
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ
၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့
ပေးပို့သော သဝဏ်လွှာ
ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ထုတ်ဖော်ပြသ ခဲ့သော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သည့် ပြည်ထောင်စုနေ့ အခါသမယတွင် ပြည်ထောင်စုအတွင်း ချစ်ကြည်ရင်းနှီးစွာ အေးအတူ ပူအမျှ နေထိုင်လျက်ရှိကြ သည့် တိုင်းရင်းသားသွေးချင်းညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ် ပါသည်။
မြန်မာနိုင်ငံသည် တိုင်းတစ်ပါးနယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝရောက်ခဲ့ရပြီး လွတ်လပ်ရေးပြန်လည်ရရှိရန် နှစ်ပေါင်းများစွာ အသက်၊ သွေး၊ ချွေးများစွာရင်းနှီး၍ ကြိုးပမ်းခဲ့ရပါသည်။ ထိုသို့ကြိုးပမ်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက တောင်တန်း ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးရရှိရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုစွမ်းပကားကို အခိုင်အမာ ဖော်ကျူးပြသနိုင်ခဲ့ပါသည်။ ထိုသို့ တိုင်းရင်းသားအားလုံး၏ စည်းလုံးမှုကိုပြသနိုင်ခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက်ကို ပြည်ထောင်စုနေ့အဖြစ်
သတ်မှတ်ဂုဏ်ပြုခဲ့ရာ ယနေ့ဆိုလျှင် (၇၃)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ သည်။
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-
တိုင်းရင်းသားပြည်သူအားလုံး၏ အသက်၊ သွေး၊ ချွေးများစွာရင်းနှီး၍ ပြန်လည်ရယူခဲ့ရသော လွတ်လပ်ရေးကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ထား၍ တိုင်းရင်းသားအားလုံးက စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် အရေးကြီးပါသည်။
နစ်နာဆုံးရှုံးခဲ့ရ
ကိုလိုနီခေတ်တွင် နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်မှု၏ ဆိုးမွေကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ဖြစ်ပေါ်ခဲ့သော သံသယများနှင့် အယူအဆပိုင်းဆိုင်ရာ အမြင်ကွဲပြားမှုများကြောင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သည့်အတွက် ပြည်ထောင်စု ကြီး တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရပါသည်။ ပြည်ထောင်စုသားတိုင်းရင်းသား ပြည်သူအားလုံးတို့၏ လူမှုဘဝ နိမ့်ကျခဲ့ရပါသည်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခများ ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားခဲ့သည့် ဒေသများတွင် ဒေသဖွံ့ဖြိုးရေးလမ်းစများ မှေးမှိန်ပျောက်ကွယ်ခဲ့သည့်အပြင် အခြေခံလူ့အခွင့် အရေးများပါ နစ်နာဆုံးရှုံးခဲ့ရပါသည်။
ခေတ်အဆက်ဆက် အစိုးရများသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ် ကြိုးစားခဲ့ကြသော်လည်း လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံအကြောင်း တရားဖြစ်သော နိုင်ငံရေးပြဿနာများကိုဖြေရှင်းရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ မိမိတို့အစိုးရအနေဖြင့် ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီခိုင်မာရေး၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးတို့သည် အလွန်အရေးကြီးသည်ဟု ယုံကြည်သည့် အလျောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကဦးစားပေးလုပ်ငန်းစဉ်ကြီးတစ်ရပ်အဖြစ် သတ်မှတ်ကာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင် လျက်ရှိပါသည်။
ဘုံသဘောတူညီချက် (၅၁)ချက်
နိုင်ငံတော်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့အထိ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါ သည်။ နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် ဘုံသဘောတူညီချက်များရယူသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများကို သုံးကြိမ်တိုင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သောဘုံသဘောတူညီချက် (၅၁)ချက်ကို လည်း ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းများအဖြစ် ရရှိထားပြီး ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်ငြိမ်အေးချမ်းရေးတို့အတွက် အခြေခံအုတ်မြစ် မှာ ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းခံမူလမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၏ ပေါင်းစည်းမှု စွမ်းအားပေါ်တွင် အခြေခံပါသည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး လွန်ခဲ့သော (၇၃)နှစ် လွတ်လပ်ရေးအကြိုကာလက စည်းလုံးညီညွတ်မှုမျိုးဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါက ပြည်ထောင်စုတစ်ဝန်းလုံးတွင် ရေရှည် တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို မဝေးလှသောကာလ၌ မလွဲမသွေရရှိနိုင် မည်ဟု ယုံကြည်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-
နိုင်ငံတော်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဘဝလုံခြုံရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာမည် ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသား များ ဘေးကင်းလုံခြုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကျရာ အခန်းကဏ္ဍမှ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါသည်။
မြှင့်တင်ပေးရန်လိုအပ်
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တိုင်းရင်းသား လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ပြည်ထောင်စုတစ်ဝန်း လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်မှု ပိုမိုတိုးတက်မြင့်မားလာရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုအဆင်ပြေချောမွေ့စေရေး၊ ဒေသထုတ်ကုန်များ တိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာစေရေးတို့ကို နိုင်ငံတော်မှ အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်က အမျိုးသားအဆင့် ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်း မြင့်မားရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တစ်မျိုးသားလုံး၏ ဆိုးကျိုးကိုဖြစ်ပေါ်စေသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးနှင့် အဂတိတရားများကင်းစင်ရေးတို့တွင်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။
ဝိုင်းဝန်းကြိုးပမ်း
ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အသက်တမျှ အရေးပါလှ သည့်အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်၏ ပကတိအခြေအနေ၊ အနာဂတ်မျှော်မှန်းချက်တို့နှင့်ကိုက်ညီသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးလာသည်နှင့်အမျှ ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ရရှိခံစားနိုင်ပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီး တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-
ပြည်ထောင်စုအတွင်း တိုင်းရင်းသားအားလုံးသည် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ရင်းနှီးချစ်ကြည်စွာ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည့် အားလျော်စွာ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ ထုံးစံများကို မပျောက်ပျက်စေရန် အလေးထားထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှရှိရေးနှင့် လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုလည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား သံသယစိတ် ကင်းစင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှု တို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ စစ်မှန် သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေ စုပေါင်း တည်ဆောက်နိုင်မည်ဟု ခြွင်းချက်မရှိ ယုံကြည်ပါသည်။
သို့ပါ၍ ၂၀၂၀ ပြည့်နှစ်၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ် ဖြစ်သော-
(၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊
(၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊
(၃) တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသား များ ဘေးကင်းလုံခြုံရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊
(၄) မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုတင် တားဆီးကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်းတိုးတက်မြင့်မားစေရေး၊
(၅) စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊
တို့ကို အောင်မြင်အောင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဤပြည်ထောင်စုနေ့ အခါသမယတွင် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။