
နိုင်ငံရေးပါတီ (၂၃) ပါတီ၏
ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်
၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း( ၆ )ရက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်
၁။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေဒေသများအတွင်း ၁ဝ၂၇ စစ်ဆင်ရေး အမည်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပါ သည်။ ၎င်းနောက် MNDAA / TNLA/AA နှင့် ယင်းအဖွဲ့အစည်းများအား ကူညီဆက်စပ်၊ ပါဝင်ပတ်သက် နေသော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများသည် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှစ၍ ၁၀၂၇ ဒုတိယလှိုင်း အမည်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှု များအား ထပ်မံလုပ်ဆောင်လာခဲ့ပါသည်။
၂။ ယခုအခါ အထက်ပါအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများသည် အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ကြီးများအား အဝေးမှလက်နက် ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်ခြင်း၊ ၎င်းတို့နှင့် လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ် များအား လုပ်ဆောင်လျက်ရှိနေပါသည်။
၃။ ကျွန်ုပ်တို့နိုင်ငံရေးပါတီများအနေဖြင့် လက်ရှိဖြစ်ရပ်များအပေါ် အောက်ပါအတိုင်း ရှုမြင်သုံးသပ် ပါသည်-
(က) မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ရှေးပဝေသဏီကပင် တိုင်းရင်းသားလူမျိုးစုများသည် နိုင်ငံ တစ်ဝန်း ချစ်ကြည်ရင်းနှီးစွာ အတူရောနှောပျံ့နှံ့နေထိုင်လေ့ရှိခဲ့ကြပါသည်။ သို့ရာတွင် အထက်ပါ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများသည် ၎င်းတို့နှင့် လူမျိုးစုမတူသော အခြားတိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ပြောင်းရွှေ့စေခြင်းသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသားမျိုးနွယ်စုများ၏ စည်းလုံးညီညွတ်မှုကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲဖျက်ဆီးခဲ့ရုံ သာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)၏ ပုဒ်မ (၃၅၅)ပါ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီအခြေစိုက်နေထိုင်ခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်း ချက်အား အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်။
( ခ ) အထက်အပိုဒ်ပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများသည် ၎င်းတို့ထိန်းချုပ်ထား သည့် နယ်မြေဒေသအတွင်းမှ အခြားတိုင်းရင်းသားမျိုးနွယ်စုများကို အကြမ်းဖက် ခြိမ်းခြောက်နှင်ထုတ်ခြင်းသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၃(၁) ပါ “လူတိုင်းတွင် မိမိ၏ နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်ကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်။
( ဂ ) ၎င်းအပြင် အဆိုပါအကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲသူများသည် တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ချိုးဖောက်ခြင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုဖောက်ဖျက်ခြင်းနှင့် နိုင်ငံတကာကလက်ခံ ကျင့်သုံးနေသော လူအခွင့်အရေးများအား ချိုးဖောက်ခြင်းတို့ကို ပြုလုပ်နေကြောင်း ရှုမြင်ပါသည်။
၄။ ထို့ကြောင့် အကြမ်းဖက်အဓမ္မဝါဒကို မလိုလား၊ လက်မခံကြသော နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူများကိုယ်စား ကျွန်ုပ်တို့နိုင်ငံရေးပါတီများက အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ သည့် MNDAA / TNLA / AA နှင့် ၎င်းတို့နှင့် တိုက်ရိုက်၊ သွယ်ဝိုက်၊ ဆက်စပ် ပူးပေါင်းပါဝင်ကူညီပေးနေ ကြသော အဖွဲ့အစည်းများ အားလုံးကို လုံးဝ(လုံးဝ) လက်မခံ၊ ဆန့်ကျင်၊ ရှုတ်ချ၊ ကန့်ကွက်ပါသည်။
၅။ ၎င်းအပြင် နိုင်ငံရေးပါတီများ၏ ရှုမြင်သုံးသပ်ချက်များအပေါ်မူတည်၍ သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများက အောက်ပါအတိုင်း ပိုမိုအရှိန်မြှင့် ဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုအပ်ပါသည်-
(က) အထက်ပါ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် နိုင်ငံတွင်း၌သာမက နိုင်ငံတကာကပါ သိရှိလက်ခံနိုင်ရန် ဆောင်ရွက်ခြင်း။
( ခ ) အထက်ပါ အကြမ်းဖက်အဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲသူများအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာ၍ အာဆီယံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံ တကာရဲတပ်ဖွဲ့ဌာနချုပ်တို့နှင့် ဆက်သွယ်၍လည်းကောင်း၊ နိုင်ငံတကာရဲတပ်ဖွဲ့အချင်းချင်း ဆက်သွယ်၍ လည်းကောင်း လိုအပ်သလို ကန့်သတ်၊ ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခြင်း။
၆။ သို့ဖြစ်ပါ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် MNDAA / TNLA / AA ၊ ယင်းတို့ နှင့် ဆက်စပ်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ယင်းတို့၏လုပ်ရပ်များကို ဆန့်ကျင်၊ ရှုတ်ချ၊ ကန့်ကွက် ပါကြောင်း ကျွန်ုပ်တို့နိုင်ငံရေးပါတီများက လက်မှတ်ရေးထိုး ပူးတွဲသဘောထား ထုတ်ပြန်ကြေညာ အပ်ပါသည်။