
လင်းလက်နေခြည်
သဘာဝသယံဇာတ အရင်းအမြစ်များသည် ပြန်လည်ဖန်တီးရယူ၍ မရနိုင်သော အရာများပင် ဖြစ်သည်။ လူသားများအပါအဝင် သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ကြသည့် ကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုက ဖုံးလွှမ်းထားသည်။ ရေထုအားလုံး၏ ၉၅ ရာခိုင်နှုန်းကျော်သည် ပင်လယ်သမုဒ္ဒရာများတွင် တည်ရှိနေသဖြင့် ရေငန် များသာဖြစ်ပြီး သောက်ရေအဖြစ်အသုံးပြုနိုင်သည့် ရေပမာဏမှာ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိသည်ဟု သိရသည်။
ရေသည်အသက်
ရေသည် လူတို့အသက်ရှင်ရေးအတွက် မရှိ မဖြစ်လိုအပ်သည်။ လူတစ်ယောက်အနေဖြင့် နေ့စဉ် ရေကိုးခွက် (၂ လီတာခန့်) မှ ၁၃ ခွက် (၃ လီတာခန့်) သောက်သုံးသင့်သည်ဟု ဆေးပညာရှင်များက အကြံပြုထားသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ် တွင် ရေဓာတ် ၆၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ နှလုံး နှင့် ဦးနှောက်၏ ၇၃ ရာနိုင်နှုန်းခန့်၊ အဆုတ်၏ ၈၃ ရာခိုင်နှုန်းခန့်၊ အရေပြား၏ ၆၄ ရာခိုင်နှုန်းခန့်၊ ကြွက်သားနှင့် ကျောက်ကပ်၏ ၇၉ ရာခိုင်နှုန်းခန့်၊ အရိုးများ၏ ၃၁ ရာခိုင်နှုန်းခန့်ကို ရေဓာတ်ဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။
ရောဂါပျောက်စေသည့်ဆေး
ရေသည် မိမိတို့၏ ခန္ဓာကိုယ်ကို များစွာအကျိုး ပြုသည်။ ပင်ပန်းနွမ်းနယ်နေသည့်အချိန်တွင် ရေတစ်ခွက်သောက်လိုက်ရသည့်အခါ ရရှိ လိုက်သော လန်းဆန်းတက်ကြွမှုသည် မည်သည့် အရာနှင့်မျှ မလဲနိုင်ပေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ် များကို သန်စွမ်းကျန်းမာစေခြင်း၊ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ် သည့် အရာများကို စွန့်ထုတ်ရန်အတွက် အထောက် အကူပြုခြင်း၊ ဦးနှောက်ကို လန်းဆန်းစေခြင်း၊ အရိုး များကို သန်မာစေခြင်း၊ အစာခြေစနစ်ကို အားကောင်းစေခြင်း၊ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် ကို ပျံ့နှံ့စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိ စေနိုင်သည်။ သတ္တဝါများ၏ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး လိုအပ်သော အာဟာရဓာတ် အများစုကို ဖြည့်တင်းပေးသည်။
လူတစ်ယောက်အနေဖြင့် အသက်ရှင်သန်နိုင် ရေးအတွက် ပထမဦးစွာ မိခင်နို့ရည်ကို သောက်သုံး ရသည်။ မိခင်နို့ရည်တွင် ရေဓာတ် ၈၇ ရာခိုင်နှုန်း ခန့်ပါဝင်သည်ဟု သိရသဖြင့် ရေဓာတ်သည် လူ့ဘဝ ကနဦးအစကတည်းက လိုအပ်ခဲ့သည်ကို သတိ ပြုသင့်ပေသည်။ ရေဓာတ်ဆုံးရှုံးသည့်အခါ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ရရှိနိုင်သည်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်သွားသည့် အခါ ဆီးနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ကျောက်ကပ်ရောဂါများကို ဖြစ်ပေါ်စေသည်။ ရေသည် ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည့် ဆေးတစ်ခွက်ပင်ဖြစ်သည်။ ခန္ဓာကိုယ်ပြင်ပရှိ အညစ်အကြေးများသန့်စင်စေရန်နှင့် ခန္ဓာကိုယ် လန်းဆန်းစေရန် ရေကိုအသုံးပြုရသည်။ ခန္ဓာကိုယ် အတွင်းရှိ အညစ်အကြေးများ သန့်စင်စေရန်နှင့် ခွန်အားဖြစ်စေရန်အတွက် ရေကိုသောက်သုံး ရသည်။
