
နေပြည်တော် ဩဂုတ် ၂၇
နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာ သမားများ တက်ရောက်ကြသည်။
ပြည်သူကိုသတင်းအချက်အလက်ပေး
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ ပြုလုပ်သည့် စာအုပ်မိတ်ဆက်ဖြန့်ချိပွဲ သည် ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ အဓိက ဆောင်ရွက်ချက် ဖြစ်ပါကြောင်း၊ မိတ်ဆက်ခြင်းသည် အစိုးရ၏ ဆောင်ရွက်ချက်များကို အများပြည်သူသိဖို့ စာအုပ်များကို မိတ်ဆက်ခြင်း ဖြစ်ပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနသည် အစိုးရနှင့် အများပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးသည့် ဌာန ဖြစ်သည်ဟု ခံယူပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် အများပြည်သူ ကို သတင်းအချက်အလက်ပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် တာဝန်များကို ထမ်းဆောင်ပါကြောင်း။
ယခု စာအုပ်စာတမ်းများသည် အများပြည်သူကို သတင်းအချက် အလက်ပေးရန် ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ နိုင်ငံတော်အစိုးရ သည် အများပြည်သူက ရွေးကောက် တင်မြှောက်သည့် အစိုးရဖြစ်သည့် အားလျော်စွာ အများပြည်သူကို ပြန်လည်အစီရင်ခံဖို့ တာဝန်ရှိပါ ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင် သည့် နေရာတွင်လည်း မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် ကြားမှ ပေါင်းကူး ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း။
ယနေ့တွင် မိတ်ဆက်မည့် စာအုပ် ၁၇ အုပ် ရှိပါကြောင်း၊ စာအုပ် ၁၇ အုပ်ထဲတွင် နိုင်ငံတော်အကြီးအကဲ များ ပြောကြားခဲ့သည့် မိန့်ခွန်းများ ပါရှိပါကြောင်း၊ ခရီးစဉ်များ ပါရှိပါ ကြောင်း၊ ထို့ပြင် တစ်နှစ်တာ ဆောင် ရွက်ချက် မှတ်တမ်းစာအုပ်များလည်း ပါပါကြောင်း၊ သို့ဖြစ်၍ စာအုပ်တစ်ခု ချင်းစီအကြောင်း အနည်းငယ် မိတ်ဆက်ပြောကြားလိုပါကြောင်း။
မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများပါရှိ
ပထမဆုံးမှာ နိုင်ငံတော်အကြီး အကဲများ၏ မိန့်ခွန်းများဖြစ်ပါ ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ မိန့်ခွန်းများနှင့် လမ်းညွှန်စကား၊ သဝဏ်လွှာများ စုပေါင်းထုတ်ဝေသည့် စာအုပ်အတွဲ နှစ်အုပ် ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း ၊ အမှာစကားနှင့် သဝဏ်လွှာ များဖြစ်ပြီး နောက်တစ်အုပ်မှာ ၂၀၁၉ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ လမ်းညွှန်စကားနှင့် သဝဏ်လွှာများ ဖြစ်ပါကြောင်း။
ထို့ပြင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် ပြောကြားခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်နှစ်တာကာလ အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများ စုစည်းထုတ်ဝေထားခြင်း ဖြစ်ပါ ကြောင်း၊ ပြီးသည့်အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၆ ခုနှစ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ အမှာ စကားများ၊ သဝဏ်လွှာများ ဖြစ်ပါ ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အများ ပြည်သူသို့ ပြောကြားခဲ့သည့် စာအုပ် လည်း ပါရှိပါကြောင်း။
