
နေပြည်တော် နိုဝင်ဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မီဒီယာများအား တွေ့ဆုံမိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများ၊ နိုင်ငံပိုင်မီဒီယာများအပါအဝင် နေပြည်တော်နှင့် မန္တလေးတို့ရှိ ပုဂ္ဂလိက မီဒီယာအဖွဲ့များမှ ကိုယ်စား လှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီမံချက်များ ဖြစ်သော နိုင်ငံသားများကို အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးသည့် ပန်းခင်းစီမံချက်နှင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစီမံချက် များသည် ကြီးမားကျယ်ပြန့်ပြီး အခြားသော ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရ သည့်အပြင် ပြည်သူများပူးပေါင်းပါဝင်ကူညီမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းများ ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကို ယခင် နိုင်ငံတော်အစိုးရအဆက်ဆက် ဆောင်ရွက် ပေးခဲ့ကြကြောင်း၊ ယခင်က မိုးပွင့်စီမံချက်၊ သစ္စာ စီမံချက်တို့ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း။
ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအတွက် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် မိမိတို့ဝန်ကြီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံသားကတ်ရရှိမှုသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိပြီး လူမှုဘဝ ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည်လည်း နိုင်ငံတကာ၌ ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူကြ ရာ မိမိတို့နိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် အဆင့်ကောက်ယူနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောက်ယူရန် အလှည့်ကျရောက်ပြီဖြစ် ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် အခြေခံတွက်ချက်ဆောင်ရွက်ရသည့် တိကျမှန်ကန် သော လူဦးရေကိန်းဂဏန်းအချက်အလက်များ ရရှိ စေရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပရောက် မြန်မာ နိုင်ငံသားဟောင်းများအား နိုင်ငံသားအဖြစ် ပြန်လည် လက်ခံရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းစဉ်များသည် ပြည်သူများ၏ အကျိုး အတွက် ပြည်သူကို ဝန်ဆောင်မှုပေးသည့်လုပ်ငန်း များပင် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ပြည်သူများ သိရှိနားလည် ပူးပေါင်းလာစေရေး အတွက် ဝန်ကြီးဌာနမှ Online ၊ Offline အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာစေရေး အတွက် ယခုကဲ့သို့ မီဒီယာအဖွဲ့အစည်းများကို တွေ့ဆုံရှင်းလင်းချပြခြင်းဖြစ်ကြောင်း၊ မီဒီယာ အဖွဲ့အစည်းများကလည်း မိမိတို့ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်သူများ ပိုမိုသိရှိစေရေး အတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်ပေး ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြ သည့် မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်နိုင်မည့် တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်