နီပေါနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း စတင်ဆောင်ရွက်

ခတ္တမန္ဒူ   ဇန်နဝါရီ   ၁၇ 


နီပေါနိုင်ငံ၌  ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို ယမန်နေ့က စတင်ဆောင်ရွက် ခဲ့ပြီး ဆက်လက်၍ အသက်  ၆၀ နှင့် အထက်ရှိသူများအား ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအပိုဆောင်း  ထိုးနှံရေး အစီအစဉ်၌ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူ ပြီးစီး၍   အနည်းဆုံး    ခြောက်လရှိသူများကိုသာ    ကိုဗစ်-၁၉ ရောဂါ        ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးမည်ဖြစ်ကြောင်း   နီပေါအစိုးရက ပြောကြားသည်။ 
နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာမှုကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၆၁ ဦးကို တွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၅၅၂၀၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၁၆၂၀ ရှိလာကြောင်း သိရသည်။  


နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကျဆင်းစေရေးအတွက်  လူအများအပြားစုဝေးခြင်းအား     ပိတ်ပင်ထားကာ      ကျောင်းများနှင့် တက္ကသိုလ်များအား ဇန်နဝါရီလကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။  လူဦးရေ သန်း ၃၀ ရှိသော နီပေါနိုင်ငံ၌  လူဦးရေ၏  ၃၉ ဒသမ ၉ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံအတွင်း ယခုသီတင်းပတ်မှ စတင်၍  အများ ပြည်သူဆိုင်ရာလုပ်ငန်းများသို့   ဝင်ထွက်သွားလာလုပ်ကိုင် သောသူများ သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်ကို ပြသရမည်ဖြစ်သည်။ 


ကိုးကား - စီအင်န်အေ
ဘာသာပြန် - စိုးသူရ