မိမိတို့အနေဖြင့် တတ်နိုင်သမျှ အပြည့်အစုံဖြစ်အောင် လုပ်ထားပါ ကြောင်း၊ မိန့်ခွန်းအပြည့်အစုံ ရတာ ရှိသလို တချို့က မှတ်တမ်းယူပြီး အသံဖိုင် လုံးကောက်ဖော်၍ လုပ်ရတာ ရှိပါကြောင်း၊ တစ်ခါတစ်ရံမှာ အများ ပြည်သူနှင့် တွေ့ဆုံသည့်အခါ မေးမြန်း ဖြေကြားခြင်းများ ရှိပါကြောင်း၊ ယင်းတို့ကိုပါ တတ်နိုင်သမျှ ပြည့်စုံ အောင် စုစည်းထားပါကြောင်း။
ယင်းမိန့်ခွန်းများကို ဖတ်ရှုခြင်း အားဖြင့် နိုင်ငံတော်အကြီးအကဲများ၏ အတွေးအမြင်၊ အယူအဆ၊ သူတို့၏ နိုင်ငံရေးနှင့် ပတ်သက်သည့် ခံယူချက်၊ ယုံကြည်ချက်၊ သူတို့ကိုင်စွဲထားသည့် လမ်းစဉ်များကို သိရှိနိုင်သလို အသေးစိတ်ကိစ္စ အသီးအသီးနှင့် ပတ်သက်ပြီး ပြောခဲ့ ဆိုခဲ့သည်များ၊ သဘောထားများကိုလည်း တွေ့ရှိ နိုင်မည် ဖြစ်ပါကြောင်း။
ဌာနအသီးသီးတွင် လုပ်ကိုင်နေ သည့် ပုဂ္ဂိုလ်များအတွက် လေ့လာ မှတ်သားစရာဖြစ်သလို တက်ရောက် သည့် သတင်းမီဒီယာသမားများ အတွက်လည်း ကိုးကားစရာ အထောက်အထားဖြစ်မည်ဟု မြင်ပါ ကြောင်း။
(၂၁) ရာစုပင်လုံနှင့် ပတ်သက်သည့် သမိုင်း
ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ အနှံ့အပြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု စလုံးကို ခရီးသွားခဲ့ ပါကြောင်း၊ ခရီးသွားသည့်အခါ အများ ပြည်သူနှင့် တွေ့ဆုံပြီး စကားပြောခဲ့ ခြင်းများလည်း ရှိပါကြောင်း၊ ၎င်းတို့ကို “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်း ခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆-၂၀၂၀)” ဆိုပြီး ဒီနှစ်ထဲအထိ စုစည်းထားပါကြောင်း၊ မိန့်ခွန်းပေါင်း ချုပ်မဟုတ်ဘဲ ခရီးစဉ်မှာ တွေ့ဆုံခဲ့ သည့် မှတ်တမ်းဖြစ်ပါကြောင်း၊ ပြောဆိုခဲ့သည့် မိန့်ခွန်းအနည်း အကျဉ်းလည်း ပါရှိပါကြောင်း၊ ဒီကြားထဲမှာ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပ သွားခဲ့တာ ရှိပါကြောင်း၊ စတုတ္ထ အကြိမ်နှင့် ပတ်သက်သည့် မှတ်တမ်း က ပြုစု၍ မပြီးသေးသော်လည်း ပထမ အကြိမ် အစည်းအဝေးမှတ်တမ်း၊ ဒုတိယအကြိမ် အစည်းအဝေး မှတ်တမ်း၊ တတိယအကြိမ် အစည်း အဝေးမှတ်တမ်းစာအုပ်များ ဖြစ်ပါ ကြောင်း၊ အစည်းအဝေးသာမကဘဲ တက်ရောက်လာသည့် မှတ်တမ်း မှတ်ရာ ဓာတ်ပုံများလည်း ပါဝင်ပါ ကြောင်း၊ ယင်းသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ သင့်မြတ် ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း အားထုတ်မှု သမိုင်း၊ (၂၁) ရာစုပင်လုံ နှင့် ပတ်သက်သည့် သမိုင်းကို ကြည့်ချင်လျှင် ဒီစာအုပ်ကို ကိုးကား နိုင်ဖို့ ဖြစ်ပါကြောင်း။
အလားတူ အစိုးရအဖွဲ့အစည်း များ၊ ဝန်ကြီးဌာနများနှင့် တခြား ပြည်ထောင်စု အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ အကြောင်းကို မှတ်တမ်းတင်သည့် စာအုပ်များလည်း ပြုစုခဲ့ပါကြောင်း၊ ထိုထဲတွင် ပြည်သူ့ အတွက် ပထမရက် ၁၀၀ မှာ ဘာတွေ ဆောင်ရွက်နိုင်မလဲ၊ ဘာတွေ ဆောင်ရွက်မယ်ဆိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး ကို တွေ့ဆုံမေးမြန်းထားပါကြောင်း၊ တွေ့ဆုံမေးမြန်းပြီး ဌာနအသီးအသီး၏ ပြောဆိုချက်များကို စုစည်းဖော်ပြ ထားပါကြောင်း၊ ရက် ၁၀၀ ကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လည်း ဤအခန်းထဲမှာ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း။
