ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍရှိ ကုမ္ပဏီလုပ်ငန်းများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ချေးငွေထုတ်ပေးရေးကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်   နိုဝင်ဘာ   ၁၁  


ကိုဗစ်-၁၉   ရောဂါကြောင့်  ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊   ရုံးအမှတ်(၁)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


တက်ရောက်


အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော အလုပ်သမား ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်များ၊   ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍရှိ ကုမ္ပဏီ/လုပ်ငန်းများအား ချေးငွေ ထုတ်ပေးမည့် အစီအစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ချေးငွေထုတ်ပေးရေး အတွက် လျှောက်လွှာ ဆက်လက်လက်ခံနိုင်ရေးကိစ္စ နှင့် ဆက်လက်ဆောင်ရွက်မည့်   ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ 


ဆက်လက်၍  အစည်းအဝေး  တက်ရောက် လာကြသူများက ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး သက်ရောက်မှုများ  ကုစားရေးအတွက် ဝန်ကြီးဌာန အလိုက်   ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များ၊ ဝန်ကြီး ဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုစားရေး လုပ်ငန်းကော်မတီသို့ တင်ပြလာသည့်အချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်