
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်
=============================================================================================
နေပြည်တော် နိုဝင်ဘာ ၇
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်အမှာစကားပြောကြားသည်။
ချီးမြှင့်ပေးအပ်
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော လေးဘာသာဂုဏ်ထူးရှင်နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာမူလတန်း ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် Grade-5 အတွက် တိုင်းဒေသကြီးအဆင့်၌ ပထမဆုရရှိသူတို့အား ဆုများချီးမြှင့်ပေးအပ်ပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း အဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ရိုးရိုးအောင်မြင်သူ ငါးဦး စုစုပေါင်း ၂၁၉ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်း စုစုပေါင်း ငွေကျပ် ၉၅၀၅၉၀၀ ကို ပေးအပ်ခဲ့ကာ ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်