သွား မည့် အစီအစဉ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် နေရာများတွင် ရွေးကောက်ပွဲကျင်းပသွားရန် အစီအစဉ် ရှိ၊ မရှိ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ တွေ့ဆုံ ဆွေးနွေးမှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသူများ၏ နိုင်ငံသားဖြစ်ခွင့်နှင့် မဲပေးနိုင်မှုအခြေအနေ၊ ကုန်စည်စီးဆင်းမှုများ ရပ်တန့်မသွားစေရန်နှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန် ဆောင်ရွက် သွားမည့်အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး တွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြည်သူများ အကူအညီအထောက် အပံ့များရရှိရေး၊ ကိုဗစ်ကာလ ပြည်သူများ အတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ် ဆောင်ရွက် ရာတွင် စိုက်ထုတ်သုံးစွဲခဲ့သည့် ကုန်ကျစရိတ် များအား နိုင်ငံတော်အစိုးရမှ ပြန်လည် ထုတ်ပေးရေး၊ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခံရ သည့် တပ်မတော်သားနှစ်ဦး၏ အခြေအနေ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ ရွေးကောက်ပွဲကာလတွင် သတင်းရယူရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နိုင်ငံရေးပါတီများ၏ ပါတီမူဝါဒ၊ သဘောထား နှင့် လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တည်းဖြတ်နေမှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား ဖြေလျှော့ပေးသွား မည့် အခြေအနေ၊ ရွေးကောက်ပွဲတွင် ပြည်သူ များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် မဲရုံလိုအပ်မှု အခြေအနေ၊ အိန္ဒိယနိုင်ငံမှ ထုတ်သည့် ရမ်ဒက်ဆဗီယာဆေး ထပ်မံဝယ်ယူသွားမည့် အခြေအနေတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများ ကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြား သည်။
သတင်းစဉ်