New Views, Fresh Finds သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပ

 
 
ရန်ကုန် ဇန်နဝါရီ ၁၀
 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနက စီစဉ်ကျင်းပသည့် ရှားပါးအထောက်အထားများပြပွဲနှင့် New Views, Fresh Finds သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ အမှတ်(၆၀၄/၆၀၈) ကုန်သည်လမ်း(၃၁-၃၂) လမ်းကြား ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်အမှာစကား ပြောကြားသည်။
 
အခမ်းအနားသို့ မြန်မာသမိုင်းအဖွဲ့သမိုင်းပညာရှင်ဆရာကြီး ဆရာမကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
 
မျိုးဆက်သစ်များတွင် တာဝန်ရှိ
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာသမိုင်းအဖွဲ့ သမိုင်းပညာရှင်ကြီးများကို ကျန်းမာစွာတွေ့ရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်းနှင့် မိမိတို့အနေဖြင့် စာကြည့်တိုက်များနှင့် ကင်းကွာခဲ့ပါကြောင်း၊ ယခု အခါ နိုင်ငံတော်၏လမ်းညွှန်မှုဖြင့် နိုင်ငံတကာနည်းတူ ကျောင်းသားဗဟိုပြု ပညာရေးစနစ်ကို ဦးတည်သွားနေပါသဖြင့် စာကြည့်တိုက်အသုံးပြုမှု ပိုမိုတိုးတက် များပြားလာပါကြောင်း၊ ယခင်အမျိုးသားစာကြည့်တိုက်သည် ရန်ကင်းမြို့နယ် တွင် ဖွင့်လှစ်ထားပြီး အဆောက်အဦတည်နေရာသည် အများပြည်သူ၏ မြင်ကွင်းနှင့်ဝေးကွာနေသည့်အတွက် စာဖတ်သူပြည်သူများ အလွယ်တကူ လာရောက်ဖတ်ရှုရန် ခက်ခဲမှုရှိခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့လယ်တွင်ရှိသည့် အမှတ် (၆၀၄/၆၀၈) ယင်းအဆောက် အဦကို ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှစ၍ အဆောက်အဦပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများ၊ နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်စနစ်များ ထည့်သွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေတို့ကိုလည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့က လာရောက်ကြည့်ရှုခဲ့ပြီး လမ်းညွှန်ချက်များ အသီးသီးပေးခဲ့ပါကြောင်း၊ စာကြည့်တိုက်ဆိုသည်မှာ မျိုးဆက် သစ်များအတွက် ပညာဗဟုသုတရှာမီးရာ၊ တတ်သိပညာရှင်များ မွေးထုတ်ပေးရာ ဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ အသက်အရွယ်မျိုးစုံ ဆွေးနွေးရာ၊ အသိပညာရှာဖွေ ရာ ဗဟိုဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ ထို့အတွက် ပညာဘဏ်တိုက်ကြီးအဖြစ် အစဉ်ရှင်သန်နေရန် အားလုံးကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ဆရာကြီးများ သက်ရှိထင်ရှားရှိနေစဉ် ပညာအမွေကို လက်ဆင့်ကမ်းရန် မျိုးဆက်သစ်များတွင် တာဝန်ရှိပါကြောင်း ပြောကြားသည်။
 
လေ့လာကြည့်ရှု
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ကျင်းပသော “New Views, Fresh Finds” သုတေသနစာတမ်းဖတ်ပွဲကို တက်ရောက်ပြီး “ရှေးဟောင်းရှားပါး အထောက်အထားများပြပွဲ”ကို လေ့လာကြည့်ရှုသည်။
ယနေ့ကျင်းပသည့် “New Views, Fresh Finds” သုတေသနစာတမ်းဖတ်ပွဲ တွင် ဒေါက်တာခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ ဦးထွန်းအောင်ချိန်နှင့် ဦးစိုင်းအောင်ထွန်းတို့က သုတေသနစာတမ်းများကို ဖတ်ကြားကြရာ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
 
ရှားပါးအထောက်အထားများပြပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ သုံးရက်တာကျင်းပလျက်ရှိပြီး၁၉၃၈ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် မြန်မာ့သမိုင်းဆိုင်ရာ အထောက်အထား ရှားပါးစာအုပ်များကို ပြသလျက်ရှိကြောင်း သိရသည်။
 
 
သတင်းစဉ်