
နေပြည်တော် စက်တင်ဘာ ၈
ကျောင်းပြင်ပရောက်ကလေးသူငယ်များများပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်ကို တွေ့ရကြောင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီနာယက ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ က ပြောကြားသည်။
ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် သန်းခေါင်စာရင်းအရ အသက် ၁၅နှစ်နှင့်အထက် စာမတတ်သူဦးရေ ၃ ဒသမ ၅ သန်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်ခဲ့သည့် ကလေး သူငယ် ၂ ဒသမ ၇ သန်း ရှိကြောင်း။
မြန်မာနိုင်ငံရှိ ၁၅ နှစ်နှင့်အထက် စာမတတ်သူ များကို နှစ်အလိုက်လျှော့ချနိုင်ရေးအတွက် အမျိုးသား ပညာရေး အထူးစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အစီအစဉ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ သားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ကျောင်းပြင်ပရောက်ကလေးငယ်များအတွက် ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရေးနှင့် စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်များကို လုပ်ငန်းအစီအစဉ်များချမှတ်၍ နှစ်အလိုက် တိုးချဲ့ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း။
ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “သင်ယူမှုဝန်းကျင် များ ချဲ့ထွင်သင်ယူကြပါစို့” ဆောင်ပုဒ်အတိုင်း ကမ္ဘာ့နိုင်ငံများနည်းတူ နိုင်ငံအတွင်းရှိ အခြေခံမူလတန်းပညာပြီးမြောက်အောင် မသင်ကြားခဲ့ရသော ကျောင်းနေအရွယ်လွန်ကလေးများ၊ စာမတတ်သူ လူငယ်များနှင့် လူကြီးများအတွက် စာတတ်မြောက် ရေးလုပ်ငန်းအစီအစဉ်များကို မြန်မာနိုင်ငံ၏ အခြေ အနေနှင့် ကိုက်ညီသည့် လုပ်ငန်းအစီအစဉ်များရေးဆွဲ အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပိုမို ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း။
အမျိုးသားပညာရေးဥပဒေ(၂၀၁၄)တွင် အခမဲ့ အခြေခံပညာရေးကို ဦးတည်ဆောင်ရွက်ပြီး အဆင့် ဆင့် တိုးချဲ့ဆောင်ရွက်ရေးအတွက် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းကို ပြောင်းလဲလာသော ခေတ်စနစ်၏ လိုအပ်ချက်အရ KG+9 ဖြစ်သော အခြေခံပညာအလယ်တန်းဆင့် ပညာရေးပြီးမြောက် ရေး၊ စိုက်ပျိုးရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာစေရန် ဆက်လက်သင်ယူ သွားနိုင်ရေး ဦးတည်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် က ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ် မြောက်ရေးနေ့အခမ်းအနား စာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်မှု Video Clip ကို ပြသ သည်။
ယင်းနောက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနား တွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်းမှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင် များ၊ မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သတင်းစဉ်