
နေပြည်တော် မတ် ၂၈
ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ ရှိပြီဖြစ်သည်။ ထိုသို့ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားပြီးသည့် ပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၁၂ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံး မည့်ပါတီ ၅၁ ပါတီ ဖြစ်ပြီး အဆိုပါပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂/၂၀၁၀) အရ တည်ရှိနေသောပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁၅/ ၂၀၂၃) ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားရမည့် သတ်မှတ်ကာလမှာ ယနေ့တွင် ကုန်ဆုံးသွားပြီဖြစ်ပါသည်။ သတ်မှတ်ကာလအတွင်း လျှောက်ထား ခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီတို့သည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် ( ၅ / ၂၀၂၃ ) ဖြင့် ယင်းပါတီများကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ပါတီများအား ဖျက်သိမ်းပြီး ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများနှင့် မှတ်ပုံတင်လို သူများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်