မောင်တံငါ (M.Sc)၊ မွေးသု(မန်း)
မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေရာ မွေးမြူထုတ်လုပ်ရေးနည်းပညာများ ခေတ်မီ တိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်အစာလုံလောက်ရုံမျှနှင့် မပြည့်စုံနိုင်ဘဲ ၎င်းတိရစ္ဆာန်အစာများမှ မည်မျှအသုံးချနိုင်မှုရှိသည် (Digestibility) သို့မဟုတ် မည်မျှ အကျိုးသက်ရောက်မှုရှိသည် (Net Energy)တို့ကို သိရှိရန်လိုအပ်ပေသည်။
ငါးမွေးမြူရေးအခန်းကဏ္ဍအတွက် အသုံးများသော အပင်မျှော လှေးများနှင့် သတ္တမျှောလှေးများတွင် ပရိုတိန်း(Protein)၊ အဆီဓာတ် များ(Fats)၊ ကစီဓာတ်များ (Carbohydrates)၊ အမိုင်နိုအက်စစ် ဓာတ်များ (Amino acids)၊ အင်ဇိုင်းဓာတ်များ(Enzymes) နှင့် ပြည့်ဝ အဆီ(polyunsaturated fatty acids) ပါဝင်ပြီး အာဟာရပြည့်စုံစွာ ပါဝင်ရုံမျှမက အစာချေဖျက်နှုန်း ကောင်းမွန်သော သက်ရှိအရာ(အစာ)များလည်း ဖြစ်ပါသည်။
သဘာဝရေထုများနှင့် ငါးမွေးမြူသော ကန်များအတွင်းရှိ ရေထု များတွင် အပင်မျှောလှေးများ (Phytoplankton) နှင့် သတ္တမျှောလှေး များ (Zooplankton)ဟူ၍ အုပ်စု နှစ်မျိုးရှိကာ အပြန်အလှန် သဟဇာတ ညီမျှစွာ ပါဝင်နေရန်လည်း အထူးလိုအပ်ပါသည်။ အပင်မျှောလှေး ဆိုသည်မှာ အရွယ်အစား သေးငယ်ပြီး ဆဲလ်တစ်ခုတည်းဖြင့် ဖွဲ့စည်း ထားကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အလင်းမှီစု အစာ အာဟာရဖွဲ့စည်းခြင်း (Photosynthesis)နည်းဖြင့် ရှင်သန်ကြီးထွားပွား များသည့် ရေညှိရေမှော်လေးများကို ဆိုလိုပါသည်။ သတ္တမျှောလှေး ဆိုသည်မှာ သက်ရှိအကောင်ငယ်လေးများဖြစ်ပြီး တစ်နည်းအားဖြင့် သက်ရှိအစာ(ရိုတီဖာ-Rotifer)ဟုခေါ်ဆိုကာ အဏုကြည့်မှန်ပြောင်း ဖြင့်သာ မြင်နိုင်သော သေးငယ်သည့် ရေနေသတ္တဝါငယ်လေးများဖြစ်ပါ သည်။ သတ္တမျှောလှေးတို့သည် အပင်မျှောလှေးများကို စားသုံးကာ ရှင်သန်ကြီးထွားကြပေသည်။
ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ငါးများ၏ ပထမအဆင့် ငါးငယ်(ခေါ်)ငါးမှုန်အဆင့်ဘဝတွင် ကြီးထွားရှင်သန်နှုန်းကောင်းမွန် စေရန်နှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်မှာ လွန်စွာအရေးကြီးလှပေ သည်။ မွေးမြူရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ငါး(Fish)နှင့် အခွံမာသတ္တဝါလေးများ (Crustanceaus)၏ အစောဆုံး အရွယ်ဖြစ်သော သားပေါက်အဆင့်တွင် အလွယ်တကူစားသုံးနိုင်ရန် ဖော်စပ်စာများကို အသုံးပြုလာကြသော်လည်း စိန်ခေါ်မှုအနေဖြင့် မွေးမြူရာတွင် အသုံးပြုသော ရေထုနှင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေ နိုင်သည့်အပြင် ငါးမှုန်အဆင့်တွင် ငါးများ၏ အစာချေစနစ်သည် ကောင်းစွာ မဖွံ့ဖြိုးသေးသည့်အတွက် ၎င်းတို့၏ ပါးစပ်အရွယ်အစားနှင့်သင့်လျော်သော အစာကိုကျွေးမွေးရန် လိုအပ်ပြီး ထိုအထဲတွင် သက်ရှိအစာ(ရိုတီဖာ)သည် အသင့်လျော်ဆုံးဖြစ်ပါသည်။ နိုင်ငံတကာ တွင် ငါးမှုန်ငါးသန် ထုတ်လုပ်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာသည် နှင့်အမျှ သက်ရှိအစာ(ရိုတီဖာ)များ နေ့စဉ် အမြောက်အမြား လိုအပ် လျက်ရှိပါသည်။