အခြေခံလူ့အခွင့်အရေး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လုံခြုံစိတ်ချရသည့် သန့်ရှင်းသော သောက်ရေသုံးရေရရှိရေးသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်အတွက် အလွန် အရေးကြီးကြောင်းနှင့် ရေသယံဇာတချွေတာရေး နှင့် သန့်ရှင်းသော သောက်ရေသုံးရေ ရရှိရေးကို ကမ္ဘာ့နိုင်ငံများက အလေးထားဆောင်ရွက် သင့်ကြောင်း တင်ပြထားသည်။ ရေသည် လူသားတို့ အတွက် အလွန်အရေးကြီးသဖြင့် သန့်ရှင်းသော၊ လုံခြုံစိတ်ချရသော၊ ဘေးအန္တရာယ်ကင်းရှင်းသော သောက်ရေသုံးရေရရှိရေးသည် လူသားတိုင်း၏ အခြေခံလူ့အခွင့်အရေးပင်ဖြစ်သည်ဟု ကုလသမဂ္ဂ က သတ်မှတ်ခဲ့သည်။
လိုအပ်သည့် မူဝါဒလုပ်ထုံးလုပ်နည်းများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ လူဦးရေ ၁ ဒသမ ၇ ဘီလီယံသည် သန့်ရှင်းမှုမရှိ သော၊ ရောဂါပိုးမွှားများပါဝင်သော၊ ညစ်ညမ်းသော ရေများကို သောက်ရေအဖြစ် အသုံးပြုခဲ့ရသည်ဟု သိရသည်။ သန့်ရှင်းမှုမရှိသောရေကို သောက်သုံး ခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်နှင့် ပိုလီယိုကဲ့သို့သော ရောဂါများ ဖြစ်ပွားစေနိုင်ပြီး ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၅၀၅၀၀၀ ခန့် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထား သည်။ ရေသည် လူသားများ၏ နေ့စဉ်လူနေမှုဘဝ များအတွက် မရှိမဖြစ်လိုအပ်နေသဖြင့် ရှိရင်းစွဲ ရေသယံဇာတများကို ညစ်နွမ်းသွားခြင်းနှင့် ဆုံးရှုံး သွားခြင်းမရှိစေရန် လိုအပ်သည့် မူဝါဒလုပ်ထုံး လုပ်နည်းများကို ချမှတ်ထားရန်လိုအပ်သည်။
ချွေတာသုံးစွဲကြပါစို့
ကမ္ဘာကြီးပူနွေးလာမှုအပါအဝင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ ရေခဲမြစ်များ အရည်ပျော်လာခြင်း စသည့် ဖြစ်စဉ်များသည်လည်း ကမ္ဘာ့ရေသယံဇာတ များကို ဆုံးရှုံးစေသည်ဟု ကုလသမဂ္ဂက ထောက်ပြ ထားသည်။ လူသားများ၏ လူနေမှုအဆင့်အတန်း များ မြင့်မားလာစေရေးနှင့် နိုင်ငံများ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပုံဖော်ရာတွင် ရေသယံဇာတ ရေရှည်တည်တံ့ရရှိရေးသည် အရေး ကြီးသဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များ ပန်းတိုင် (၆)တွင် “လူသား တိုင်း လက်လှမ်းမီရရှိသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံ ခန့်ခွဲမှုဖြစ်ပေါ်စေရေး” နှင့် ပန်းတိုင် (၁၄) တွင် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန် ပင်လယ်၊ သမုဒ္ဒရာနှင့် ရေချိုသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့ နိုင်သည့် နည်းလမ်းဖြင့် အသုံးပြုရေး” ကို အကောင် အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံအားလုံးသို့ တိုက်တွန်းထားသည်ကို တွေ့ရသည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင် အထည်ဖော်နိုင်မှု အစီရင်ခံစာ ၂၀၂၃ (SDGs Report– 2023)ဖော်ပြချက်များအရ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာပေါ်တွင် လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်သည် ရေရှားပါးသောနိုင်ငံများတွင် ခက်ခဲစွာ အသက်ရှင် နေထိုင်ရသည်ကိုတွေ့ရသည်။ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၂ ဒသမ ၂ ဘီလီယံသည် လုံခြုံစိတ်ချ ရသော သောက်ရေကို မရရှိခဲ့ကြောင်းတွေ့ရသည်။ ရာသီဥတုဖောက်ပြန်မှု၊ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုများကြောင့် ရေသယံဇာတများ ဆုံးရှုံး လာသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှုများ ကာကွယ်ရေးစသည့် လုပ်ငန်းများကိုလည်း ကမ္ဘာ့နိုင်ငံများက