
နေပြည်တော် ဖေဖော်ဝါရီ ၂၈
(၃၂) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့ လက်ရွေးစင် ဂျူဒိုအားကစား သမားများ၏ နောက်ဆုံးအကြိမ် လက်ရည်ဆန်းစစ်ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများကို ယနေ့နံနက်ပိုင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေး ကြသည်။
လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲ တွင် ဝိတ်တန်းအမျိုးအစား အလိုက် ပွဲစဉ် (၃၆) ပွဲ၌ ဂျူဒို အားကစားသမား အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၈ ဦးတို့သည် အုပ်စုအဖွဲ့ လေးဖွဲ့ ခွဲ၍ (ပတ်လည်) ဝင်ရောက် ယှဉ်ပြိုင်ကစားကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့ လက်ရွေးစင် ခြင်းလုံးအားကစား သမားများ၊ ဘော်လီဘော (အမျိုး သမီး) အားကစားသမားများနှင့် ဗိုဗီနမ်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့် နေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။
ကြည့်ရှု အားပေးစဉ် ပြည်ထောင်စုဝန်ကြီးက အား ကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမား များကို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ရန် အချိန်ကာလ နီးကပ်လာပြီ ဖြစ်သည့်အတွက် အားကစား သမားများအနေဖြင့် နည်းပြဆရာ ၏ သင်ကြားပြသလေ့ကျင့်ပေးမှု အတိုင်း ကြိုးစားလေ့ကျင့်ကြရန်၊ “ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန် သည် တတိယ”ဆိုသည့် ဆောင်ပုဒ် အတိုင်း ကျန်းမာရေးသည် အဓိက အရေးကြီးသည့်အတွက် ကံ၊ ဉာဏ်၊ ဝီရိယတို့ဖြင့် ဆင်ခြင်၍ နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုများတွင် အထူးဂရုစိုက် ကြရန်၊ အားကစားသမားများ အနေဖြင့် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာ ကို မြှင့်တင်ရန်၊ ပြိုင်ပွဲတွင် အဆင့် အတန်းမြင့်မြင့်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် ယခု ကတည်းက အစွမ်းကုန်ကြိုးစား လေ့ကျင့်ကြရန်၊ အောင်မြင်မှု ဆုတံဆိပ်များ ရရှိအောင် နောက်ဆုံးအချိန်ထိ မဆုတ်မနစ် သော ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် ရေကုန် ရေခန်း အားသွန်ခွန်စိုက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွား ကြရန်လိုကြောင်း။
မိမိခံနိုင်ရည်အားနှင့် သက်လုံ ပိုမိုတိုးတက်ကောင်းမွန်ပြီး နည်း စနစ်၊ နည်းဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်၍ ကျွမ်းကျင်မှုရှိအောင် ကြိမ်ဖန် များစွာ လေ့ကျင့်သွားကြရန်၊ နည်းပြများအနေဖြင့် အားကစား သမားများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူ များကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားကြရန်၊ နည်းပြများ အချင်းချင်း ညီအစ်ကိုမောင်နှမ ကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင် သွားကြရန်လိုကြောင်း မှာကြား ပြီး ဗိုဗီနမ်အားကစားနည်းမှ အားကစားသမား တစ်ဦးအတွက် လိုအပ်သည့် ဆေးကုသစရိတ် ထောက်ပံ့ပေးသည်။
(၃၂)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ၍ ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်