ကန်အတွင်းရှိ ရေညှိရေမှော်လေးများကို သတ္တမျှောလှေးများက လည်းကောင်း၊ သတ္တမျှောလှေးများကို ငါးငယ်များကလည်းကောင်း၊ ငါးငယ်လေးများကို ငါးကြီးများကလည်းကောင်း အဆင့်ဆင့်စားသုံး ကြပြီး အစာကွင်းဆက်တစ်ခုအဖြစ် သဘာဝအတိုင်း လည်ပတ်လျက် ရှိကြပေသည်။
အပင်မျှောလှေးမွေးမြူနည်း
ရေညှိအမျိုးအစားပေါင်း ၄၃၀၀၀ ကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းခန့် သည် ရေချိုရေပြင်များ၌သာ တွေ့ရှိရသကဲ့သို့ ရေငန်ရေပြင်များတွင် တွေ့မြင်ရသော ရေညှိမျိုးစိတ်များလည်းရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ရေချိုရေညှိတွင် အာဟာရတန်ဖိုး(% dry weight) အားဖြင့် အသားဓာတ် ၅၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်သည်။ ရေချိုရေညှိသည် လိင်မဲ့မျိုးပွားနည်းဖြင့် မျိုးပွားပြီး မူရင်းမိခင်ဆဲလ်တစ်ခုအတွင်းတွင် မိခင်ဆဲလ်နှင့်ပုံစံတူ ဆဲလ်လေးခုဖြစ်ပေါ်လာကာ မွေးမြူရန် အကောင်းဆုံး အပူချိန်မှာ (၂၈−၃၅°C) အတွင်းဖြစ်ပါသည်။
သတ္တမျှောလှေးမွေးမြူနည်း
ရိုတီဖာ(Rotifer)ဆိုသည်မှာ သတ္တမျှောလှေးအုပ်စုတွင် ပါဝင်သော ကျောရိုးမဲ့ ရေနေသတ္တဝါငယ် မျိုးစိတ်တစ်မျိုးဖြစ်ကာ ရေချိုမျိုးစိတ်နှင့် ရေငန်မျိုးစိတ်ဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပြီး ရေချို မျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်နှင့် ရေငန်မျိုးစိတ်တွင် မျိုးစိတ် ပေါင်း ၅၀ ခန့် အသီးသီး ရှိကြပါသည်။ သက်ရှိအစာ ရေချိုရိုတီဖာတို့ သည် လိင်မဲ့နည်းနှင့် လိင်ရှိနည်းတို့ဖြင့် မျိုးပွားခြင်းကို ပြုလုပ်ကြပါ သည်။ ရေချိုရိုတီဖာများသည် အကောင်းဆုံး အပူချိန် (၂၅°C)တွင် (၃-၄)ရက်အထိ နေထိုင် အသက်ရှင်နိုင်ပြီး အပူချိန် (၁၅-၃၅°C)အထိ ခံနိုင်ရည်ရှိပါသည်။ ရိုတီဖာတို့ နှစ်ခြိုက်သော ရေချိုရေညှိကို နေရောင်ခြည်ကောင်းစွာရရှိသောနေရာတွင် ပုံး၊ ကွန်ကရစ်ကန်၊ မိုးကာကန် စသည်ဖြင့် အဆင်ပြေသည့် ပစ္စည်းများကို အသုံးပြုနိုင်ပြီး အောက်ဖော်ပြပါ အချိုးအစားများအတိုင်း ထည့်သွင်း၍ ပြင်ဆင်ရ ပါမည်။ ကနဦးမွေးမြူရာတွင် ရေချိုရေညှိနှင့် ရေစစ်ရေကို (၁:၃) ပမာဏအတိုင်း အသုံးပြုရမည်ဖြစ်ပြီး မွေးမြူမည့် ပမာဏကို အခြေခံ တွက်ချက်ကာ သမအောင်မွှေရပါမည်။ ရေချိုရေညှိများ အလင်းမှီစု အစာဖွဲ့စည်းခြင်း ကောင်းစွာပြုလုပ်နိုင်ရန်နှင့် အထက်နှင့်အောက်ခြေ သမအောင် ကန်အတွင်းသို့ ပျော်ဝင်အောက်ဆီဂျင် (၆−၈မီလီဂရမ်/လီတာ) ပမာဏကို လေပေးစက်ဖြင့် ပေးထားရန် လိုအပ်ပါသည်။
စတင်မွေးမြူသည့်ရက်မှ (၃−၅)ရက်အကြာတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲလာပါက အနည်ထိုင်ထားသော ရေအသစ်ကို အခြား မလိုလားအပ်သော သတ္တမျှောလှေးများ မပါဝင်စေရန်အတွက် ရေစစ် ပိုက်ကွက်(69μm)ဖြင့်စစ်ကာ ထည့်သွင်းရမည်ဖြစ်ပြီး ရေထပ်မံ ထည့်သွင်းသည့် ပမာဏအတိုင်း တွက်ချက်ကာ ပေါက်ပွားရန်လိုအပ် သည့်ပစ္စည်းများ ထပ်မံထည့်သွင်းရမည်ဖြစ်ပါသည်။
