
ရန်ကုန် အောက်တိုဘာ ၁၇
နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူလျက်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်း များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်မှစတင်ပြီး သက်ဆိုင်ရာမြို့နယ်ရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး မင်းလှ မြို့နယ်အတွင်းရှိ အသက် ၁၂နှစ် နှင့်အထက် အခြေခံပညာအလယ် တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား အောက်တို ဘာ ၁၇ ရက် နံနက် ၉ နာရီမှ စတင်၍ ဆေးထိုးစုရပ် ရှစ်နေရာ တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး Sinovac ကို စတင်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံခြင်းကို မင်းလှမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းပေါင်း ၁၅၅ကျောင်း မှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄၄၅ ဦးကို ကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်ပြီး ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာ များဖြစ်သည့် အ.ထ.က မင်းလှ (မြို့ပြင်)၊ အ.ထ.က စိန်ကန့်လန့်၊ အ.ထ.က စစ်ကွင်း၊ အ.ထ.က ရေ ကျော်၊ အ.ထ.က ရွှေလောင်း၊ အ.ထ.က( ခွဲ) ကိုင်းပြင်ကြီး၊ အ.ထ.က( ခွဲ) ဦးတိုစာဖြူစု၊ အ.ထ.က( ခွဲ) ကညင်ပင်တို့တွင် ကျောင်းများအလိုက် ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။
ဆေးထိုးနှံခြင်း အစီအစဉ် ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်/ ကျေး စာရေးဝန်ထမ်းများ က ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ များအား တစ်ရက်လျှင်လူဦးရေ ၂၀၀နှုန်းဖြင့် ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို ယနေ့နံနက် ၇နာရီက အခြေခံပညာအထက် တန်းကျောင်း(မြို့မ)၌ စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ရေကြည်မြို့နယ် အတိုင်းအတာအနေဖြင့် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း ကျောင်းသား ကျောင်းသူ ၅၃၅၇ ဦး၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၂၁၇၆ဦး စုစုပေါင်း ၇၅၃၃ဦး ကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ် စေရေးအတွက် တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် ကျောင်းသား ကျောင်းသူများ အား သွေးပေါင်ချိန် တိုင်းခြင်း၊ အပူချိန်တိုင်းခြင်းနှင့် အောက်ဆီဂျင်တိုင်းတာပေးခြင်းများကို ဆောင်ရွက် ပြီးမှ ဆေးထိုးနှံပေးခဲ့ပြီး အခန်းအတွင်း၌ မိနစ်၃၀ ကြာမှ အိမ်ပြန်စေခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ဆေးထိုးစုရပ် ၁၂ ခုဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ကျောင်းသား ကျောင်းသူများ၏ ဆေးထိုး စုရပ်အပြင် ကျန်ဆေးထိုးစုရပ်များတွင်လည်း ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)