
နေပြည်တော် မတ် ၁၇
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ငွေကျပ် ဘီလီယံ၂၃၀ ၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုတို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေကျပ် ဘီလီယံ ၃၃၀ ကို မတည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
လွန်ခဲ့သည့် နှစ်လတာကာလအတွင်း တိုင်းဒေသကြီ/ပြည်နယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများသို့ ကော်မတီ၏ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကြီးကြပ်ပေး ခဲ့ကြောင်း။
ရန်ပုံငွေတိုးမြှင့်ရရှိနိုင်မည့်နည်းလမ်းများကို ရှာဖွေ
ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေကျပ် ဘီလီယံ ၇၀ မှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေထူထောင် နိုင်ရေးအတွက် ငွေကျပ်ဘီလီယံ ၅၀ နှင့် မွေးမြူရေးလုပ်ငန်းဆောင် ရွက်နိုင်ရေးအတွက် ငွေကျပ်ဘီလီယံ ၂၀ သတ်မှတ်ပေးထားကြောင်း၊ ထို့ပြင် ချေးငွေထပ်မံလိုအပ်သည့် လုပ်ငန်းများသို့ တိုးမြှင့်ထုတ်ချေးနိုင် ရေးအတွက် ရန်ပုံငွေတိုးမြှင့်ရရှိနိုင်မည့်နည်းလမ်းများကိုလည်း ရှာဖွေ ဖော်ထုတ်လျက်ရှိကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ထုတ်ပေး ခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့် က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင် များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင် များက သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ရှိချက်၊ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်