
မြစ်ကြီးနား သြဂုတ် ၂၄
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ရှစ်ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် သမဝါယမလုပ်ငန်းစီမံကိန်းများတွင် ရင်းနှီးမတည် ပေးခဲ့ရာ အဆိုပါလုပ်ငန်းစီမံကိန်းများအလိုက် ချေးငွေထုတ်ချေးပေးခဲ့သည့် ကာလအပေါ်မူတည်၍ ပထမခြောက်လ အတိုးငွေကောက်ခံရရှိမှုအပေါ် ကျေးရွာများတွင် လုပ်ငန်းကဏ္ဍအလိုက် ထပ်မံ ရင်းနှီးမတည်ပေးနိုင်ရေးအတွက် သြဂုတ် ၂၃ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆွေးနွေးသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ရှစ်ဘီလီယံကို ထုတ်ချေးပေးထား နိုင်ခဲ့ပြီး ယခုအခါတွင် ပထမခြောက်လပြည့် အတိုး ရငွေများကိုလည်း ကောက်ခံရရှိပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် အတိုးရငွေများမှ လုပ်ငန်းစီမံကိန်း များ ထပ်မံတိုးချဲ့နိုင်ရေးနှင့် ပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးမှု တိုးတက်မြန်ဆန်စေရေးရငွေများ ကို ထပ်မံရင်းနှီး မတည်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေက ရန်ပုံငွေကျပ် ရှစ်ဘီလီယံမှ ရင်းနှီးမတည်ပေးခဲ့သည့် လုပ်ငန်းစီမံကိန်းများ၊ ကာလအလိုက် အတိုးငွေရရှိမှုအခြေအနေများ၊ ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက် ရမည့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ရှစ်ဘီလီယံကို ပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစုစုပေါင်း ၂၀၃ ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ လုပ်ငန်းစီမံကိန်း စုစုပေါင်း ၁၉၁ ခုတို့အတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ထုတ်ချေးပေးခဲ့ရာ ၂၀၂၃ ခုနှစ် ဧပြီလတွင် ရန်ပုံငွေအားလုံး ထုတ်ချေးပေးနိုင်ခဲ့ ပြီး ယခုအစည်းအဝေးတွင် ပထမခြောက်လပြည့် ဇူလိုင်လအထိ အတိုးကောက်ခံရရှိငွေ စုစုပေါင်း ငွေကျပ်သန်း ၂၀၈ ဒသမ ၈၀ မှ လုပ်ငန်းစီမံကိန်း ခြောက်ခုတွင် ထပ်မံရင်းနှီး မတည်ပေးမည် ဖြစ်ကြောင်းနှင့် နောက်ထပ်ကောက်ခံရရှိသည့် အတိုးငွေများကိုလည်း စီမံကိန်းလုပ်ငန်းများ တိုးချဲ့ လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)