
မြောက်ဦး အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ယာယီဖွင့်လှစ်ထား သော နေရပ်စွန့်ခွာစခန်းများရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက သတ်မှတ်စုရပ်နေရာများ၌ အောက်တိုဘာ ၉ ရက်က ဆက်လက်ထိုးနှံ ပေးသည်။
ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းဟောင်းနှင့် ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းသစ်တို့၌ ယာယီဖွင့်လှစ်ထားသော နေရပ်စွန့်ခွာစခန်းများမှ အသက် ၁၈ နှစ်အထက် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်းများနှင့် သွေးတိုး/ ဆီးချိုရောဂါစသည့် ရောဂါများရှိ/မရှိတို့ကို စနစ်တကျစစ်ဆေးပြီး ကျန်းမာရေးအသိပညာပေး ရှင်းလင်း ဟောပြောခြင်းများ ပြုလုပ်ပြီးမှ ကာကွယ်ဆေးများ ထိုးပေးခြင်း ဖြစ်သည်။
ကာကွယ်ဆေးထိုးပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ နှင့်အတူ အောင်တပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နေရပ်စွန့်ခွာစခန်း တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ပေးရာ နေရပ်စွန့်ခွာစခန်းနှစ်ခုမှ ပြည်သူ ၁၉၆ ဦးကို ကာကွယ်ဆေးများထိုးပေးနိုင်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)