ထို့ပြင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ ပထမတစ်နှစ် ပြည့်မြောက်ချိန်တွင် ပြီးခဲ့သည့် (၁)နှစ်တာအတွင်း ဘာတွေဆောင် ရွက်ခဲ့သလဲဆိုတာတွေအတွက် အစီ အစဉ်နှစ်ခု လုပ်ခဲ့ပါကြောင်း၊ တစ်ခုက ဝန်ကြီးဌာနပေါင်းစုံနှင့် သတင်းစာ ရှင်းလင်းပွဲများကို နှစ်ပတ်လောက် အချိန်ပေးပြီး ပြုလုပ်ခဲ့ပါကြောင်း၊ ဒါကလည်း အစဉ်အလာတစ်ခု အစပျိုးခြင်းဖြစ်ပါကြောင်း၊ သတင်းစာ ရှင်းလင်းပွဲများကို နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ဒီခန်းမထဲမှာ ကျင်းပပါကြောင်း၊ အဲဒီလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည့် ကာလမှာပဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ သတင်းသမားများက ဌာနဆိုင်ရာ အကြီးအကဲများကို ပြီးခဲ့တဲ့ တစ်နှစ် တာကာလအတွင်း ဆောင်ရွက်ချက် များနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ပါကြောင်း၊ ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သလို သတင်းစာများတွင်လည်း အထူး ကဏ္ဍအနေဖြင့် ဖော်ပြပါကြောင်း၊ ဒါတွေသည် ဌာနအသီးသီး၏ တစ်နှစ် တာ ဆောင်ရွက်ချက်များကို စုစည်း ထုတ်ဝေခြင်း ဖြစ်ပါကြောင်း၊ ပထမ တစ်နှစ်တာ၊ ဒုတိယ တစ်နှစ်တာ၊ တတိယတစ်နှစ်တာ၊ စတုတ္ထတစ်နှစ် တာ လေးအုပ်အထိ ရှိသွားပြီဖြစ်ပြီး ပဉ္စမတစ်နှစ်တာကတော့ ဒီနှစ်ကုန် သည့်အချိန်တွင် ထွက်ရှိမည်ဖြစ်ပါ ကြောင်း။
ယင်းစာအုပ်များထဲတွင် ပြည် ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အပါအဝင် ဝန်ကြီးဌာနအသီးသီး ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပါဝင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး၏ ဆောင်ရွက်ချက်များလည်း ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးချုပ်များ၊ အခြားတာဝန်ရှိသူ များကို မေးမြန်းပြီး ပြုစုထားခြင်း ဖြစ်ပါကြောင်း၊ နှစ်စဉ်စာအုပ်ထွက် တိုင်းလည်း ဌာနအသီးသီးကို ဖြန့်ဝေ ပါကြောင်း။
မှတ်တမ်းစာအုပ်စစ်စစ်
ယခုအခါမှာတော့ ပုံစံအသစ်နှင့် ဆင်တူဖြစ်အောင် ပြန်လည်ချုပ်လုပ် ဖြန့်ဝေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ (၄) နှစ်တာကာလ ပြည်သူ့ အတွက် ပြုပြင်ပြောင်းလဲတိုးတက် ရေး ဆောင်ရွက်ချက်များ ( ၂၀၁၆-၂၀၂၀ ) ပထမတွဲတွင် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ၏ ဆောင်ရွက်ချက်များ ပါရှိပါ ကြောင်း၊ ဌာနအသီးသီးမှ ရေးသား ပြုစုပေးထားခြင်း ဖြစ်သည့်အတွက် မိမိတို့အတွက်ကတော့ အစိုးရ၏ မှတ်တမ်းစာအုပ်စစ်စစ် ဖြစ်သည်ဟု မြင်ပါကြောင်း၊ ဒုတိယတွဲမှာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များ ပါဝင်ပါ ကြောင်း၊ ယခုစာအုပ်မှာ ရှေ့ပိုင်း လေးနှစ်အတွက်ကို စုစည်းတင်ပြထား ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပဉ္စမတစ်နှစ်တာအတွင်း ဆောင်ရွက် ချက်များ မှတ်တမ်းကို လာမည့်နှစ်မှာ ရေးသားပြုစုထုတ်ဝေပြီး နိုင်ငံတော် အစိုးရ၏ (၅)နှစ်တာကာလ ပြည်သူ့ အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်များ (၂၀၁၆-၂၀၂၁ ) ပြည့်စုံမည်ဖြစ်ကြောင်း တင်ပြ အစီရင်ခံပါသည်လို့ ရှင်းလင်းဖော်ပြ ထားပါကြောင်း။
မိမိတို့အနေဖြင့် နောက်နှစ်တွင် အစိုးရ၏ သက်တမ်း (၅)နှစ်ကာလ ဆောင်ရွက်ချက် အပြည့်အစုံကို ယခုလိုပင် မှတ်တမ်းတင်ပြီး စာအုပ် ထုတ်ဝေနိုင်မည်ဟု မျှော်လင့်ထားပါ ကြောင်း။
မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မှတ်တမ်းမှတ်ရာပြုနိုင်အောင် ၊ အများ ပြည်သူ လေ့လာနိုင်အောင်နှင့် နောင်အရှည်မှာ လေ့လာမည့်သူများ အတွက် မှတ်တမ်းတစ်စုတစ်စည်း တည်းရအောင် ယနေ့တွင် စုပေါင်း ဖြန့်ဝေခြင်းဖြစ်ပါကြောင်း၊ တချို့ စာအုပ်များမှာ စောစောကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တချို့စာအုပ် များမှာ ယခုလပိုင်းတွင် ဆောင်ရွက် ထားခြင်း ဖြစ်ပါကြောင်း ပြောကြား သည်။
မှတ်တမ်းစာအုပ်များ ပေးအပ်
ထို့နောက် မှတ်တမ်းစာအုပ်များ ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဥပဒေပြုရေးမဏ္ဍိုင် ကိုယ်စား ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးကျော်စိုးအား လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး အား လည်းကောင်း၊ တရားစီရင်ရေး မဏ္ဍိုင်ကိုယ်စား ပြည်ထောင်စုရှေ့နေ ချုပ်ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသန့်စင်အား လည်းကောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုယ်စား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး စိုးသန်း အား လည်းကောင်း၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမင်းကြည်ဝင်းအား လည်းကောင်း၊ အမျိုးသားစာကြည့် တိုက်မှ ညွှန်ကြားရေးမှူး ဒေါ်မြဦး အား လည်းကောင်း၊ သတင်းမီဒီယာ များကိုယ်စား လျှပ်တပြက်ဂျာနယ်မှ နေပြည်တော်တာဝန်ခံ ရဲရဲ(ပျဉ်းမနား)အား လည်းကောင်း ပေးအပ် သည်။
ယင်းနောက် တက်ရောက်လာ သည့် ဝန်ကြီးဌာနများကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က မုဒိတာစကား ပြောကြားသည်။
ယနေ့ မိတ်ဆက်ဖြန့်ချိသည့် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်ချက် မှတ်တမ်းစာအုပ် များမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၈ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာ များ၊ ၂၀၁၉ ခုနှစ်အတွင်း ပြောကြား ခဲ့သည့် မိန့်ခွန်း၊ လမ်းညွှန်စကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော် (၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာ များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာ များ၊ ၂၀၁၇ ခုနှစ်အတွင်း ပြောကြား ခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ ၂၀၁၈ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကား နှင့် သဝဏ်လွှာများ၊ ၂၀၁၉ ခုနှစ် အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ လမ်းညွှန်စကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်း ခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆ - ၂၀၂၀)၊ ပြည်သူ့အတွက် ပထမရက် (၁၀၀)၊ ပထမတစ်နှစ်တာ၊ ဒုတိယတစ်နှစ်တာ၊ တတိယ တစ်နှစ် တာ၊ စတုတ္ထတစ်နှစ်တာ၊ နိုင်ငံတော် အစိုးရ၏ လေးနှစ်တာကာလ ပြည်သူ့ အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်များ (၂၀၁၆ - ၂၀၂၀) (ပထမတွဲ) (ဒုတိယတွဲ)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ(ပထမအကြိမ်) အစည်းအဝေး၊ (ဒုတိယအကြိမ်) အစည်းအဝေး နှင့် (တတိယအကြိမ်) အစည်းအဝေး မှတ်တမ်းစာအုပ်များဖြစ်သည်။
သတင်းစဉ်