
နေပြည်တော် နိုဝင်ဘာ ၁၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်း တွင် သံတွဲခရိုင် ငပလီကမ်းခြေဒေသ ဂေါ့ရပ်ကွက်ရှိ Jasmine Ngapali Resort သို့ရောက်ရှိပြီး ပွင့်လင်း ရာသီကာလအတွင်း ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်တည်းခိုနိုင်ရေးအတွက် ဟိုတယ် ပြင်ဆင်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သံတွဲခရိုင် လင်းသာချောင်းရွာရှိ ငပလီရေလှောင်တမံသို့ ရောက်ရှိရာ ငပလီမြို့စည်ပင်သာယာရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာက ရေလှောင်တမံအတွင်း ရေသိုလှောင်နိုင်မှုအခြေအနေ၊ ရပ်ကွက်များနှင့် ဟိုတယ်/တည်းခိုရိပ်သာများသို့ ရေပေးဝေနိုင်မှု အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း၍ လိုအပ် သည်များကို အကြံပြုဆွေးနွေးသည်။
အဆိုပါ ရေလှောင်တမံအား ၁၉၇၀ ပြည့်နှစ်တွင် တည်ဆောက်ထားရှိပြီး ရေပေးဝေမှုအနေဖြင့် ရပ်ကွက် နှစ်ခု၊ အိမ်ခြေပေါင်း ၁၁၁၀ နှင့် ဟိုတယ်/ တည်းခိုရိပ်သာ ၄၆ လုံးကို ရေပေးဝေလျက်ရှိကြောင်း သိရသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည့် ငပလီကမ်းခြေဒေသ၊ မြပြင်ကျေးရွာရှိ Aureum Palace Hotel & Resort လုပ်ငန်း ဆောင် ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ငပလီကမ်းခြေ Amata Hotel လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုပြီး ဟိုတယ် အစည်းအဝေးခန်းမ၌ ငပလီကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်မန်နေဂျာများနှင့် ငပလီကမ်းခြေဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းနေရာမှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြည်တွင်းခရီးသွားလုပ်ငန်းမှ တစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအနေဖြင့် လက်ရှိအချိန်တွင် လေးရာခိုင်နှုန်းခန့်သာ ရှိတော့သဖြင့် ခရီးသွား ဧည့်သည်များသည် ကမ်းခြေဒေသများနှင့် အခြား ခရီးစဉ်ဒေသ အများအပြားသို့ သွားရောက်လည်ပတ် နေကြပြီဖြစ်ကြောင်း။
ထို့ကြောင့် မကြာမီကာလအတွင်း ငပလီ ကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ငပလီကမ်းခြေဒေသသို့ ခရီးသွားဧည့်သည်များ လာရောက်တည်းခိုရာတွင် စိတ်ချမ်းမြေ့စွာ တည်းခိုနိုင်ရေး ဂရုတစိုက်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှုရှိသော ဝန်ဆောင်မှုကောင်းများပေးရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဧည့်သည်များ လက်ခံရာတွင် ကိုဗစ်-၁၉ လုပ်ငန်းလမ်းညွှန်များနှင့် အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် သရုပ်ပြရုပ်သံဗီဒီယိုအား ဟိုတယ်များ၏ ဧည့်ခန်းမ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်းမနှင့် အိပ်ခန်း အတွင်းရှိ တီဗွီများတွင် ပြသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးစေလိုပါကြောင်း။
ခရီးသွားလုပ်ငန်း၏ ဆင့်ပွားအကျိုးသက်ရောက် မှုရှိသောကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း ဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ငပလီကမ်းခြေဒေသသို့ ခရီးသွား ဧည့်သည်များ ပိုမိုများပြားစွာ လာရောက်လည်ပတ် နိုင်ရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပစေရေးနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူ လူထုအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရရှိခံစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ရခိုင်ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး မှ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များ အား Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်အား ပေးအပ်ရာ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်) ဥက္ကဋ္ဌ ကလက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်