
နေပြည်တော် ဇူလိုင် ၂၁
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၊ Kumudra Ballroom ၌ ကျင်းပ ရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း များမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများ တက်ရောက် ကြသည်။
ရှေးဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ယနေ့ ကျင်းပ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ် ချက်မှာ ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော (၁/၂၀၂၃) ကြိမ် မြောက် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ အစည်း အဝေးက ပေါ်ထွက်လာသည့် ဆွေးနွေးဆုံးဖြတ်ချက်များကိုအခြေခံပြီး ခရီးသွား လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို ဝိုင်းဝန်းညှိနှိုင်းဖော်ထုတ်နိုင်ရန် ကျင်းပ ခြင်းဖြစ်ပါကြောင်း။
အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သည့်နေရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်အတွက် လက်ရှိခရီးသွား လုပ်ငန်းအခြေအနေများကို ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရလဒ်ကောင်းများ ဖော်ထုတ် ပေးကြရန် ဖြစ်ပါကြောင်း၊ ရရှိလာသည့် အဖြေများအပေါ် အစိုးရဌာနအဖွဲ့အစည်း များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပုဂ္ဂလိက ကဏ္ဍများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စိတ်အားထက်သန်စွာ ပူးပေါင်းပြီး ဆောင်ရွက်မှသာ အောင်မြင်တိုးတက် သည့် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင် ပြီး နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် များကို အကျိုးပြုစေမည်ဖြစ်ပါကြောင်း။
ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အဓိကအရေးပါ သည့် (Key Tourism Issues) ကဏ္ဍ (၅)ရပ်ကို ရွေးချယ်ပြီး သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပုဂ္ဂလိကကိုယ်စား လှယ်များက ပါဝင်ဆွေးနွေးတင်ပြကြမည် ဖြစ်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိချက်များအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်း များ၊ အကြံပြုချက်များနှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း များအထိ ထိထိရောက်ရောက် ဖော်ထုတ် ပေးကြရန်နှင့် တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့ သက်ဆိုင်သည့်အခန်း ကဏ္ဍများကနေ အားတက်သရော ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
အလှူငွေ ပေးအပ်လှူဒါန်း
ယင်းနောက် မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေ ကျပ် သိန်း ၅၀၀ ကို ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က လက်ခံရယူ သည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့် အဖွဲ့ငါးဖွဲ့ခွဲ၍ ဆွေးနွေးမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
မေးမြန်းဆွေးနွေး
ထို့နောက် ခရီးသွားလုပ်ငန်း လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီး သွားဧည့်သည်များ လုံခြုံစွာ ဝင်/ထွက် သွားလာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍ တိုးတက်လာစေရေး၊ ငွေကြေးသုံးစွဲ မှု လွယ်ကူအဆင်ပြေစေရေးနှင့် ခရီး သွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ရေး၊ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦ များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသွား ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်မြှင့်တင်ရေး စသည့်ခေါင်းစဉ် များ ဖြင့် အဖွဲ့ ငါးဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေး တင်ပြကြပြီး တက်ရောက်လာကြသူများ က သိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည် ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
သတင်းစဉ်