အထက်ပါနည်းလမ်းအတိုင်း မိမိတို့လိုအပ်သည့် သတ္တမျှောလှေး ပမာဏရရှိလာစေရန် ပြင်ဆင်မွေးမြူထားသော ရေချိုရေညှိကန် အတွင်းသို့ သက်ရှိရိုတီဖာ မျိုးစိတ်သီးသန့်အား 12 pcs/ml နှုန်းဖြင့် ထည့်သွင်းမွေးမြူပြီး (၄−၅)ရက်အကြာတွင် ပမာဏအမြောက်အမြား ပွားများလာသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
ရေချိုရေညှိနှင့် သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူရာတွင် ဓာတ်ခွဲ စမ်းသပ်ခန်းအတွင်း ပမာဏအနည်းငယ် မွေးမြူခြင်း (laboratory scale culture)၊ အလတ်စားပမာဏ မွေးမြူခြင်း (Medium scale culture)၊ အမြောက်အမြားမွေးမြူခြင်း (Mass culture) စနစ်တို့ကို အသုံးပြုနိုင်ပြီး တစ်သုတ်ခြင်း မွေးမြူခြင်း (Batch culture) နှင့် စဉ်ဆက်မပြတ်မွေးမြူခြင်း (Continuous culture)တို့ဖြင့် ဆောင်ရွက် နိုင်ပါသည်။
သက်ရှိအစာ(ရိုတီဖာ)တွင် ပရိုတိန်းဓာတ် ၆၅ ဒသမ ၆ ရာခိုင်နှုန်း နှင့် အဆီဓာတ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် ငါးမှုန် အဆင့်တွင် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင် မည်ဖြစ်ပြီး ရေညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်ပါသည်။ ထို့အတူ သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူထားသော ကန်အတွင်းမှခပ်ယူ၍ ငါးသားပေါက်ကန်များအတွင်းသို့ ပက်ဖျန်းကျွေးမွေးခြင်း (သို့မဟုတ်) သက်ရှိအစာ(ရိုတီဖာ) မွေးမြူထားသော ကန်အတွင်းသို့ ငါးမှုန်များအား ပြောင်းရွှေ့ထည့်သွင်းမွေးမြူခြင်းတို့ဖြင့် နှစ်သက်ရာပုံစံဖြင့် မွေးမြူနိုင် ပါသည်။ မွေးမြူထားသောကန်များအတွင်းမှ ရိုတီဖာများ အမြောက် အမြားစုဆောင်းရရှိပါက လေလုံအိတ်ငယ်များအတွင်းသို့ ထည့်သွင်း ကာ ရေခဲသေတ္တာ (၄°C) အတွင်း အေးခဲထားရှိပြီး (၂−၃)လအတွင်း ပြန်လည်အသုံးပြုနိုင်ပါသည်။ မွေးမြူသားဖောက်ထားသော ငါးမှုန် များ ဥမှအကောင်ပေါက်ပြီး သုံးရက်သားခန့်တွင် ရိုတီဖာကို စတင် ကျွေးမွေးနိုင်ပြီး အနည်းဆုံးတစ်ပတ်သားမှ အများဆုံး နှစ်ပတ်သားအထိ သက်ရှိအစာ ကျွေးမွေးနိုင်မည်ဆိုပါက ငါးများရှင်သန်နှုန်းကို သိသာစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ သုတေသနပြုစမ်းသပ်မှုများအရ ရှင်သန် နှုန်း ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါသည်။
လူကျန်းမာရေးနှင့် အပင်မျှောလှေး၊ သတ္တမျှောလှေးစျေးကွက်
နိုင်ငံတကာတွင် ရေချိုရေညှိ Chlorella မျိုးစိတ်ကို လူတို့အသုံးပြု ရန် ကျန်းမာရေး ဆေးဝါးများအဖြစ် အမှုန့်ပုံစံ၊ ဆေးပြားနှင့် ဆေးတောင့်ပုံစံများဖြင့် အသုံးပြုလျက်ရှိကြ ပါသည်။ ထို့အပြင် ငါးများနှင့် အခွံပါသတ္တဝါများကို ကျွေးမွေးရန် အမှုန့်ပုံစံဖြင့်လည်းကောင်း၊ သက်ရှိအစာ မွေးမြူရေးလုပ်ငန်းများ အတွက် အရည်ပုံစံအဖြစ်လည်းကောင်း၊ အသင့်မွေးမြူရန်အတွက် သက်ရှိအစာ ရေချိုရိုတီဖာ မွေးမြူရန် ဥ(cysts)များကို စနစ်တကျ ထုပ်ပိုးထားသော အိတ်ပုံစံ ဖြင့်လည်းကောင်း၊ ရေချိုရိုတီဖာ(အရှင်)ကို ထုပ်ပိုးအိတ်များဖြင့် လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ် အသုံးပြုလျက်ရှိပါသည်။
