
နေပြည်တော် ဇူလိုင် ၂၉
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၅) ဓာတ်မြေဩဇာ စက်ရုံ (ကန်ကြီးထောင့်)နှင့် သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစခန်း (သာပေါင်း) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းကွပ်ကဲမှုအောက်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)သို့ ရောက်ရှိ ပြီး နှစ်ပတ်လည်စက်ပြုပြင်ရေး ဆောင်ရွက်ခဲ့မှု၊ စက်ရုံလည်ပတ်ထုတ်လုပ်နေမှုနှင့် စက်ရုံ၏ပင်မ ထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံအား ထိန်းချုပ်လည်ပတ်နေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံခြားငွေ သုံးစွဲမှုသက်သာစေရန်အတွက် ပြည်တွင်းဓာတ်မြေ ဩဇာထုတ်လုပ်မှုများကို ပိုမိုတိုးတက်ကြိုးပမ်း ထုတ်လုပ်ကြရန်၊ စက်ပြုပြင်ခြင်းလုပ်ငန်းများကို သေချာစွာဆောင်ရွက်ရန်၊ တစ်နှစ်ပတ်လုံး စက်ရပ် ရက်နည်းပါးစွာ လည်ပတ်နိုင်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိ စေရေးတို့ကို ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိတ်သွပ်သိုလှောင်ဖြန့်ဖြူးရေးဌာန၌ ယူရီးယား ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှု စစ်ဆေးပြီး နှစ်ပတ်လည် စက်ပြုပြင်ရေးဆောင်ရွက် ခဲ့သောဝန်ထမ်းများကို ဂုဏ်ပြုဆုငွေနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်) သည် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ကို အသုံးပြု လည်ပတ်ထုတ်လုပ်လျက်ရှိပြီး ထွက်ရှိသောဓာတ်မြေ ဩဇာများကို ဓာတ်မြေဩဇာခွဲတမ်း သတ်မှတ်ရေး ကော်မတီမှတစ်ဆင့် တောင်သူများသို့ ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အတူ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကွပ်ကဲမှု အောက်ရှိ သဘာဝဓာတ်ငွေ့ထိန်းချုပ်ဖြန့်ဖြူး ရေးစခန်း (သာပေါင်း)သို့ရောက်ရှိပြီး သဘာဝဓာတ်ငွေ့ထိန်းချုပ် ဖြန့်ဖြူးရေးစနစ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပို့လွှတ် နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများအား အာဟာရဖြည့်အစားအစာ များ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်