
နေပြည်တော် မေ ၁၉
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ် မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၄၀၀ ဘီလီယံမှ ပထမဦးစွာ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ဘီလီယံ ၂၃၀ ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ ခြောက်ခု တို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေကျပ် ဘီလီယံ ၃၃၀ ကို မတည်ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
ဒုတိယအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန် ငွေကျပ် ဘီလီယံ ၇၀ မှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေ ထူထောင်နိုင်ရေးအတွက် ငွေကျပ် ဘီလီယံ ၅၀နှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်ဘီလီယံ ၂၀ တို့ကို ခွင့်ပြုခဲ့ပါကြောင်း၊ တတိယအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ လက်ကျန်ငွေမှ ငွေကျပ် ၅၂ ဘီလီယံကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသို့ လွှဲပြောင်းရယူ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ ငွေကျပ် ၈ ဘီလီယံစီ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဖြန့်ခွဲထုတ်ပေးထားမှုမှာ စုစုပေါင်း ငွေကျပ် ၄၅၂ ဘီလီယံ ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တွင် တစ်ဦးချင်းအတွက် အများဆုံးထုတ်ချေးရမည့် ချေးငွေပမာဏ ထက်ကျော်လွန်၍ ထုတ်ချေးထားသော ချေးငွေများအပေါ် လုံလောက် သော အာမခံရယူထားရေး၊ ချေးငွေသက်တမ်းကာလအတွင်း အရင်း/အတိုး ပုံမှန်ပြန်လည်ပေးဆပ်စေရေးနှင့် ချေးငွေသက်တမ်းမစေ့ရောက် သော်လည်း စတင်ချေးယူခဲ့သည့်ရက်မှစ၍ တစ်နှစ်ပြည့်ပါက အရင်း/အတိုး ပြေကျေစွာပြန်လည်ပေးဆပ်စေရေး ဆောင်ရွက်ရန်နှင့် ချေးငွေ ပေးဆပ်ပြီးပါက ချေးငွေပမာဏသတ်မှတ်ချက်အတွင်းမှသာ ထုတ်ချေး သွားရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အကြောင်းကြားထား ပြီးဖြစ်ကြောင်း၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ခြောက်ခုတို့သို့ သွားရောက် စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့လည်း Virtual Meeting ပြုလုပ်ကာ စစ်ဆေးမည် ဖြစ်ကြောင်း။
ယနေ့အစည်းအဝေးတွင် မွန်ပြည်နယ်မှတင်ပြသည့် အထူးချေးငွေ ထုတ်ချေးပေးနိုင်ရေးကိစ္စနှင့် ချင်းပြည်နယ်မှ တင်ပြသည့်ချေးငွေ သက်တမ်းတိုးမြှင့်ပေးနိုင်ရေးကိစ္စတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြု ပေးကြစေလိုကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေး ခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးလျက်ရှိရာ သက်ဆိုင်ရာတာဝန် ရှိသူအဆင့်ဆင့်က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိ စွာ စနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင် များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒေါက်တာ ချာလီ သန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးညွန့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ရှိချက်၊ လိုအပ်ချက် များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်