အလေးထားဆောင်ရွက်လာကြသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၇ ရာခိုင်နှုန်းသည် အခြေခံ (အနိမ့်ဆုံး) သောက်သုံးရေဝန်ဆောင်မှုမှရရှိသောရေကို အသုံး ပြုနေကြရပြီး ၄၁ ဒသမ ၄ ရာခိုင်နှုန်းသည်သာ သန့်ရှင်းပြီး ဘေးကင်းစင်သော သောက်သုံးရေ ဝန်ဆောင်မှုကို အသုံးပြုကြရသည်ကိုတွေ့ရသည်။ မြို့ပြ၌ ၆၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျေးလက်၌ ၃၂ ဒသမ ၇ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် သန့်ရှင်းပြီး ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုကို ရယူသုံးစွဲနိုင်ပြီး မြို့ပြအိမ်ထောင်စု အားလုံး၏ ၃ ဒသမ ၇ ရာခိုင်နှုန်းသည် မြေပေါ်ရေ ဖြစ်သည့် မြစ်၊ ချောင်း၊ ဆည်၊ ကန်၊ တူးမြောင်း လက်တံတို့မှ သောက်သုံးရေကို အသုံးပြုပြီး ကျေးလက်၌ အိမ်ထောင်စု ၁၅ ဒသမ ၈ ရာခိုင်နှုန်း သည် ယင်းမြေပေါ်ရေကို သောက်သုံးရေအဖြစ် အသုံးပြုကြရသည်ဟု သိရသည်။
ရေသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ
ရေအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်းများ အပါအဝင် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ ရေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး၊ မြစ်ချောင်း အင်းအိုင်ကန်များ စသည့် ရေအရင်းအမြစ်များကိုကာကွယ်ထိန်းသိမ်းရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများက စီစဉ်ဆောင်ရွက်ပေးနေ သည်ကို တွေ့ရသည်။ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာအခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ ရေး ဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီ၊ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတို့ကို စနစ်တကျဖွဲ့စည်းထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများကို နိုင်ငံတော်က အင်တိုက်အားတိုက် ဆောင်ရွက် နေသည်။
ရေသယံဇာတဆိုသည်မှာ ဖန်တီးရယူနိုင်သည့် အရာ မဟုတ်သဖြင့် ရှိရင်းစွဲရေသယံဇာတများကို ခြိုးခြံချွေတာသုံးစွဲရန် လိုအပ်သည်။ နိုင်ငံတော် အနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သောက်သုံး ရေအတွက် စိမ့်စမ်းရေသွယ်တန်းပေးခြင်း၊ အဝီစိ တွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင် စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေ ထိန်းတမံများဆောက်လုပ်ပေးခြင်း စသည့် ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရေချွေတာရေး နည်းလမ်းများစွာရှိသည့်အနက် လူတိုင်းလွယ်လင့်တကူ လိုက်နာဆောင်ရွက် နိုင်သည့် နည်းလမ်းများကို နေ့စဉ်ထုတ်သတင်းစာ များတွင် ထည့်သွင်းဖော်ပြ၍ ရေသယံဇာတကို ချွေတာကြရန် နှိုးဆော်နေသည်။ “သွားတိုက်နေစဉ် ဘုံပိုင်ခေါင်းပိတ်ထားရန်၊ ယာဉ်များဆေးကြောလျှင် ရေပိုက်အသုံးမပြုရန်၊ ရေဖြည့်ထားသောပုံးများဖြင့် ယာဉ်များကို ဆေးကြောရန်” စသည့် အခြေခံ ရေချွေတာရေးနည်းလမ်းများကို အသုံးပြုခြင်းဖြင့် မတ် ၂၂ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့အတွက် ချမှတ်ထားသည့် “ငြိမ်းချမ်းသာယာဝပြောရေး ရေ ကဏ္ဍကို မြှင့်တင်ပေး - Water for Peace” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် ရေသယံဇာတကို ချွေတာနိုင်ကြပါ စေကြောင်း ရည်ရွယ်တင်ပြလိုက်ရပါသည်။ ။
ကိုးကား- နေ့စဉ်ထုတ် သတင်းစာများ။
- Log in to post comments