ငါးမွေးမြူရေးလုပ်ငန်းရေရှည်တည်တံ့ဖွံ့ဖြိုးရေး
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငါးမှုန်အရွယ်ငါးငယ်များအတွက် လိုအပ် သော အာဟာရတန်ဖိုးများ ပါဝင်အောင် ဖော်စပ်စာများ ထုတ်လုပ် ဖြန့်ဖြူး အသုံးပြုကျွေးမွေးလျက်ရှိသော်လည်း အဆိုပါ ကျွေးမွေးလိုက် သည့် ဖော်စပ်စာများကို ငါးငယ်များမှ ကုန်စင်အောင်မစားသုံးနိုင်ပါက ကန်အောက်ခြေသို့ လျင်မြန်စွာ နစ်မြုပ်သွားခြင်းကြောင့် ရေအရည် အသွေး ကျဆင်းစေနိုင်ခြင်း၊ အစာသည် အနည်းငယ် ခြောက်သွေ့ မာကြောသဖြင့် အစာချေစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးသည့် ငါးငယ် များအတွက် ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်ခြင်း၊ ထိုမှတစ်ဖန် ရှင်သန်နှုန်းကျဆင်းသဖြင့် တစ်ဖက်တစ်လမ်းမှလည်း စီးပွားရေး ဆုံးရှုံးစေခြင်း စသောအချက်များကို ရင်ဆိုင်ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ရေရှည်တည်တံ့ အောင်မြင်သော ငါးမှုန် ထုတ်လုပ်မှုလုပ်ငန်း များအတွက် အထောက်အကူပြု ပံ့ပိုးပေးနိုင်ရန်နှင့် ငါးမျိုးစိတ်အားလုံး ၏ ငါးမှုန်အဆင့်တွင် ရှင်သန်ကြီးထွားနှုန်းကို ကောင်းမွန်စေရုံသာမက အာဟာရဓာတ်များ ပြည့်စုံစွာပါဝင်သော သက်ရှိအစာရိုတီဖာ၏ အရေးပါပုံနှင့် မွေးမြူပုံနည်းစနစ်တို့ကို သိရှိအသုံးပြုနိုင်ရန် မျှဝေ ဖော်ပြ ရေးသားလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား
1. Dhert, P., Rombaut, G., Suantika, G., Sorgeloos, P. 2001. Advancement of rotifer culture and manipulation techniques in Europe. Aquaculture 200 2001 129–146.
2. Importance of Live food organisms in aquaculture
3. Live feed for Aquaculture. Aquatic animal feed research group, Aquatic animal feed research and development division, Department of Fisheries, Thailand
4. Phytoplankton and Zooplankton for Aquaculture. Prachinburi Inland Aquaculture Research and Development Center, Department of Fisheries, Thailand.
5. Reyes, J. A. C., Torres, J. A. S., Campos, B. J., Hernandez, J. C. G., 2020. Chlorella vulgaris, a microalgae important to be used in biotechnology: a review. Food sci. Technol, 1:11
6. Safi, C., Zebib, B., Merah, O., Pontalier, P.Y., Vaca-Garcia, C., 2014. Morphology, composition, production, processing and applications of Chlorella vulgaris: A review. Renew. Sustain. Energy Rev. 35: 265–278
- Log in to post comments